ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီလ ၁ ရက်နေ့ ကလေး၊ ဂန့်ဂေါအနီးဝန်းကျင်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား
ကလေးမြို့နဲ့ ဂန့်ဂေါမြို့သွားကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေနဲ့ အရပ်သားလက်နက်ကိုင်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ကားလမ်းဘေးမှာရှိတဲ့ နတ်ချောင်းကျေးရွာမှာ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နတ်ချောင်းကျေးရွာကနေ ကားလမ်းအတွင်းဘက် တစ်မိုင်လောက်အကွာမှာ ငဖားကျေးရွာရှိပါတယ်။ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ နတ်ချောင်းနဲ့ ငဖားအကြား တစ်နေရာမှာ မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် အကျအဆုံးရှိတယ်လို့ သတင်းမကြားသိရပါဘူး။
နေ့လယ် ၁ နာရီပတ်ဝန်းကျင်မှာတော့ ကမ်းပါးနီတံတားအနီးမှာ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အနီးကပ်ဆီးကြိုတိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်တယ်လို့ ကြားသိရပေမဲ့ အချက်အလက် အသေးစိတ်မသိရသေးပါဘူး။
နတ်မြောင်းကျေးရွာမှာ မနေ့ကအထိ စစ်သား ၂ ယောက်ကို ဖမ်းမိထားပြီး ဒီနေ့ နောက်ထပ် ၃ ယောက် ဖမ်းဆီးမိပါတယ်။ တိုက်ပွဲသတင်းထပ်မံမကြားသိရဘဲ နောက်ထပ်စစ်သား ၃ ယောက်ကို ဘယ်လိုဖမ်းမိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဖမ်းမိစစ်သား ၅ ယောက်ကို ရွာသားတွေက ကွင်းပြင်ထဲထုတ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သတင်းကြားသိရပါတယ်။ သူတို့ကို ဘယ်လိုစီစဥ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
ညနေ ၄ နာရီလောက်အချိန်မှာတော့ ကလေးမြို့ပေါ်က အင်းဝဘဏ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ကလေးဘူတာအနောက်ဘက်က စာရင်းစစ်ရုံးမှာလည်း သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူ ဘယ်သူဆိုတာ မသိရပေမဲ့ ရွာတွေဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အဆက်အစပ်ရှိနိုင်တယ်လို့ ကလေးမြို့ပေါ်ကလူတွေက ခန့်မှန်းကြပါတယ်။ ကျေးရွာတွေဘက်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတဲ့အတွက် မြို့ပေါ်မှာ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်လာတာလို့ ယူဆကြပါတယ်။
အဲသလိုတိုက်ခိုက်မှုတွေရှိလာတဲ့အတွက် ကလေးမြို့ ထောက်ပို့တပ်ရှေ့ရပ်ထားတဲ့ စစ်ကားတွေဟာ စာရင်းစစ်ရုံးဘက်မှာ နေရာယူစောင့်ကြပ်နေကြပါတယ်။ ပခုံးထမ်းလောင်ချာတွေကိုင်ဆောင်ပြီး အင်အားအပြည့်ပြသထားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ကလေး၊ ဂန့်ဂေါလမ်းပေါ်က သံဖို၊ ချောင်းခွကျေးရွာအနီးမှာတော့ စစ်ကောင်စီရဲ့စစ်သား ၃၀ လောက်ကို အရပ်သား လက်နက်ကိုင်တွေက ဝိုင်းထားပါတယ်။ ရွာသားတွေက အပြီးသတ်အနိုင်ရလုဆဲဆဲအခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ညနေ ၄ နာရီခွဲလောက်အချိန်မှာ ဂန့်ဂေါဘက်က စစ်ကူကား ၃ စီးရောက်လာပါတယ်။ ရွာသားတချို့လမ်းကတားဆီးဖြတ်တိုက်မှုလုပ်ပေမဲ့ စစ်သားတွေက လောင်ချာတွေ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေက မဟန့်တားနိုင်ခဲ့ပါဘူး။ လောင်ချာတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုဟာ အချက်ပေါင်း မရေတွက်နိုင်လောက်အောင် များပြားတယ်လို့ ဆိုပါတယ်။
စစ်ကူကားတွေဟာ သံဖို၊ ချောင်းခွကျေးရွာဘက်ရောက်လာပြီး တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပါတယ်။ လက်နက်ကိုင်တွေဟာ ဓား၊ ဒူးလေး၊ တူးမီးသေနတ်များကိုင်ဆောင်ထားတဲ့အတွက် အနီးကပ်တိုက်ပွဲကို ပိုမိုအားသန်ကြပေမဲ့ စစ်တပ်က လက်နက်ကိုင်တိုက်ခိုက်သူတွေ ကပ်မလာနိုင်အောင် လက်နက်ကြီး အများအပြားပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။
ညနေ ၆ နာရီခွဲလောက်အချိန်မှာ လက်နက်ကိုင်တိုက်ခိုက်သူတွေဆုတ်ခွာခဲ့ကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာပြီးနောက် စစ်တပ်က သံဖိုရွာထဲမှာ တစ်အိမ်တက်ဆင်းတက်ပြီးလိုက်လံရှာဖွေပါတယ်။ သူတို့ဆုံးရှုံးထားတဲ့ သေနတ်တွေကို လိုက်လံရှာဖွေတာလို့ဆိုပါတယ်။
တိုက်ပွဲဖြစ်စဥ်အတွင်းမှာ လက်နက်ကိုင်တိုက်ခိုက်သူတွေဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။