ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်နဲ့ အေအေ ထပ်မံတွေ့ဆုံ
တပ်မတော်ရဲ့ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ရက္ခိုင့်တပ်တော် အေအေအဖွဲ့က တာဝန်ရှိသူတွေ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ နှစ်ဖက်လုံးက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မြန်မာ့အရေးလေ့လာသုံးသပ်သူတွေကတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနိုင်သည်အထိ ဖြစ်လာဖို့ ဦးတည်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကလည်း နှစ်ဖက်တွေ့ဆုံမှုကို အတည်ပြုပေမယ့် ဆွေးနွေးမှုအကြောင်း အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဘီဘီစီက တပ်မတော်ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးသလို၊ အေအေအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် မြန်မာအစိုးရက သတ်မှတ်ထားတာ ကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တွေ့ဆုံဆွေးနွေးတာကို သိရှိထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ဘီဘီစီကို အခုလို ပြောပြပါတယ်။
"အဓိက ကတော့ အပစ်ခတ်ရပ်စဲမှု ခိုင်မာရေးနဲ့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေရယ် ဒီနှစ်ခုနဲ့ ပတ်သက်မယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ နှစ်ဖက် ဖမ်းဆီးထားတဲ့ လူက တကယ်က များတယ်ဗျ။ အဲဒါကတော့ ချက်ချင်းဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ခက်နေဦးမယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့ဗျာ။ NLD က သူတို့ အမတ်သုံးယောက် လွှတ်ပေးဖို့ တောင်းဆိုတာကတော့ ချက်ချင်း ဖြစ်လာနိုင်တာပေါ့။"
တပ်မတော်နဲ့ အေအေအဖွဲ့တို့တွေ့ဆုံနိုင်ဖို့ကို အဓိကကူညီထောက်ပံ့၊ ညှိနှိုင်းပေးတာကတော့ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ် ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာယိုဟီဆာဆာကာဝါနဲ့ မြန်မာနိုင်ငံက သူတို့အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
မစ္စတာယိုဟီဆာဆာကာဝါက နိုဝင်ဘာ ၂၈ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေကို သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဒေသခံ နိုင်ငံရေးပါတီ နဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်ကစပြီး တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့ကြား အခုလို လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ဆေးဝါးနဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေးနဲ့ အပြန်အလှန် နားလည်ယုံကြည်မှု ရှိဖို့ နိုဝင်ဘာလ နှောင်းပိုင်းမှာလည်း တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အေအေအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ၀ပြည်စည်းလုံးညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပါတယ်။
နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ တပ်မတော်နဲ့ အေအေအဖွဲ့ကြား နိုဝင်ဘာလအတွင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားခဲ့ပြီး ဆွေးနွေးညှိုနှိုင်းမှုတွေ ပြန်လည်စတင်လာတာဖြစ်ပါတယ်။
လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ အေအေ အဖွဲ့က တောင်းဆိုထားသလို NLD ပါတီကလည်း အေအေဘက်က ဖမ်းဆီးထားတဲ့ NLD ကိုယ်စားလှယ်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ NLD တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ ဒေသခံ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
သူတို့နဲ့အတူ ဆေးဝါးကုသဖို့ လိုအပ်တဲ့ တပ်မတော်သား သုံ့ပန်းတချို့ကို အေအေက ပြန်လည်လွှဲပြောင်းပေးမှာ ဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက လက်ခံမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အေအေအဖွဲ့က တောင်းဆိုထားပေမယ့် ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သေးတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
တိုက်ပွဲပြန်ဖြစ် မဖြစ်ဆိုတာက တွေ့ဆုံညှိနှိုင်းမှုတွေအပေါ် မူတည်တယ်လို့ နှစ်ဖက်လုံးက ပြောဆိုထားပါတယ်။
ဒါပေမဲ့ ၈ လကြာ နှစ်ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ တပ်မတော်နဲ့ အေအေအဖွဲ့ကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်နေကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။