ဝန်ထမ်းအမျိုးသမီးကို အမြန်ဆုံး လွှတ်ပေးဖို့ Open Society Foundations အဖွဲ့ တောင်းဆို

ရေးသားခဲ့သည်။

ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာ Open Society Myanmar ရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ကို အာဏာသိမ်း စစ်ကောင်စီက ထိန်းသိမ်းထားတယ် ဆိုတဲ့ သတင်းတွေကြောင့် အကြီးအကျယ် စိုးရိမ်ပူပန်မိကြောင်းနဲ့ သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း Open Society Foundations အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တခြားOSM ဝန်ထမ်းတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးမေးမြန်းဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အကြီးအကျယ် စိုးရိမ်ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။

ဂျော့ဆိုးရော့စ် George Soros ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာ Open Society Myanmar ကို အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှုနဲ့ အရေးယူမယ်လို့ မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက ထုတ်ဖော်ကြေညာထားတာပါ။

ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေပြီး အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်ကတော့ ကျပ်ငွေသိန်းပေါင်း ၁၃၉၉၉ သိန်းနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မတ်လ ၁၅ ရက်နေ့မှာ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။

ဒေါက်တာမျိုးမြင့်အောင် အပါအဝင် ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာရဲ့ ဝန်ထမ်း ၁၁ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကို ငွေကြေး ထောက်ပံ့နေတယ် ဆိုပြီး မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ဖမ်းဝရမ်း ထုတ်ထားတာလို့ စစ်ကောင်စီက ဆိုပါတယ်။

Open Society Foundations အဖွဲ့ကတော့ စစ်တပ်က အာဏာသိမ်းလိုက်အပြီး မီဒီယာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ ဘဏ်လုပ်ငန်းစနစ်တွေ ကန့်သတ်ခံခဲ့ရချိန်မှာ OSM အဖွဲ့က လုပ်ငန်း ဆက်လည်ပတ်ဖို့ လိုအပ်တဲ့ ရံပုံငွေတွေကို လုံခြုံတဲ့နေရာကို အမြန်ဆုံး ပြောင်းရွှေ့ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး SMID ဘဏ်ကနေ ငွေတွေကို တရားမဝင် ထုတ်ယူခဲ့တယ် ဆိုတဲ့ အချက်အပါအဝင် ငွေကြေးဆိုင်ရာ မလျော်မကန် လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝ မှားယွင်းတယ်လို့ ပြောပါတယ်။

သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မြှင့်တင်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ ထောက်ခံအားပေးလာခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဘက်စုံ ပညာရေးစနစ်ကို ပိုတိုးချဲ့နိုင်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ဖို့ အပါအဝင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် လူမှုအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့အတူ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲ ဆောင်ရွက်လာခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး လိုလားသူတွေအပေါ် တိုက်ခိုက်ဖို့ ကြိုးစားမှုအဖြစ် ပြသနေတယ်လို့လည်း Open Society Foundations အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။