ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို နှစ်ပတ်အကြာရပ်နားမယ်လို့ပြော

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူးသန်းမှုတွေပြုလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို အခုလ ၁၅ ရက်နေ့ကစတင်ပြီး ၃၁ ရက်နေ့အထိ နှစ်ပတ်အကြာ ယာယီရပ်နားထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းမှုတွေ ပြုလုပ်နေကြတဲ့ ကုန်သွယ်ရေးခစန်းနှစ်ခုရှိပြီး အဲ့ဒီစခန်းတွေကတော့ စစ်တွေရွှေမင်းဂံစခန်းနဲ့ မောင်တော ကညင်ချောင်းစခန်းတို့ ဖြစ်ကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှုနှုန်း မြင့်မားလာနေပြီး သေဆုံးသူတွေလည်း တိုးလာနေတဲ့အတွက် ရောဂါပိုးကူးစက်မှုတွေ လျော့နည်းစေဖို့ အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ယာယီရပ်နားထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှာ ကူးစက်ခံထားရသူတွေကို ပြီးခဲ့တဲ့မေလကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီလူတွေဟာ စစ်တွေမြို့ရွှေမင်းဂံစခန်းမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေတဲ့ ကုန်သင်္ဘောတွေက သင်္ဘောသားတွေဖြစ်ကြပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ မေလကနေ ယနေ့အထိ ကိုဗစ် ၁၉ ပိုးကူးစက်ခံရတဲ့ သင်္ဘောသားပေါင်း ၇၀ ကျော်တွေ့ရှိထားပြီးဖြစ်ကာ တစ်ဖြည်းဖြည်း ဒေသတွင်းကူးစက်မှုတွေလည်း မြင့်တက်ခဲ့သလို သေဆုံးသူအနည်းဆုံး ၁၀ ဦးကျော်ထိရှိလာနေပြီလို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုဗစ် ၁၉ တတိယလှိုင်းဟာ ရခိုင်ပြည်နယ်အပြင် နိုင်ငံအဝှမ်းမှာ ဖြစ်ပွားနေကြတာ ဖြစ်တဲ့အတွက် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့ လွန်ခဲ့တဲ့နှစ်ပတ်ကတည်းက အဲ့ဒီ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပိတ်သိမ်းဖို့အတွက် ပြည်နယ်ကောင်စီအနေနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့ အခု ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကို ရပ်စဲထားမယ်။ အဲ့ဒီကာလကြားထဲမှာ ပြန်ဖွင့်မယ့်ရက်ကို သတ်မှတ်နိုင်ရင် ပြန်ကြေညာမယ်။ အခြေအနေအရပ်ရပ်ကို ကြည့်ပြီးတော့ ဆက်လက်ပြီးတော့ ရပ်ထားဖြစ်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော် ပြန်ကြေညာပါမယ်ခင်ဗျား၊"လို့ ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ကိုဗစ် ၁၉ ဒုတိယလှိုင်း အပြင်းအထန် ဖြစ်ပွားခဲ့တဲ့အချိန်မှာ ပိတ်သိမ်းထားခဲ့ရာကနေ ဒေသတွင်းစီးပွားရးလုပ်ငန်းတွေ ပြန်လည်လည်ပတ်စေဖို့အတွက်ဆိုပြီး ဧပြီလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း စီးပွားရေးအကျပ်အတည်းတွေကို တစ်စုံတစ်ရာဖြေရှင်းနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးခစန်းတွေကို ဖွင့်ပေးလိုက်ပြီးမကြာခင်မှာဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ် တတိယလှိုင်း စတင်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင်း အဲ့ဒီနိုင်ငံကို ကုန်စည်သွားရောက်ပို့ဆောင်ခဲ့တဲ့ ရေယာဉ်လုပ်သားတွေမှာ ပိုးကူးစက်ခံရသူတွေကို ရခိုင်ပြည်နယ်အတွင်း စတင် တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာနေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးခန်းတွေကို ယာယီရပ်နားထားတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး နှစ်ပတ်တာ ရပ်စဲထားခြင်းက လုပ်ငန်းတွေကို မထိခိုင်နိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းရတဲ့အခြေအနေထိ ရောက်လာခဲ့လို့ရှိရင်တော့ ထိခိုက်မှုတွေ ရှိလာမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များအသင်း ဥက္ကဣ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် အဲ့ဒီစခန်းနှစ်ခုကို ပိတ်သိမ်းထားခဲ့ရတဲ့အတွက် ဒေသတွင်းကထွက်တဲ့ ကြက်သွန်၊ ချင်းစိမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေအပြင် စက်မှုထုတ်ကုန်တချို့တို့အတွက် ဈေးကွက်မရှိတော့တဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ကုန်သွယ်ရေးစခန်းတွေကို ရပ်နားဖို့အတွက် တစ်ပတ်လောက်ကြိုပြီးတော့ ကုန်သည်တွေကိုလည်း အသိပေးနိုင်တဲ့အတွက် ဒါကတော့ အထိုက်အသင့်တော့ အဆင်ပြေပါတယ်။ ရေရှည်မပိတ်ဖို့ပဲလိုပါတယ်။ ရေရှည်ပိတ်သွားပြီဆိုရင်တော့ ထိခိုက်မှုတွေက တော်တော်လေးများတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ကိုဗစ်တုန်းကလည်း စခန်းတွေပိတ်လိုက်တော့ ဟိုဘက်မှာ ကျွန်တော်တို့နိုင်ငံကသွားတဲ့ ကြက်သွန်တို့ဘာတို့ဆိုရင် ဈေးကွက်လုံးဝပျောက်သွားတော့ ကုန်သည်တွေလည်း နစ်နာတယ်။ နောက် အလုပ်အကိုင်အခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးနဲ့ လုပ်ကိုင်နေကြတဲ့သူတွေလည်း တော်တော်လေးကိုထိခိုက်သွားတယ်။"လို့ ဦးတင်အောင်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်းကိုဗစ် ၁၉ ကူးစက်မှုတွေမြင့်မားနေပေမယ့် နယ်စပ်ကုန်သွယ်ရေးကြောင့် အဲ့ဒီရောဂါကူးစက်ပျံ့နှံ့မှုဖြစ်တယ်လို့ ပြောလိုမရသလို လတ်တလောမှာလည်း ကျောင်းတွေကိုပါ ယာယီပိတ်ထားသလို လူထုတွေရဲ့စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အတွက် ပြည်သူတွေရဲ့ စိတ်လုံခြုံမှုဖြစ်အောင် ပိတ်ထားဖို့ ပြင်ဆင်တာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ကုန်စည်ပို့ဆောင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ် တတိယလှိုင်းဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေအပေါ် ကူးစက်မှုတွေမဖြစ်ရအောင် နယ်စပ်ကုန်သွယ်ရေးစန်းတွေကို စောင့်ကြည့်တင်းကျပ်မှုတွေပြုုလုပ်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ရေယာဉ်လုပ်သားတွေကို ရေထဲမှာပဲ ကော်ရန်တင်းထားပြီးတော့ ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ တင်ပို့နေရတဲ့ကုန်စည်တွေကတော့ လယ်ယာထွက်ကုန်နဲ့ စက်မှုထွက်ကုန်တွေထဲက စားသောက်ကုန်တချို့ကိုသာ တင်ပို့နေတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အိမ်အသုံးအဆောင်ပစ္စည်း နည်းပါးပါးကိုသာ တင်ပို့တာရှိတယ်လို့ ကုန်သည်တွေဆီကနေသိရပါတယ်။

အဲ့ဒီကုန်သွယ်ရေးစခန်းတွေကို ပိတ်လိုက်ခြင်းအားဖြင့် တခြားဒေသတွေက ကုန်သွယ်ရေးစခန်းတွေလို လက်ရှိပြည်တွင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ထိခိုက်မှုမရှိနိုင်ဘူးလို့ သုံးသပ်ပြောဆိုကြပါတယ်။