ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှု
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တနိုင်ငံလုံးအနှံ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေထဲက ၆ ဦးကို မတ်လ ၁၂ ရက်နေ့မှာ အာဏာပိုင်တွေက ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
အေပီ သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုသိန်းဇော်၊ သတင်းဓာတ်ပုံတွေ အဓိက ရိုက်ကူးတဲ့ Myanmar Press Photo Agency က ကိုရဲမျိုးခန့်၊ Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ 7Day သတင်းဌာနက ကိုအောင်ရဲကို၊ ဇီးကွက်အွန်လိုင်းမီဒီယာက ကိုဟိန်းပြည့်ဇော်နဲ့ အယ်ဒီတာ တဦးဖြစ်တဲ့ ကိုဗညားဦးတို့ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မြေနီကုန်းအနီးတဝိုက်က ဆန္ဒပြပွဲတွေကို တိုက်ရိုက်သတင်းတင်ဆက်ရင်း အဖမ်းခံခဲ့ရတဲ့ မကေဇွန်နွေးကို စမ်းချောင်းတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျန် သတင်းထောက် ငါးဦးကိုတော့ ကမာရွတ်တရားရုံးမှာ အွန်လိုင်းကနေ ဗီဒီယိုနဲ့ အွန်လိုင်းက ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ဒီသတင်းထောက်တွေအားလုံးဟာ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ လက်ရှိအချိန်ထိ လူချင်း တွေ့ခွင့်မရသေးပါဘူး။
ဒါပေမဲ့ ဒီကနေ့ အွန်လိုင်းကနေတဆင့် ရုံးထုတ်စဉ်မှာ ဗီဒီယိုကနေတဆင့် ဆက်သွယ်ပြောဆိုခွင့် ခဏရခဲ့တယ်လို့ MPA သတင်းအေဂျင်စီက ဓာတ်ပုံ သတင်းထောက် ကိုရဲမျိုးခန့်ရဲ့ မိသားစုဝင်တဦးက ဘီဘီစီကို ပြောပါတယ်။
ကျန်းမာရေးကောင်းမွန်တယ်ဆိုပေမယ့် ရှေ့နေနဲ့တဆင့် အမြန်ဆုံး လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကိုရဲမျိုးခန့်က တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
ဒီသတင်းထောက်တွေကို မတ်လ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးသွားမှာ ဖြစ်ပြီး အဲဒီရုံးချိန်းမှာ အာမခံလျှောက်ထားနိုင်ဖို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြင်ဆင်နေပါတယ်။
သတင်းထောက်တွေကို စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဟာ တပ်မတော်ကို အကြည်ညိုပျက်အောင်၊ သွေးကွဲအောင် ပြောဆိုလှုံ့ဆော်တဲ့ အခါမျိုးတွေမှာ စွဲဆိုတဲ့ ပုဒ်မတွေဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရန်နိုင်သလို ထောင်ဒဏ်ရော ငွေဒဏ်ပါ သင့်နိုင်ပါတယ်။
အရင်တုန်းကတော့ နိုင်ငံရေးသမားတွေ၊ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒီပုဒ်မတွေနဲ့ တရားစွဲဆို အရေးယူတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပုဒ်မ ၅၀၅ ပါ အချက်တွေကို ဖြည့်စွက်ပြဋ္ဌာန်းလိုက်ပြီး ပြည်သူလူထုကို အကြောက်တရားဖြစ်အောင်၊ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိတာနဲ့ အစိုးရဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့ ကိစ္စရပ်တွေကို ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ မြေပြင်အခြေအနေကို အများပြည်သူ သိရှိအောင် သတင်းရယူနေတဲ့ သတင်းထောက်တွေကို အခုလိုမျိုး ပုဒ်မနဲ့ တရားစွဲတာဟာ ဥပဒေနဲ့ မညီဘူးလို့ သတင်းထောက်တွေအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။
"သတင်းထောက်တွေကို ပုဒ်မ ၅၀၅ က နဲ့ စွဲဆိုလိုက်တာဟာ ဥပဒေနဲ့ အညီမဟုတ်ဘူး။ တည်ဆဲဥပဒေဖြစ်တဲ့ သတင်းမီဒီယာ ပုဒ်မ ၇ မှာဆိုရင် စစ်မက်ဖြစ်သွားတဲ့ ဒေသတွေ၊ အဓိကရုဏ်းဖြစ်နေတဲ့ ဒေသတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေတဲ့ နေရာတွေ၊ ဆူပူဆန္ဒပြနေတဲ့ နေရာတွေ၊ အဲဒီလို နေရာမျိုးတွေမှာ သတင်းကိစ္စအတွက် သတင်းရယူနေတဲ့ သတင်းထောက်ကို ဖမ်းဆီးခွင့်မရှိဘူး။
သတင်းထောက်ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းခွင့်မရှိဘူးလို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ သို့သော်လည်းပဲ ၅၀၅ ကမှာ ပြင်ဆင်ပြီးတော့ လူအုပ်စုတွေကို ဆူပူအုံကြွလာအောင် သတင်းတင်ဆက်ခြင်းအားဖြင့် လှုံ့ဆော်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတယ်လို့ ယူဆတယ်" လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် အယောက် ၄၀ နီးပါးရှိပြီး အဲဒီထဲမှာ ဂျာမနီသတင်းအေဂျင်စီ DPA အတွက် အလုပ်လုပ်ပေးနေတဲ့ ပိုလန်နိုင်ငံသား သတင်းထောက်တဦးလည်း ပါဝင်တယ်လို့ ပိုလန်နိုင်ငံခြားရေးဌာနက အတည်ပြုပြောဆိုထားပါတယ်။
ဖမ်းဆီးခံထားရသူ သတင်းထောက်တွေထဲက အယောက် ၂၀ နီးပါး ပြန်လွတ်လာပြီဆိုပေမယ့် မတ်လ ၁ ရက် ညပိုင်းက နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးပြီး ပစ်ခတ်တာ ခံခဲ့ရတဲ့ DVB မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ကျော် အပါအဝင် တချို့ကတော့ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
အခုလို သတင်းထောက်တွေကို ဖမ်းဆီးအရေးယူတာတင်သာမက သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပါ အာဏာသိမ်းစစ်ကောင်စီက ပိုမို ဖိနှိပ်ကန့်သတ်လာပါတယ်။
DVB ၊ Mizzima ရုပ်သံသတင်းဌာနတွေအပြင် 7Day ၊ Myanmar Now နဲ့ ခေတ်သစ်မီဒီယာတို့ကို မတ်လ ၈ ရက်နေ့မှာ ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် Myanmar Now၊ ကမာရွတ်အွန်လိုင်းမီဒီယာနဲ့ Mizzima သတင်းဌာနတွေကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းသမားတချို့ကို ဖမ်းဆီးတာအပြင် ရုံးတွင်း ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားခဲ့ပါတယ်။
သတင်းအလုပ်လုပ်ကိုင်နေကြတဲ့ သတင်းထောက်တွေ၊ မီဒီယာ အဖွဲ့အစည်းတွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ဖိနှိပ်တာတွေ လုပ်နေတဲ့ အပေါ် အမေရိကန်အစိုးရ၊ နိုင်ငံတကာသတင်းမီဒီယာ အင်စတီကျူ IPI နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချနေကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပြီး လက်ရှိဖမ်းထားတဲ့ သတင်းသမားတွေဟာ ဆူပူအုံကြွမှုဖြစ်အောင် လှုံဆော်သူတွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။