ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ထိနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာများ
ထိုင်းနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမှာ မြန်မာနိုင်ငံသားတွေ အများအပြားပါဝင်တာ တွေ့ရပါတယ်။
ကိုဗစ်ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေလည်း ထိုင်းနိုင်ငံတစ်လျှောက်လုံးက ကွာရန်တင်းစင်တာတွေမှာ ရှိနေပါတယ်။
မြန်မာတွေထဲမှာ အခုနောက်ဆုံး ကူးစက်မှုအများဆုံးကတော့ ဘန်ကောက်မြို့နဲ့ သိပ်မဝေးတဲ့ ဆမွတ်ဆာခွန်အရပ်မှာ ဖြစ်ပါတယ်။
ဘယ်နေရာတွေမှာ ကွာရင်တင်းဝင်နေရသလဲဆိုတာ အောက်က ဂရပ်ဖစ်ပုံတွေမှာ ကြည့်နိုင်ကြပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကအထိ ထုတ်ပြန်ထားတဲ့ ထိုင်းအစိုးရရဲ့ ကိန်းဂဏန်းတွေဖြစ်ပြီး အခြေအနေထူးခြားရင် ထူးခြားသလို ဘီဘီစီကနေ အသစ်ပြင်ဆင် တင်ပြသွားဖို့ရှိပါတယ်။
ဆာမွတ်ဆခွန်မှာ ပုစွန်စျေးလော့ဒါင်းမှာ မြန်မာ အလုပ်သမား ၄၀၀၀ ကျော်ကို ပိတ်ထားပြီး သူတို့ထဲက ပိုးတွေ့သူ ၇၀၀ ကျော်ကို ဆေးရုံကို ခေါ်ယူသွားတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ထံက သိရပါတယ်။
ခေါ်ယူသွားသူတွေထဲက လူ ၅၀၀ လောက်ဟာ ဆေးရုံမှာ ၅ ရက်ခန့် နေရပြီး ပြန်ရောက်လာကြပြီ ဖြစ်တယ်လို့ AAC အဖွဲ့က တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။
ကိုဗစ်ကူးစက်မှုကြောင့် ပုစွန်စျေးကြီးနဲ့ ပွဲရုံတွေ လော့ဒါင်းချ ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးသိန်းလောက်ရှိတဲ့ ဆာမွတ်ဆာခွန်မှာ မြန်မာလုပ်သား နှစ်သောင်းခွဲကနေ သုံးသောင်းလောက် အလုပ်လက်မဲ့ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
အလုပ်သမားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ရှိနေပေမဲ့ အလုပ်ပြန်ဝင်ဖို့ ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာယူရမယ့် စရိတ်၊ နေထိုင်ခွင့် အထောက်အထားအတွက် ကုန်ကျရတဲ့ စရိတ်အတွက် အခက်အခဲနဲ့ ကိုဗစ်ကူးစက်မှုကြောင့် မြန်မာအလုပ်သမားတွေ စျေးဆိုင်တွေနဲ့ ပြင်ပနေရာတချို့မှာ ခွဲခြားဆက်ဆံခံရတာတွေကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။