သက်သေခံ စာရွက်နှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ့ကန့်ကွက်မှု တရားရုံးကပယ်ချ

ရေးသားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှု အတွက် သက်သေခံတင်သွင်းတဲ့ စာရွက်စာတမ်း နှစ်စောင်ကို သီးသန့်တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က သက်သေခံအဖြစ် တင်သွင်းခဲ့ပါတယ်။

အဲ့ဒီ့စာရွက်တွေ ထုတ်ပြန်ခဲ့တဲ့ ရက်စွဲကတော့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်တို့ ဖြစ်ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့က‌ အဲ့ဒီအချိန်မှာ နေပြည်တော်က နေအိမ်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ကာလတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာတွေမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာပဲ ပါပြီး မည်သူ တစ်ဦးတစ်ယောက်ကမှ လက်မှက်ထိုးပြီး ထုတ်ပြန်တာမျိုးကိုလည်း မတွေ့ရတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွပ်စွဲခံရသူရှေ့နေတွေဘက်က သက်သေခံစာရွက်တွေကို ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်လို့‌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒါပေမယ့် တရားရုံးကတော့ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့မှာ တရားလိုဘက်က တင်သွင်းခဲ့တဲ့ စာရွက်တွေကို သက်သေခံဖြစ်တင်သွင်းတာကို လက်ခံခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေက နိုင်ငံတကာသံရုံးတွေ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပေးပို့ခဲ့တဲ့စာကို သက်သေခံ အဖြစ် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြတဲ့ စာရွက်တွေကို တရားရုံးတင်သွင်းခဲ့ပြီး အမှုအတွက် သက်သေခံ (က) အဖြစ်တရားရုံးက လက်ခံခဲ့ပါတယ်။

ဒါ့အပြင် NLDပါတီက ထုတ်ပြန်တဲ့ ကြေညာချက် ၆/၂၀၂၁ နဲ့ပတ်သက်ပြီးလည်း သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲမှု အတွက် သက်သေခံ (ခ )အဖြစ် တရားရုံးက လက်ခံခဲ့ပါတယ်။

ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ပြီး အထက်တရားရုံးကို ပြင်ဆင်မှုတက်မှာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲ အထက်တရားရုံးကို ပထမဆုံး ပြင်ဆင်မှုတက်တဲ့ အမှုဖြစ်လာပါတယ်။

သမ္မတ အပါအဝင် သုံးဦး စွဲဆိုခံထားရတဲ့ ဒီအမှုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၃ ဦးဟာ ထိန်းသိမ်းခံထားရချိန်မှာ ထပ်တိုးလာတဲ့ အမှုတစ်ခုလည်း ဖြစ်ပါတယ်။

သက်သေခံ (က) အဖြစ် တင်သွင်းတဲ့စာထဲမှာ စစ်အာဏာသိမ်းအစိုးရနဲ့ မပူးပေါင်းဖို့နဲ့ ဦးဝင်းမြင့်သာလျှင် သမ္မတ ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

နောက်ထပ် သက်သေခံ (ခ)အဖြစ် တင်သွင်းလာတဲ့ စာတစ်စောင်ကတော့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD က ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ အဲဒီကြေညာချက်အမှတ် ၆/၀၂/၂၀၂၁ မှာလည်း ဥပဒေပြုရေးအာဏာဟာ CRPH မှာပဲ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်၊ညွှန်ကြားချက်နဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးလို့ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက် နှစ်စောင်ကို တရားလိုဘက်က သက်သေအဖြစ် တင်သွင်းလာမှုကို ဥပဒေအရာရှိက သက်သေခံအဖြစ် တင်သွင်းသင့်တယ်လို့ လျှောက်လဲချက်ပေးပြီး တရားရုံးကလည်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွပ်စွဲခံရသူတွေဘက်ကတော့ ဒီသက်သေခံစာရွက်တွေကို သက်သေခံဥပဒေနဲ့ အညီ တင်သွင်းတဲ့ စာရွက်စာတမ်း မဟုတ်ဘူးဆိုတဲ့ အချက်အလက်တွေနဲ့ ကန့်ကွက်ခဲ့တာပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက် လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီးတော့ ရုံးချိန်းမှာ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ တင်ပြရာမှာ တရားသူကြီးဘက်ကလည်း လက်ခံတယ်လို့ ရှေ့နေ့အဖွဲ့က ပြောခဲ့ပါတယ်။

ဒါ့အပြင် အမှုတွေကို တစ်ပတ်ခြား မဟုတ်တော့ဘဲ ဇွန်လလယ်က စပြီးတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါ တိုင်း ရုံးချိန်းရှိမယ်။ တနင်္လာ နေ့မှာ ၃မှု ၊ အင်္ဂါ နေ့မှာ ၂ မှု စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်က ပြောခဲ့ပါတယ်။

ဒီက‌နေ့ ဇွန်လ ၂၉ ရက်နေ့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သက်သေခံတွေ ကန့်ကွက်တာကို တရားရုံးက လက်မခံလို့ အထက်တရားရုံးကို ပြင်ဆင်မှုတက်မှာလည်း ဖြစ်တဲ့အတွက် အမှုဟာ ပုံမှန် ခန့်မှန်းတာထက် ပိုကြာဖို့လည်း ရှိနေပါတယ်။