အမတ်လောင်းတွေ အဖမ်းခံရပြီးနောက် တောင်ကုတ်NLD ပါတီစည်းရုံးရေး ရပ်ဆိုင်းထား

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မှာ မဲဆွယ်နေတဲ့ NLD လွှတ်တော်အမတ် လောင်း သုံးဦး အောက်တိုဘာ ၁၄ ရက် မနေ့က လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီး ခံရပြီးနောက် တောင်ကုတ်မှာ မဲဆွယ်မှုတွေ ယာယီရပ်နားထားတယ်လို့ တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့သုံးဦး ဖမ်းဆီးခံနေရတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။

သူတို့ဟာ ဖောင်းခါးကျေးရွာကို ရေကြောင်း ခရီးကနေ မဲဆွယ်စည်းရုံးရေးတရားဟောဖို့ သွားရောက်ခဲ့ကြပြီး အဲ့ဒီရွာကိုရောက်ရှိသွားတဲ့အချိန်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်တွေကို နားထားပေမယ့် အဲ့ဒီအနီးဝန်းကျင်က သံတွဲမြို့မှာတော့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ၂၃ ရက်သာ လိုတော့ပြီး လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကူးစက်ရောဂါဖြစ်ပွားနေတဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေကို ကန့်သတ်မှုတွေနဲ့ လုပ်နေရတဲ့အချိန်မှာ အခုလို အခက်အခဲတွေကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်နားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီမဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို ယာယီရပ်ထားတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲကာလမဲဆွယ်စည်းရုံးနေတာဟာ တရားဝင်ခွင့်ပြုထားတဲ့ကာလ မှာ လုပ်ကိုင်နေကြတာဖြစ်ပြီး အခုလိုမျိုးဖမ်းဆီးခံရလိမ့်မယ်လို့ မျှော်လင့်မထားဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ရဲ့ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူကိုဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့က ဘယ်နေရာတွေကိုခေါ်သွားမှန်းမသိရသလို ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရမလဲဆိုတာကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။

"လွှတ်တော်ကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ လုပ်ပေးတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တောင်းဆိုပေးတယ်။ အဲ့ဒါကို အခုလို လက်နက်အားကိုးနဲ့ အကြမ်းဖက်ပြီးတော့ သုံးယောက်စလုံးကို ဖမ်းသွားတဲ့ဟာကို ပြန်လွှတ်ပေးစေချင်တယ်။ ဘယ်သူပဲဖမ်းဖမ်း၊ ဘယ်အဖွဲ့အစည်းပဲဖမ်းဖမ်းပေါ့နော်။ ငြိမ်းချမ်းတဲ့နည်းကိုပဲ လက်ကိုင်ထားတာမို့လို့ အကြမ်းဖက်တဲ့ ဘယ်အဖွဲ့ကိုမဆို ကျွန်မတို့က ရှုတ်ချပါတယ်"လို့ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

ဦးမင်းအောင်ဟာ နိုင်ငံရေးလုပ်လာခဲ့တာ ကြာနေပြီဖြစ်ပြီး အရင် စစ်အာဏာရှင် အစိုးရလက်ထက်တုန်းကလဲ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ကျခဲ့ဖူးသလို သူဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ တိုက်ပွဲဝင်တာဖြစ်တယ်လို့ သူ့ရဲ့ဇနီးက ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး တရားဟောတာဟာ တရားဝင် ပြောဆိုနေတာဖြစ်ပြီး သူတို့ရဲ့ ပြောဆိုချက်တွေကို ဘယ်နေရာမှာမဆို နားထောင်လို့ရနေကြောင်းနဲ့ ခိုးဝှက်ပြီး လုပ်နေတာမဟုတ်တဲ့အတွက် အခုလိုမျိုးဖမ်းဆီးသွားတဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တစ်စုံတစ်ရာ အဆင်မပြေဖြစ်ပွားတာတွေမရှိဖူးသလို ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်တာတို့၊ ကိုယ်စားလှယ်ဆိုင်းဘုတ်တင်တာတို့ကို ချောချောမွေ့မွေ့ လုပ်ကိုင်နိုင်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

ဖမ်းဆီးခံနေရသူသုံးဦးနဲ့ပတ်သက်လို့ အစိုးရက လုပ်သင့်တာတွေကို လုပ်ရမှာဖြစ်ပြီး မိသားစုတွေအနေနဲ့ ဆုတောင်းနေရုံ၊ ထိုင်စောင့်နေရုံလွဲပြီး ဘာမှလုပ်လို့မရဘူးလို့ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးလက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာနဲ့ပတ်သက်လို့ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ တိုင်ကြားထားပြီး သူတို့လွတ်မြောက်ရေးအတွက် ကြိုးစားပေးဖို့ သက်ဆိုင်ရာပါတီကို မိသားစုတွေအနေနဲ့ အကူအညီတောင်းခံတာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။

NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းတွေ လွတ်မြောက်ရေးကို ပါတီက ကြိုးပမ်းနေပြီး လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတဲ့လမ်းကြောင်းတော့ အန်အယ်လ်ဒီမှာ မရှိဘူးလို့ စတင်ဖမ်းဆီးခံရတဲ့နေ့က ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ ဂွမြို့နယ်တွေမှာ NLD ပါတီအနိုင်ရရှိခဲ့သလို အဲ့ဒီမြို့နယ်တွေဟာ NLD အတွက်ထောက်ခံမှု အများဆုံးရရှိထားတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက တောင်ကုတ်မြို့နယ်မှာ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌနဲ့ လူတချို့ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတာနဲ့ပတ်သက်လို့ လက်ရှိအာဏာရပါတီ NLD ကို ဝေဖန်မှုတွေ ရှိခဲ့ဖူးပါတယ်။

မဲဆွယ်စည်းရုံးရေးကာလ အစပိုင်းမှာတော့ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးနဲ့အောင်နိုင်ရေးဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရ တာတွေလဲ ဆက်တိုက် ဖြစ်ပွားခဲ့ဖူးပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့က အောက်တိုဘာလ ၇ ရက်နေ့အထိ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေတဲ့ကာလမှာပဲ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး မြောက်ပိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။