ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD ရုံးတွေကို တပ်က ချိတ်ပိတ်ပြီး ရွေးကောက်ခံ NLDကိုယ်စားလှယ်တွေကို ထိန်းသိမ်း
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တချို့ကို နေပြည်တော်မှာ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းပြီးနောက် တိုင်းနဲ့ ပြည်နယ် တချို့က အန်အယ်ဒီ ရုံးတွေကို ဝင်ရောက်ရှာဖွေပြီး စာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာတွေ သိမ်းဆည်းသွားတာတွေ ရှိတယ်လို့ NLDပါတီဝင်တွေက ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေက လက်ရှိ အစိုးရ အဖွဲ့ တာဝန်မပြီးဆုံးသေးတဲ့ ဝန်ကြီးတချို့ကို ဖမ်းဆီးတာ၊ ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၂ ဖျာပုံမြို့နယ်ကနေ ရွေးကောက်ခံ ထားရတဲ့ ဦးသိန်းဆွေကပြောပါတယ်။
ပုသိမ် က NLD ပါတီရုံးကို ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၁ နာရီက တပ်မတော်က ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေ ကွန်ပျူတာတွေ သိမ်းဆည်းသွားတာ ရှိတယ်လို့လည်း ပုသိမ်ဒေသခံတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့က ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တချို့ဖမ်းဆီးခံရပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တချို့လွတ်မြောက် နေတယ်လို့ ပုသိမ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း တိုင်းရုံး အပြင် အခြား ခရိုင် ရုံးတွေ မြို့နယ်ရုံးတွေ ကိုလည်း တပ်မတော် ဘက်က ဝင်ရောက်စီးနင်းတာတွေ ရှိတယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ရုံးတွေကို ဝင်ရောက်စီးနင်းတဲ့ အခါမှာ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားတာအပြင် ရုံးတွေကို ချိတ်ပိတ်သွားကြောင်းလည်း သူက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ရွေးကောတ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်ထိမ်းသိန်းခံရတယ်ဆိုတာ စာရင်းအတိအကျ မသိရသေးပေမယ့် ဖျာပုံခရိုင်ထဲက ဘိုကလေး၊ ဒေးဒရဲ နဲ့ ဖျာပုံ မြို့နယ်တွေက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်က လာရောက်ခေါ်ဆောင်သွားပြီး ကျိုတ်လတ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကတော့ အိမ်မှာ ရှိမနေတဲ့ အတွက် လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။
ရေကြည်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးသက်ဦးကို ဒီကနေ့ နံနက်အစောပိုင်းက တပ်မတော်က လာရောက်ခေါ်ဆောင်ခဲ့သွားခဲ့ပြီး ဆွေးနွေးစရာရှိလို့ဆိုပြီး တပ်မတော်ဘက်လာရောက်ခေါ်သွားတဲ့ ရုပ်သံဗီဒီယိုဖိုင် တစ်ခုကို လူမှု ကွန်ရက်မှာ တွေ့ရပါတယ်။
မန္တလေးတိုင်း NLD ပါတီရုံးကို ဝိုင်းထားသလို ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး မြို့နယ်တချို့မှာ တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် NLD ပါတီ ကိုယ်စားလှယ်တွေပါ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ မြို့နယ်အောင်နိုင်ရေး တာဝန်ယူခဲ့သူက ပြောပါတယ်။
လက်ရှိမှာ မန္တလေးတိုင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ နဲ့ မြို့နယ်အချို့က လွှတ်တော်ကိုယ်စားလှယ်တွေ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့တော်ဝန်ကို မနက်ပိုင်းက ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ အိမ်ပြန်ရောက်ရှိပြီဖြစ်တယ်လို့ စည်ပင်ကော်မတီဝင် တစ်ဦးထံကနေ သိရပါတယ်။
မန္တလေး စည်ပင်ရုံးအတွင်းမှာတော့ စစ်တပ်က နေရာယူထားသလို ရုံးအပြင်ပိုင်းမှာ ရဲဝန်ထမ်းတွေက လုံခြုံရေးယူထားပါတယ်။ အဲဒီအတိုင်း တိုင်း အစိုးရရုံးပတ်လည်မှာလည်း လုံခြုံရေးအပြည်စုံ ယူထားတယ်လို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။
မန္တလေးရဲ့ သာသနာရေး အဆောက်အုံတချို့မှာ ရဲကားနဲ့ အချုပ်ကားတွေကို ချထားပြီး လုံခြုံရေးစောင့်ကြည့်နေတာတွေ ရှိပါတယ်။ မြို့တွင်းနဲ့ ကျုံးပတ်လည်မှာတော့ စစ်ကားတချို့ လှည့်လည်သွားလာနေတာကို တွေ့ရပါတယ်။