ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲကို တပ်က ပြန်စိစစ်မယ့် အပေါ် နိုင်ငံရေးပါတီ၊ ဥပဒေကျွမ်းကျင်သူတွေ ဘယ်လိုသုံးသပ်ကြလဲ
တပ်မတော်သားများနဲ့ မိသားစုဝင်များ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်နေပြီး၊ စိစစ် တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်သွင်းသွားမယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းရှင်းစွာ အသိအမှတ် ပြုနိုင်ရေးနဲ့ ဒီမိုကရေစီ အနှစ်သာရဖြစ်တဲ့ တရားဥပဒေကို လေးစား လိုက်နာခြင်း အလေ့အထကောင်းတွေနဲ့ အတူ အနာဂတ် မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုဖြောင့်ဖြူးစွာ တက်လှမ်းနိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော် အနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ အခုလို ဆောင်ရွက်ခွင့်ရှိတယ်လို့ အခြေခံဥပဒေ တပ်မတော်ဆိုင်ရာ ပြဌာန်းချက်တွေမှာ ထည့်သွင်းထားတာ မရှိသလို၊ ၁၉၅၄ ခုနှစ် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဝင်ရောက် ဆောင်ရွက်ခွင့်၊ ပြန်လည် စိစစ်ခွင့် ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေကို ထည့်သွင်း မသတ်မှတ်ထားဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ပါရှိပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေမှာလည်း ရွေးကောက်ပွဲ အငြင်းပွားမှုတွေမှာ ကော်မရှင်ရဲ့အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်စေရမယ်လို့ ပါရှိထားပါတယ်။
အဲဒီလို အပြီးသတ် ဆုံးဖြတ်ချက်အပိုင်းတွေကို အတိအလင်း ပြဌာန်းထားပေမဲ့လည်း တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို လွှတ်တော်အတွင်းမှာ မေးခွန်းတွေ၊ အဆိုတွေအနေနဲ့ မေးမြန်းနိုင်တဲ့ အခွင့်အရေးမျိုး ဥပဒေအရ လုပ်ဆောင်နိုင်တာမျိုး ရှိတယ်လို့ သူပြောပါတယ်။
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေမှာတော့ ပူးပေါင်း လုပ်ဆောင်ဖို့ တာဝန်ရှိပေမဲ့ အခုလို့ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်တွေကို ပြန်လည် စိစစ်မှုတွေ လုပ်မယ် ဆိုတဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေက ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခြင်း မဟုတ်ဘူးလို့လည်း ဦးခင်မောင်မြင့်က ပြောပြပါတယ်။
အခုလို ရွေးကောက်ပွဲ အငြင်းပွားမှု၊ မသမာမှု အစရှိတာတွေကို ရွေးကောက်ပွဲ ဝင်ရောက်ကြသူ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ဆန္ဒမဲပေးတဲ့ နိုင်ငံသားတွေက သက်ဆိုင်ရာ ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားခွင့်ရှိတာဖြစ်တယ်လို့ လည်း သူကပြောပါတယ်။
အဲ့ဒီ အမှုတွေကို သက်ဆိုင်ရာ ပါတီက တာဝန်ပေးကြသူတွေ၊ နိုင်ငံသားတွေ အနေနဲ့ ကိုယ်တိုင် လုပ်ဆောင်နိုင်တာ ဖြစ်ပေမဲ့ တပ်မတော်က သီးခြားလွတ်လပ်စွာ ရပ်တည်ကာ ဆောင်ရွက်ခွင့်ပြုထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် စိစစ်ဖို့လုပ်တာ၊ အထောက်အထားတွေ တောင်းခံတာမျိုးတွေက ဥပဒေကို ကျော်လွန် ဆောင်ရွက်တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။
မြို့နယ် ၂၁၈ မြို့နယ်မှာ ပြန်လည် စစ်ဆေးမယ် ဆိုတာထက် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရထံကို တင်ပြနိုင်တဲ့ အနေအထားသာ ရှိတယ်လို့လည်း သူကပြောပါတယ်။
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့တော့ အခုလို ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်ပြမယ်လို မယူဆနိုင်ပေမယ့် မဲဆန္ဒရှင်တွေဖြစ်တဲ့ တပ်မတော်သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေက တစ်ဆင့်၊ တပ်မတော်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေကနေ တွေ့ရှိလာတဲ့ အချက်တွေကို ကန့်ကွက်လွှာအဖြစ် စုပေါင်းတင်ပြနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။
"အဖွဲ့အစည်း အနေနဲ့ဆိုရင် မလုပ်နိုင်ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ မလုပ်ရဘူးလို့ ပြောထားတာတော့ မရှိဘူး၊ သို့သော်လည်းပဲ ကျွန်တော်ထင်တယ်၊ တပ်မတော်အနေနဲ့တော့ ကန့်ကွက်တာတော့ မလုပ်သင့်ဘူး ထင်တယ်" လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
တပ်မတော်အနေနဲ့ သန့်ရှင်းမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ထောက်ခံ ပြောကြားရဖို့ ရှိတဲ့အခါ အမှန်တကယ် လွတ်လပ်မျှတပြီး၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် သိရှိနိုင်ဖို့ ကိုယ့်နေရာအတွင်း စစ်ဆေးနိုင်တဲ့ နေရာတွေကို စိစစ် အတည်ပြုတဲ့ သဘောမျိုး လုပ်ကိုင်တာမျိုးလို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။
အခုလို လုပ်ဆောင်မှုကလည်း အမျိုးသားနိုင်ငံရေးမှာ တပ်မတော်အနေနဲ့ ပါဝင်လုပ်ဆောင်ခွင့်ရှိတယ် ဆိုတဲ့ အချက်နဲ့၊ ရွေးကောက်ပွဲက မှန်ကန်မျှတမှု ရှိမရှိ၊ ရိုးသားမှု ရှိမရှိ စတာတွေကို စစ်ဆေးခွင့်ရှိတယ်ဆိုတဲ့ သဘောအရ ရပ်တည် လုပ်ဆောင်တယ်လို့လည်း ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။
ဒါပေမဲ့လည်း" ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ တရားမျှတမှုရှိခြင်း၊ မရှိခြင်းဆိုတာသည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ ပါတီတွေအနေနဲ့ သူတို့ ပါတီတွေအပိုင်း သူတို့ ဆောင်ရွက်တာပေါ့။ တိုင်တဲ့ ပါတီ တိုင်မယ်၊ မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံမယ်။ မထောက်ခံတဲ့ပါတီ မထောက်ခံဘူး။ ဒါ တပ်မတော်နဲ့မဆိုင်ဘူး၊သူတို့လုပ်ငန်းတွေပဲ "လို့တပ်မတော်က လစဉ် ပုံမှန်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
အလားတူ ရွေးကောက်ပွဲ တရားမျှတမှု ရှိခြင်း မရှိခြင်း ကိုတော့ ရွေးကောက်ပွဲဥပဒေ အရသာ ပြုလုပ်သင့်တယ်လို့ ၂၀၂၀ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။
အခုလို တပ်မတော်သား မဲဆန္ဒရှင်တွေအပေါ် စိစစ်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း လွတ်လပ်မှုနည်းပါးတဲ့ အခြေအနေပေါ်က ထွက်ဆိုတဲ့ ထွက်ဆိုချက်တွေ အပေါ်မူတည်ကာ၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်သွင်းမယ်ဆိုတဲ့ စတင်လာတဲ့ ရည်ရွယ်ချက်ကပင် တိမ်းစောင်းမှုရှိနိုင်မယ်လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် တပ်မတော် ခေါင်းဆောင်တွေ ပြောခဲ့တဲ့ တပ်မတော်သားတွေ လွတ်လပ်စွာ ဘယ် နိုင်ငံရေးပါတီကိုမဆို မဲပေးနိုင်တယ်ဆိုတဲ့ အခြေခံအနှစ်သာရကို မပျက်စီးအောင်သာ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။
ကိုဗစ် ကာလမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေ၊ မဲဆွယ် စည်းရုံးနိုင်မှု အကန့်အသတ်တွေ ဖြစ်ခဲ့ပေမဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ အများအပြား မဲလာပေးကြတာ၊ လွတ်လပ်စွာ မဲပေးနိုင်ကြတာ၊ မဲရုံ အပြင်အဆင် အစရှိတာတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့တော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေနဲ့၊ ပြည်သူတွေကတော့ ထုတ်ဖော် ပြောဆို နေကြတာလည်း ရှိပါတယ်။