ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေရောက် မြန်မာဆရာဝန်ကြီးတွေက မြန်မာ ဆေး ကျောင်းသားတွေကို အွန်လိုင်းက စာသင်
ယူကေမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ အထူးကု မြန်မာသမားတော်ကြီးတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံ ဆေးတက္ကသိုလ် ၅ ခုက နောက်ဆုံးနှစ်ကျောင်းသားတွေအတွက် သင်တန်းတွေကို မေလ ၂၉ ရက်နေ့က စတင်ပို့ချနေပြီး သင်တန်းတက်လိုသူတွေ များလို့ တချို့ တက်ရောက်ခွင့်မရ ဖြစ်ခဲ့ရတယ်လို့ သင်တန်းစီစဉ်သူတွေဆီက သိရပါတယ်။
ဒီဆေးပညာသင်တန်းကို အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ယူကေရောက် မြန်မာဆရာဝန်ကြီးတွေ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
ပထမဆုံး စတင်တဲ့ သင်တန်းရက်မှာပဲ တက်ရောက်ချင်သူ များလွန်းတဲ့ အတွက် မူလက ခန့်မှန်းထားတဲ့ သင်တန်းသားဦးရေ ၁၀၀၀ ထက် ကျော်လွန်သွားခဲ့လို့ နောက်ပိုင်းမှ ဝင်လာသူတွေ တက်ခွင့်မရခဲ့ဘူးလို့ စီစဉ်သူတွေက ပြောပါတယ်။
ဒါကြောင့် တက်ရောက်လိုသူအားလုံး သင်ယူခွင့်ရအောင် Youtube ဒါမှ မဟုတ် တခြားနည်းလမ်းတွေက တစ်ဆင့် သင်ခန်းစာတွေ ပို့ချနိုင်အောင် ကြိုးစားသွားမယ်လို့ သင်တန်းစီစဉ်သူတွေက ပြောပါတယ်။
ဘာသင်ခန်းစာတွေ ဘယ်လို သင်တာလဲ
စာသင်ချိန် တစ်ချိန်ကို တစ်နာရီကြာသတ်မှတ်ပြီး Zoom ကနေ သင်ကြားပေးမှာ ဖြစ်ပါတယ်။
စနေနဲ့ တနင်္ဂနွေနေ့တွေတိုင်း တစ်ရက်ကို နှစ်ချိန်နဲ့ တစ်ပတ်မှာ လေးကြိမ် သင်ကြားပို့ချပေးမှာပါ။ ကျောင်းသားတွေ လိုအပ်တဲ့အချိန်အထိ ဆက်လက် သင်ပေးသွားမယ်လို့ ဆိုပါတယ်။
ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတွေ သင်ရတဲ့ အထွေထွေဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ဆေးပညာနဲ့ ကလေးအထူးကု ဆေးပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာအလိုက် ကျွမ်းကျင်သူ ဆရာဝန်ကြီးတွေက သင်ပေးဖို့ အချိန်ဇယားဆွဲထားပြီးပြီလို့ ကိုယ်တိုင် ပါဝင် သင်ကြားပေးမယ့် ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာ ကြည်ကြည်ညွန့်က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အတွက် ပြဌာန်းထားတဲ့ သင်ရိုးကို အခြေခံပြီး ရေးဆွဲထားတဲ့ ဘာသာရပ် လေးခုကို သင်ပေးမှာ ဖြစ်တယ်လို့ ပါဝင်သင်ကြားပေးဖို့ စာရင်းပေးထားတဲ့ သမားတော်ကြီးတွေက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် လက်ရှိ နောက်ဆုံးနှစ်ဆေးကျောင်းသားတွေဟာ အခုအချိန်မှာ သက်ဆိုင်ရာ ဆေးရုံအသီးသီးမှာ အလုပ်သင်ဆရာဝန်တွေ အဖြစ် လက်တွေ့ ပညာသင်ရင်း တာဝန်ထမ်းဆောင်နေကြမှာပါ။ အခုတော့ သူတို့ရဲ့ လိုအပ်ချက် ကွက်လပ်ကို ယူကေရောက် ဆရာဝန်ကြီးတွေက ဖြည့်ဆည်းပေးတဲ့အနေနဲ့ ဒီလို သင်ကြားပေးတာလို့ ဒေါက်တာကြည်ကြည်ညွန့်က ပြောပါတယ်။
လေ့လာ သင်ကြားမှုတွေကို သူတို့ရဲ့ လူမှု အသိုင်းအဝိုင်းထဲမှာ လက်တွေ့ ပြန်လည်အသုံးချပြီး ပြည်သူတွေကို ကူညီစောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ သင်ကြားပေးရာမှာ စာတွေ့၊ သီအိုရီတွေအစား လက်တွေ့ ဆေးပညာတွေကို သင်ပေးမယ်လို့ လည်းဆိုပါတယ်။
အသိအမှတ်ပြုလက်မှတ်ရမလား
ကျောင်းသားတွေကို သင်ပေးတဲ့ နေရာမှာ ပညာရပ်ပိုင်းဆိုင်ရာ တတ်မြောက်သွားရုံ သက်သက် မဟုတ်ဘဲ အသိအမှတ်ပြု အောင်လက်မှတ် ထုတ်ပေးနိုင်ရေးကိုလည်း အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနဲ့ ယူကေက သင်ကြားပေးမယ့် ဆရာဝန်ကြီးတွေအကြား ညှိနှိုင်းတိုင်ပင်နေတယ်လို့ ဒေါက်တာ ကြည်ကြည်ညွန့်က ပြောပါတယ်။
ဒါ့အပြင် အခု သင်တန်းတွေတက်ပြီး အောင်လက်မှတ် ရလာသူတွေကို နိုင်ငံတကာ အသိအမှတ်ပြု ခံရတဲ့အထိ ဖြစ်လာအောင်လည်း ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပြီး ဒါကတော့ အချိန်ယူ ရနိုင်တယ်လို့ ဒေါက်တာကြည်ကြည်ညွန့်က ပြောပါတယ်။
ဘယ်သူတွေ တက်ခွင့်ရမလဲ
ဆေးပညာသင်ခန်းစာတွေ တက်ရောက် သင်ယူလိုတဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသား ဘယ်သူမဆို တက်နိုင်ပြီး သက်ဆိုင်ရာ ဆေးကျောင်းတွေရဲ့ ကျောင်းသားသမဂ္ဂတွေက တစ်ဆင့် အွန်လိုင်း သင်တန်း လင့်ခ်တွေကို ရယူနိုင်တယ်လို့လည်း ယူကေက သင်တန်း စီစဉ်သူ ဆရာဝန်ကြီးတွေက ပြောပါတယ်။ ကြိုတင်စာရင်းပေးစရာလည်း လိုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သင်တန်းတက်မယ့် သူတွေကိုတော့ သက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ကျောင်းသား သမဂ္ဂတွေက စိစစ်ကောင်း စိစစ်ဖွယ် ရှိနိုင်ပါတယ်။
ပြည်တွင်းမှာ မန္တလေး ဆေးတက္ကသိုလ်က ဆရာတချို့ ကြီးမှူး ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသင်တန်းကို စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက လူတချို့ လာတက်ခဲ့ပြီး ဝေဖန်ပြောဆို နှောင့်ယှက်ခဲ့ဖူး တာ ရှိခဲ့ပေမဲ့ အခု မေလ ၂၉ ရက်နေ့ ယူကေဆရာဝန်ကြီးတွေရဲ့ သင်ကြားမှုမှာတော့ တစုံတရာ အနှောင့်အယှက် မရှိဘူးလို့ ဆရာဝန်ကြီးတွေက ပြောပါတယ်။
လောလောဆယ်မှာ သင်ပေးနိုင်တဲ့ ဆရာတွေရဲ့ အင်အားအရ နောက်ဆုံးနှစ်ကျောင်းသားတွေကိုသာ သင်ပေးနိုင်တဲ့ အခြေအနေရှိပြီး နောက်ပိုင်းမှာ တခြား အတန်းတွေကိုပါ သင်ပေးနိုင်ဖို့ ကြိုးစားမယ်လို့လည်း သူတို့က ပြောပါတယ်။
လောလောဆယ်မှာ သင်တန်းပို့ချပေးဖို့ စာရင်းပေးထားတဲ့ အထူးကု သမားတော်ကြီး ၁၀၀ ကျော် ရှိနေပါတယ်။
သင်ခန်းစာတွေ သင်ကြားပေးမယ့် ယူကေက ဆရာဝန်ကြီးတွေ ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်ဖော် ပြောမှာ မဟုတ်သလို သင်တန်းတက်မယ့် ကျောင်းသားတွေဘက်ကလည်း သူတို့ မျက်နှာတွေကို အွန်လိုင်းမှာ မဖော်ပြချင်ရင် ဖော်ပြစရာ မလိုဘူးလို့ သင်တန်းစီစဉ်သူတွေက ပြောပါတယ်။