နယူးဇီလန် ရွေးကောက်ပွဲ - ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ရဲ့ 'ကြင်နာမှု' နိုင်ငံမှာ ဘေးချန်ထားခံရသူတွေ

ရေးသားခဲ့သည်။

နယူးဇီလန် ဝန်ကြီးချုပ်တာဝန် ပထမ သက်တမ်းကာလအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်ရပ်တွေကို ရင်ဆိုင်ခဲ့ရတဲ့ ဂျက်စင်ဒါ အာဒန်ဟာ ကြင်နာမှုကို ဆောင်ယူလာတတ်သူဆိုတဲ့ ဂုဏ်ရည်ကို ဆက်လက်ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ သူ နောက်ထပ် သက်တမ်းတစ်ခုကို တာဝန်ဆက်ယူဖို့ကြိုးစားလာချိန်မှာ ဝေဖန်သုံးသပ်သူတွေက ကြင်နာမှုတွေ၊ ဩဇာတက္ကိမကြီးမှုတွေ ထက်စာရင် နိုင်ငံရဲ့ စီးပွားရေး ပုံမှန်ပြန်ဖြစ်လာဖို့၊ သောင်းနဲ့ချီတဲ့လူတွေကို ဆင်းရဲမွဲတေမှုထဲကနေဆွဲတင်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုနေပါပြီ။ ဘီဘီစီ သတင်းထောက် Shaimaa Khalil က ဒီ သတင်းဆောင်းပါးကို ရေးပါတယ်။

"ကျွန်မနေနေတဲ့ အရပ်ဆီကို ဘာကြင်နာသနားမှုမှ ရောက်မလာပါဘူး" လို့ နယူးဇီလန်ရဲ့ အကြီးဆုံးမြို့ အောက်ကလန်ရဲ့ တောင်ပိုင်းက ဆင်းရဲတဲ့ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ပစိဖိတ်ကျွန်းစု ဌာနေလူမျိုးစုနွယ် (Pacifica) တစ်ယောက်လည်းဖြစ်၊ ကလေး ၃ ယောက်ရှိပြီး အိမ်ထောင်ကို တစ်ဦးတည်း ဦးစီးရတဲ့ မိခင် တစ်ယောက်လည်းဖြစ်တဲ့ အဲက်နက်စ် မက်ဂီလီက ပြောပါတယ်။

နယူးဇီလန်မှာ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ် လော့ခ်ဒေါင်းတွေ ချမှတ်ချိန်မှာ မစ္စ အာဒန် ဦးဆောင်မှုက အမြဲပြောလေ့ရှိတဲ့ သတင်းစကားကတော့ "ခိုင်မာကြပါ၊ ကြင်နာကြပါ" ဆိုတာပါ။

မစ္စ မက်ဂီလီ ကတော့ မစ္စအာဒန်ပြောနေတဲ့ နယူးဇီလန် "လူဦးရေ ၅ သန်းပါဝင်တဲ့ အဖွဲ့" မှာ သူလည်း တစ်ယောက်အဖြစ်ပါဝင်နေတယ်လို့ မခံစားရကြောင်း ပြောပါတယ်။

"အစားအစာလို အခြေခံလိုအပ်တာတွေ ကိုယ့်သားသမီးတွေအတွက် ဝယ်ဖို့ ငွေမရှိတဲ့သူတွေအဖို့၊ ကလေးတွေ နည်းနည်းပိုစားလောက်နိုင်ဖို့ မိဘက ကိုယ်စားဖို့ဟာကို မစားဘဲမျှဝေ ပေးနေသူတွေအဖို့ ဒီလို ခံစားလာရတယ်" လို့ သူက ဆိုပါတယ်။

မစ္စ မက်ဂီလီ နဲ့ သူ့မိသားစုဟာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတာပါ။ ရုပ်မြင်သံကြား ဇာတ်လမ်းတွေထဲ သာမန် ဖြတ်လျှောက်အခန်းတွေမှာ ပါဝင်ရတဲ့သူဟာ ပထမအကြိမ် ကိုဗစ် လော့ခ်ဒေါင်း မချမှတ်ခင် သီတင်း နှစ်ပတ်လောက်ကတည်းက အလုပ်ကနေပြုတ်ခဲ့ပါတယ်။ အခုသူဟာ အလုပ်ရှာနေသူတွေကို ပေးတဲ့ အကျိုးခံစားခွင့် လူမှုဖူလုံရေးထောက်ပံ့ကြေးအပေါ်မှာ မှီခိုနေရသူပါ။ အဲဒီအတွက် တစ်ပတ်ကို နယူးဇီလန် ဒေါ်လာ ၂၅၀ (အမေရိကန် ဒေါ်လာ ၁၆၄) သူရပါတယ်။ သူက အဲဒီငွေဟာ သူ့ အိမ်ငှားခ ရဲ့ တစ်ဝက်ကိုတောင်မကာမိပါဘူးလို့ ဆိုပါတယ်။

ခရိုက်စ်ချပ်ချ် (Christchurch) က ဗလီတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ ဝက်ခ်ကာရီကျွန်း မီးတောင်ပေါက်မှု၊ ကိုရိုနာ ကမ္ဘာ့ကပ်ဘေးဆိုက်မှု စတာတွေအပါအဝင် ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ရတုန်းက သူ့ရဲ့ ခိုင်မာပြီး စေတနာထားတဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံကိုထိန်းကျောင်းခဲ့တာမို့ ဂျက်စင်ဒါ အာဒန်ဟာ အထူးတလည် ဂုဏ်ပြု ချီးမွမ်း အသိအမှတ်ပြုကြတာကိုခံခဲ့ရသလို ကမ္ဘာတစ်ဝန်းကလူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ သူ့ကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ် သူ အာဏာရစဉ်အချိန်မှာ အဓိက ကတိပြုထားတာတွေထဲက တစ်ခုဖြစ်တဲ့ ကလေးသူငယ်တွေ ဆင်းရဲမွဲတေနေမှုကို သူ့အစိုးရက မဖြေရှင်းပေးန်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ - ယူနီဆက်ဖ် (United Nations Children's Fund - Unicef) ရဲ့ စက်တင်ဘာလ အစောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဝင်ငွေကောင်းတဲ့ နိုင်ငံ ၄၁ နိုင်ငံတွေအကြား ကလေးသူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နှုန်းကအစ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေ စတဲ့ လူမှုဖူလုံရေးဆိုင်ရာ အရေးတွေကို ယှဉ်ကြည့်ရင် နယူးဇီလန်က နံပတ် အဆင့် ၃၅ မှာပဲ ချိတ်တယ်ဆိုတာ သိရပါတယ်။

ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာဟာ နယူးဇီလန် ဒေါ်လာ ၅.၅ ဘီလီယံ ပမာဏစိုက်ထုတ်ထားတဲ့ မိသားစုများ အကူအညီပေးရေးအစီအစဉ်ကို ထည့်သွင်းစဉ်းစားထားတာမရှိဘူးလို့ ဝန်ကြီးချုပ်က တုံ့ပြန်ခဲ့ပြီး အဲဒီအစီအစဉ်ကြောင့် ကလေးသူငယ်ပေါင်း ၁၈၄၀၀ ဆင်းရဲမှုက လွတ်မြောက်ခဲ့ရ တယ်လို့ သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ စာရင်းဇယားတွေနဲ့ကြည့်ရင်တောင်မှ ဒီအစီအစဉ်ဟာ သိပ်အောင်မြင်တဲ့ပုံ မတွေ့ခဲ့ရပါဘူး။

မောက်ရီ (Maori) လူမျိုးစု နဲ့ ပစိဖိတ်ကျွန်းစုဌာနေတိုင်းရင်းသား လူမျိုးစု (Pacifica) တို့ရဲ့ အခြေအနေ

ကလေးသူငယ် ဆင်းရဲမွဲတေမှုကို တိုင်းတာသတ်မှတ်ရာမှာ တိုင်းတာတဲ့နည်းလမ်း ၉ မျိုးနဲ့ ဆန်းစစ်ပြီး စာရင်းဇယားတွေထုတ်ပြန်ရမယ်ဆိုတာကို နယူးဇီလန်ရဲ့ ကလေးသူငယ်များ ဆင်းရဲမှု လျှော့ချရေး ဥပဒေမှာ ထည့်သွင်းထားပါတယ်။ အဲဒီထဲက အဓိက တိုင်းတာဆန်းစစ်ရမဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခက်ခဲနေမှု (Material hardship) ဆိုတဲ့ နည်းလမ်းနဲ့ ဆန်းစစ်ရာမှာ ဝင်ငွေတစ်ခုတည်းမဟုတ်ဘဲ ကလေးတွေ အခြေခံ အစားအစာ လုံလောက်အောင်ရရှိမှု၊ နေစရာနေရာ၊ အဝတ်အထည်၊ ကျန်းမာရေး စောင့်ရှောက်မှု ရခွင့် စတဲ့အခြေအနေတွေကိုလည်း တိုင်းတာဆန်းစစ်ရပါတယ်။

အဲဒီ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခက်ခဲနေမှု (Material hardship) နဲ့ ကြုံနေရတဲ့ ကလေးတွေ အရေအတွက် နဲ့ပတ်သက်ပြီး ၂၀၁၈ ဇွန်လ ကနေ ၂၀၁၉ ဇွန် ကာလ နဲ့ အဲဒီ အရင်နှစ်က ကာလကို နှိုင်းယှဉ်ရင် ဘာမှ သိသိသာသာပြောင်းလဲ တိုးတက်လာတာကို မတွေ့ရပါဘူး။ ကလေးသူငယ် ၁၃ % လောက်က အဲဒီအခြေအနေကို ကြုံရဆဲပါ။ ဒါဟာ ကလေးသူငယ်ပေါင်း ၁၅၁၇၀၀ ကြုံနေရတာဖြစ်ပြီး နယူးဇီလန်က ကလေး ၈ ယောက်မှာ ၁ ယောက် ဆင်းရဲခက်ခဲနေတာပါ။

Maori နဲ့ Pacifica လူမျိုးစုတွေအကြားမှာ ဆင်းရဲမွဲတေမှုက မြင့်မားနေပြီး Maori လူမျိုး ကလေး ၄ ယောက်မှာ ၁ ယောက် (၂၃.၃%)၊ Pacifica ကလေး ၃ ယောက်မှာ ၁ ယောက် (၂၈.၆%) တို့ဟာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခက်ခဲနေမှု (Material hardship) နဲ့ ပွေ့ဖက်နေနေကြရတာပါ။

ဒီကိန်းဂဏန်းတွေက စိုးရိမ်စရာဖြစ်လောက်တဲ့ အခြေအနေကို ဆိုက်နေပြီး နယူးဇီလန်ဟာ ချမ်းသာတဲ့နိုင်ငံ၊ ယေဘုယျအားဖြင့် တည်ငြိမ်တဲ့ နိုင်ငံဆိုတဲ့ ကမ္ဘာကမြင်ထားတဲ့ ပုံရိပ်နဲ့ အတော်ကွာဟ နေပါတယ်။

"ဥရောပနွယ် လူဖြူ နယူးဇီလန် နိုင်ငံသားတွေနဲ့ Maori (ဒါမှမဟုတ်) Pacifica နွယ် နိုင်ငံသားတွေရဲ့ ဘဝတွေက သိပ်ကို ကွာခြားပါတယ်" လို့ နယူးဇီလန် ဆိုင်ရာ ယူနီဆက်ဖ်ရဲ့ အမှုဆောင် ဒါရိုက်တာ ဗီဗီယံ မိုင်ဒါဘွန်းက ပြောပါတယ်။

နယူးဇီလန်ဆိုရင် ဘဏ္ဍာငွေကြေးပိုင်း တောင့်တောင့်တင်းတင်းရှိကြတဲ့ လူဖြူတွေရဲ့ ဘဝကို သွားမြင်ကြတယ်၊ တကယ်မှာတော့ သူတို့ ဘဝနဲ့ နိုင်ငံတွင်းက တခြားလူတွေရဲ့ ဘဝက သိပ်ကို ခြားနားပါတယ်လို့လည်း မစ္စ မိုင်ဒါဘွန်းက ထပ်ဖြည့်ပြောပါတယ်။

ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေရရှိအောင် ကြိုးစားပေးနေတဲ့ Auckland Action Against Poverty အဖွဲ့က မစ္စ မက်ဂီလီက သူ ကူညီပေးနေရတဲ့ မိသားစုတွေကိုကြည့်ရင်း အဲဒီခြားနားမှုကို တွေ့နေရပါတယ်။

သူနေထိုင်တဲ့ အောက်ကလန်တောင်ပိုင်း အိုတာရာ ရပ်ကွက်ဆိုရင် ဆင်းရဲတဲ့ရပ်ကွက် တစ်ခုဖြစ်ပြီး အများစုက Maori နဲ့ Pacifica လူမျိုးတွေနေထိုင်ကြတာပါ။

သူတို့ထဲက အများအပြားဟာ သူတို့ ရတဲ့ ဝင်ငွေ (ဒါမှမဟုတ်) လူမှုဖူလုံရေးအထောက်အပံ့ဟာ အိမ်ငှားခ ကို မကာမိတဲ့အတွက် အိမ်ရာမဲ့ဘဝကိုရောက်နေကြပြီလို့ မစ္စ မက်ဂီလီက ပြောပါတယ်။

အိမ်လခတွေက ဈေးကြီးနေပြီး လူမှုဖူလုံရေးအထောက်အပံ့က နည်းပါးတာတွေကြောင့် သူအပါအဝင် ထောင်ပေါင်းများစွာသော မိသားစုတွေဟာ ဘဝနေထိုင်ရှင်သန်ဖို့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရာ မဖြစ်နိုင်ကြောင်း သူကပြောပါတယ်။

"တစ်ခါတလေ ကျွန်မကလေးတွေ ကျောင်းကို မသွားချင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းယူနီဖောင်း ပြည့်ပြည့်စုံစုံမရှိကြဘူး၊ သူတို့ ယူသွားဖို့ နေ့လယ်စာ ထမင်းဘူး မရှိဘူးလေ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လောက် ထိခိုက်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်" လို့ မစ္စ မက်ဂီလီက ဆိုပါတယ်။

စီးပွားရေးပညာရှင်များ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Infometrics က စီးပွားရေး ပညာရှင် ဘရက်ဒ် အိုလ်ဆန်က " နယူးဇီလန်ဟာ အိုးအိမ်လိုအပ်နေတဲ့သူတွေ အများကြီးဖြစ်လာမဲ့အခြေအနေကို ရောက်သွားတော့မယ်" လို့ ပြောပါတယ်။

အစိုးရက ဆောက်ပေးထားတဲ့ အိမ်ရာတွေမှာ နေထိုင်နိုင်ခွင့်ပန်ကြားသူတွေ ၂၀၁၄ - ၂၀၁၆ ကြားမှာ အရေအတွက် ၄၀၀၀ သာ ရှိပေမဲ့ နောက်နှစ်တွေမှာ ၂၀၀၀၀ အထိ တက်လာခဲ့တယ်လို့ မစ္စတာ အိုလ်ဆန်က ပြောပါတယ်။

ဒါကိုကြည့်ရင် "မိသားစုတွေ ခက်ခဲနေတာ၊ ဖိအားတွေဘယ်လောက်တောင် ခံစားနေရတာကို သိနိုင်ပါတယ်" လို့ သူက ရှင်းပြပါတယ်။

အိုးအိမ်တွေမရှိတာတင်မဟုတ်ဘဲ ရှိနေပြီးသား အိမ်တွေကလည်း စံချိန်မမီဖြစ်နေတာကို သူက ထောက်ပြရင်း အိုးအိမ်အကျပ်အတည်းပြဿနာက နယူးဇီလန်ရဲ့ ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

"အိမ်တွေအများစုရဲ့ အရည်အသွေးက နိမ့်ကျနေပါတယ်။ လူတွေက နွေးနွေးထွေးထွေးမနေနိုင်ကြဘူး၊ အဲဒီတော့ အနွေးဓာတ်ရဖို့ ငွေပိုသုံးရတော့ ငွေတွေက ကုန်ပြန်၊ ကလေးတွေအတွက် အစားအစာက မပြည့်စုံဘူး၊ အဲဒီတော့ ကျန်းမာရေးပြဿနာတွေက လိုက်လာပါတယ်၊ ဆရာဝန်ဆီပြေးရတော့ ငွေကကုန်ပြန်ရော၊ ဒီလိုနဲ့ သူတို့ ဆင်းရဲတာကို ပိုဆိုးစေပါတယ်။"

အစားအစာ အထောက်အပံ့ အာမခံ လက်မှတ် (food grants)တောင်းခံတာတွေတိုးလာနေတာကို ညွှန်းဆိုရင်း ဒါတွေက အခြေအနေတွေပိုဆိုးလာတာကို ပြနေတာလို့ Auckland Action Against Poverty အဖွဲ့ကပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နယူးဇီလန် လူမှုဖူလုံရေး ဌာနဖြစ်တဲ့ အလုပ်နဲ့ ဝင်ငွေဌာနက အစားအစာ ထောက်ပံ့မှု အာမခံထုတ်ပေးရတာ ဆောင်းတွင်း ၃ လ အတွက် အရေအတွက် ၁၀၀၀၀၀ ရှိခဲ့ပါတယ်၊ အခုက ၃ နှစ်အတွင်း ၅ ဆ တက်လာကာ ၅၀၀၀၀၀ အနည်းဆုံးဖြစ်နေပြီလို့ သူတို့က ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး မတိုင်ခင်က အခြေအနေပါ။

သူ့အရပ်ထဲက မိသားစုအများအပြားလိုပဲ မစ္စ မက်ဂီလီလည်း အစားအစာ အထောက်အပံ့ကို မှီခိုရပါတယ်။ တစ်ခါတလေ အစိုးရရဲ့ အကူအညီကိုစောင့်နေတဲ့အချိန် စားစရာမရှိတဲ့ မိသားစုတွေအများကြီးရှိတယ်လို့ သူကပြောပါတယ်။ သူနဲ့ သူ့ကလေးတွေလည်း ဒါကိုခဏခဏကြုံရတယ်လို့လည်း ဆိုပါတယ်။

" အဲဒီလို ခက်ခဲနေချိန်ကြရင် ကျွန်မတို့အမျိုးတွေ၊ မိတ်ဆွေတွေဆီကို အကူအညီရမလားဆိုပြီး တောင်းကြည့်ပါတယ်၊ ဒါပေမဲ့ သူတို့လည်း ကျွန်မတို့လို အခြေအနေနဲ့ ကြုံနေရတာဆိုတော့ ခက်လှပါတယ်လေ၊ ဆင်းရဲတဲ့သူအချင်းချင်း ကူပါဦး လို့ ပြောနေရသလိုဖြစ်နေတာ။"

ကမ္ဘာ့ကပ်က မညီမျှမှုကို ပိုကွာဟသွားစေ

ကမ္ဘာ့ကပ်နဲ့ နောက်ဆက်ဖြစ်လာတဲ့ လော့ခ်ဒေါင်းတွေက အခြေအနေတွေကို ပိုဆိုးစေခဲ့ပါတယ်။

မစ္စ မိုင်ဒါဘွန်းက ကိုဗစ်အရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေကို ချီးကျူးပါတယ်၊ ဒါပေမဲ့ ဆင်းရဲတဲ့မိသားစုတွေ အပေါ်ကျနေတဲ့ ဖိအားတွေ လျော့ကျဖို့ကိုတော့ သိပ်လုပ်မပေးနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

"ထောက်ပံ့ရေးတွေပေးတာက စီးပွားရေး ကဏ္ဍဘက်ကို အတော်ပို အာရုံစိုက်တယ်၊ အရင်ကတည်းက ရုန်းကန်နေရသူတွေနဲ့ ဓန ကြွယ်ဝတဲ့သူတွေ အကြား ပိုကွာသွားတယ်၊ နောက်ပြီး ထောက်ပံ့မှုတွေကလည်း အခု သိပ်မလာတော့ဘူးလေ" လို့ သူကပြောပါတယ်။

ဒါပေမဲ့ မစ္စတာ အိုလ်ဆန်က ဆင်းရဲမွဲတေမှု ပြဿနာကို အရေးထားကိုင်တွယ်တာမျိုး မတွေ့ခဲ့ရတာကို သူလက်ခံပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ နှစ်ပေါင်းများစွာ ဖြေရှင်းရမဲ့ ပြဿနာလို့ ထောက်ပြပါတယ်။

"ဆင်းရဲမှုနဲ့ပတ်သက်ပြီး ဒီနှစ်ပိုင်းကာလတွေအတွင်း ဘယ်အစိုးရကမှ ထဲထဲဝင်ဝင် မလုပ်ခဲ့ဘူးလို့ ကျွန်တော်ထင်တယ်၊ နယူးဇီလနိုင်ငံဟာ မအောင်မြင်ဘူးလို့ပြောရဖို့တော့ ကျွန်တော်ဝန်လေးပါတယ်၊ ဒီဆင်းရဲမှု ပြဿနာကို ရှင်းဖို့က ၃ နှစ်ကာလ သက်တမ်းထက် ပိုပြီးအချိန်လိုအပ်ပါတယ်" လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ကပ်ရိုက်ခတ်မှုကြောင့် စီးပွားရေးထိခိုက်တာကို နိုင်ငံအနေနဲ့ ဖြေရှင်းနေစဉ်မှာပဲ ဆင်းရဲ ချမ်းသာကွာဟမှုတွေကို လျော့ကျသွားအောင်လုပ်ပေးဖို့ လိုတယ်လို့လည်း သူက ဖြည့်စွက်ထပ်လောင်း ပြောပါတယ်။

"ကိုဗစ် - ၁၉ ကြောင့်အပြောင်းအလဲတွေ လုပ်ဖို့လိုအပ်တဲ့အချိန်မှာ ပိုနေမြဲ ကျားနေမြဲ အခြေကို ပြန်ဆိုက်မသွားအောင် လုပ်ဖို့ လိုပါတယ်၊ ကျယ်ပြန့်တဲ့ လူဦးရေ အစိတ်အပိုင်းအတွက် အားပေးကူညီနိုင်အောင် ထပ်တိုးလုပ်ဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်။"

ဂျက်စင်ဒါ အာဒန်ဟာ ဝန်ကြီးချုပ်တာဝန် ဒုတိယသက်တမ်းအတွက်ထမ်းဆောင်ဖို့ ရွေးကောက်ပွဲမှာ အနိုင်ရဦးမှာလို့ အများက ခန့်မှန်းနေကြတာပါ။ သူ့အနေနဲ့ စီးပွားရေးကျဆင်းမှုတွေ၊ အိုးအိမ် အကျပ်အတည်း ပြဿနာတွေ၊ ခရီးသွားလုပ်ငန်း ထိခိုက်မှုတွေ၊ ကုန်သွယ်ရေး တန့်နေတာတွေ စတာတွေကို ဖြေရှင်းရဦးမှာပါ။

"ကလေးသူငယ်တွေ ဆင်းရဲမွဲတေတာနဲ့ ကြုံနေရတာတွေကို အဆုံးသတ်နိုင်ဖို့ ဆိုရင်တော့ ဝင်ငွေအနည်းဆုံး မိသားစုတွေ အတွက် ဝင်ငွေကောင်းလာအောင် အစိုးရက လုပ်ပေးနိုင်ရင်တော့ဖြစ်လာနိုင်ပါတယ်" လို့ မစ္စ မိုင်ဒါဘွန်းကပြောပါတယ်။

မစ္စ မက်ဂီလီကတော့ အစိုးရဆီကို ရှင်းလင်းတဲ့ သတင်းစကားကိုပဲ ပါးလိုက်ပါတယ်။

"ကျွန်မတို့ရဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို တိုးမြှင့်ပေးပါ၊ ကြင်နာမှုတွေအကြောင်း နှုတ်ကပြောတာတွေ ရပ်လိုက်ပြီး လက်တွေ့ တစ်ခုခု စလုပ်ပေးပါ။"