ထားဝယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူး‌‌ဟောင်း၂၇ ဦးကို ဖမ်းထားပြီး ပြန်လွှတ်

ရေးသားခဲ့သည်။

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ထားဝယ်မြို့ပေါ် ၁၄ ရပ်ကွက်နဲ့ ကျေးရွာ ၁၃ ရွာက အုပ်ချုပ်ရေးမှူး‌ဟောင်း ၂၇ ဦးဟာ မေလ ၂ ရက်နေ့ မှာ အားလုံး ပြန်လွတ်လာကြပြီဖြစ်ပါတယ်။

ဧပြီ ၂၉ ရက်နေ့က စတင်ပြီး သုံးရက်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အချိန်အတွင်း နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိသလားလို့ အဓိက မေးမြန်းတာ ခံခဲ့ရတယ်လို့ အဖမ်းခံခဲ့ရသူတွေက ပြန်ပြောပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းချက်တွေထဲမှာ ဘယ်တုန်းက အုပ်ချုပ်ရေးမှုး ဖြစ်ခဲ့ပြီး ဘယ်တုန်းက တာဝန်ရပ်စဲခံခဲ့ကြရလဲ ဆိုတာတွေပါဝင်ပါတယ်။

ကိုယ်ရေး အချက်အလက် အကျဉ်းကိုလည်းဖြည့်ကြရပါတယ်။ နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိပြီးတဲ့နောက်မှာ ပြန်လွှတ်တာဖြစ်ပါတယ်။

ပြန်လွှတ်ဖို့ ခံဝန်ချက် မထိုးခဲ့ရပေမဲ့ သူတို့ လိုအပ်တဲ့ အချိန်မှာ အကူအညီ တောင်းရင် ပေးရမယ်လို့ မှာလိုက်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်က ပြန်ပြောပါတယ်။

ဘယ်လို အကူအညီမျိုးလဲ ဆိုတာကိုတော့ သူတို့မမေးခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီက တာ၀န်ကနေ ရပ်စဲခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးသွားတဲ့ အခြေအနေ

အုပ်ချုပ်ရေးမှူး ဟောင်းတချို့ကို စစ်တပ်က အိမ်တိုင်ရာရောက် သွားဖမ်းခေါ် ခဲ့ပြီး တချို့ကိုတော့ ဖုန်းဆက်ခေါ်တယ်လို့ ထိန်းသိမ်းခံခဲ့ရသူတွေက ဘီဘီစီကို ပြောပါတယ်။

တခြား ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီရဲ့ ပြုမူလုပ်ဆောင်တာတွေကြားနေရတဲ့အတွက် ဘယ်ကိုများခေါ်သွားမလဲ၊ ဘယ်မှာချုပ်ထားမလဲ၊ ပြန်လွှတ်ပါ့မလား ဆိုပြီး စစ်သားတွေက အိမ်မှာ လာခေါ်ခဲ့ချိန်က အလွန်အမင်း စိုးရိမ်ထိတ်လန့်ခဲ့မိတယ်လို့ လည်းပြောပါတယ်။

မြို့မ ရဲစခန်းကို ရောက်တော့ လုပ်ဖော်ကိုင်ဖက် အုပ်ချုပ်ရေးမှူးတွေကို တွေ့လိုက်ရလို့ စိက်သက်သာရာ ရပြီး နည်းနည်း အားရှိသွားကြတယ်လို့ ပြောပါတယ်။

ဆယ်ယောက်လောက်ကို အိမ်တိုင်ရာရောက်ခေါ် ပြီး နောက်ပိုင်းမှာ ရဲစခန်းရောက်မှ အုပ်ချုပ်ရေးမှူးတွေ အချင်းချင်း ဖုန်းနဲ့ ဆက်သွယ် ခေါ်ခိုင်းတာဖြစ်ပါတယ်။

ဖမ်းထားချိန်မှာ ဖုန်းသုံးခွင့်၊ အချင်းချင်းစကားပြောခွင့်ရတယ်လို့လည်း ပြောပါတယ်။

အချုပ်ခန်းထဲမှာ ချုပ်ထားပြီးစစ်တဲ့ ပုံစံမျိုးနဲ့ စစ်တာ မဟုတ်။ အခန်း နှစ်ခန်းခွဲပြီး ခုံ သုံးခုံလောက်စီ တွေ ချထားပြီး လူတွေကို မေးမြန်းတာဖြစ်လို့ တခြားသူတွေကို မေးတာ ပြောတာတွေလည်း ကြားနေရတယ်လို့ဆိုပါတယ်။

ထားဝယ်မြို့နယ်အတွင်းက တချို့ရွာတွေမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက သူတို့ကို တာဝန်ပေးလိုက်တဲ့နေ့မှာပဲ တာဝန်မထမ်းဆောင်ဘူးဆိုပြီး စာတင်ထားကြသူတွေ ရှိတယ်လို့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်က ပြောပါတယ်။

မြို့ပေါ်မှာဆို စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံး သုံးရုံးလောက်သာ လည်ပတ်လုပ်ကိုင်နိုင်ပြီး အများစုက လုပ်ငန်းလည်ပတ်မှု မရှိဘူးလို့လည်း သိရပါတယ်။

ထားဝယ်က ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ တခြားအဖမ်းအဆီးများ

ထားဝယ်မြို့ပေါ်မှာ လူငယ်တွေ ဦးဆောင်ပြီး ပြောက်ကျားသပိတ် ပုံစံမျိုးနဲ့ ဆန္ဒပြတာတွေက မနက်၊ နေ့လယ်၊ ညသပိတ် စသဖြင့် နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။

မြို့ထဲမှာ ပစ်ခတ်တာတွေကိုတော့ အခုရက်ပိုင်းမှာ ညတိုင်းလိုလိုကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မေလ ၂ ရက်နေ့ ညကလည်း ပစ်ခတ်သံ ပေါက်ကွဲသံတွေကို မြို့ခံတွေကြားရတယ်လို့ ဆိုပါတယ်။

အဖမ်းအဆီးတွေကလည်း နေ့စဉ်လိုလိုရှိနေပြီး မေလ ၁ ရက်နေ့ စနေနေ့က ဆိုင်ကယ်စီးလာတဲ့ လူငယ်လေး တစ်ယောက်ကို သူ့လက်ပေါ်မှာ နွေဦးတော်လှန်ရေး တက်တူးပုံ တွေ့လို့ ဖမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ တုန်းကလည်း မနက်စောစော အချိန်မှာ ရပ်ကွက်ထဲက နေအိမ်တွေထဲဝင်ပြီး ဖမ်းဆီးသွားတဲ့ ၅ ယောက်ထဲက ၃ ယောက် ပြန်လွတ်လာပေမဲ့ မြောင်းပုလဲ ရပ်ကွက်က ကိုအောင်ထက်ပိုင်နဲ့ ကိုဇာနည်အောင် ဆိုတဲ့ ညီအစ်ကို နှစ်ယောက် ကတော့ အခုချိန်ထိ မလွတ်သေးပါဘူး။