ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံဥပဒေကို ပြဋ္ဌာန်းကာ နိုင်ငံတော် အတိုင်ပင်ခံကို ၅ နှစ်ထပ်မံ သက်တမ်းတိုးပေးခဲ့ပြီး အစိုးရအဖွဲ့ဖွဲ့ဖိုရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
နောက်ပိုင်းမှာ သမ္မတ ရွေးချယ်တင်မြှောက်ရေးနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ကော်မတီအဖွဲ့ဝင်တဦးလည်းဖြစ်၊ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဝေဖြိုးအောင်က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရတဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နောက်ထပ် ၅ နှစ် ဆက်လက်တာဝန်ပေးအပ်တဲ့ ဥပဒေတစ်ရပ်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တယ်လို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကြေညာခဲ့ပါတယ်။
လက်ရှိပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ခုနှစ်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်အာဏာတည်ပြီး ငါးနှစ်သက်တမ်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတခန့်လို့မရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးတဲ့ ဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလမှာ ပြည်ထောင်စုလွှတ်တော်က ပထမဆုံးအကြိမ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ဒါဟာ ဒုတိယအကြိမ် တာဝန်ပေးအပ်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြန်လည်ခန်အပ်တာကို ထောက်ခံကြိုဆိုတဲ့အကြောင်း ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ ပုံမှန်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မင်္ဂလာတောင်ညွှန့်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်တို့အပါအဝင် ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်အမတ် ၁၅ ဦးနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင် အများအပြား ထိန်းသိမ်းခံထားရချိန်မှာ ဒီကော်မတီဟာ ဦးစီးပြီး ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။
ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းဖို့ အတွက် အားထုတ်ကြိုးပမ်းမှုဟာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းပြီး ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုလွှတ်တော်အမတ်တွေ သာမက တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း ရွေးကောက်ခံ NLD လွှတ်တော်အမတ်တွေက ဒေသအလိုက် လွှတ်တော်ကိုယ်စားပြုကော်မတီတွေ ဖွဲ့စည်းထားပါတယ်။
လွှတ်တော်အဆောက်အအုံတွင်းမှာ တရားဝင် ကျင်းပခွင့်မရပေမယ့် သူတို့နည်း သူတို့ဟန်နဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ လုပ်ရပ်ကို ဖီဆန်ပြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည်အထိ အများစုအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်သာ နိုင်ငံတော်ရဲ့ တရားဝင် အစိုးရဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံရုံးတွေကို ပန်ကြားထားပါတယ်။
တပ်မတော်ကို အာဏာလွှဲပြောင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီး လွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင် စုံစမ်းစစ်ဆေးနေပြီလို့လည်းဖော်ပြထားပါတယ်။
အဲဒါကြောင့် အဲဒီစုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ လည်း ကြေညာတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေကလည်း လမ်းမတွေပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ ဖေဖော်ဝါရီ ၉ ရက်ဆိုရင် ၄ ရက် ရှိသွားပါပြီ။
အာဏာရှင်စနစ် ဖျက်သိမ်းပေးရေး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီရရှိရေးတို့အတွက် လူငယ်တွေ ဦးဆောင်ပြီး လမ်းမတွေထက်မှာ လူသန်းနဲ့ချီ စုဝေးတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပြည်သူတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့တွေဘက်က ပစ်ခတ်တာတွေ၊ အင်အားသုံး ဖြိုခွင်းတာတွေလည်း ရှိခဲ့ပါတယ်။