ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် - စစ်တွေမြို့တွင်း အပြင်ထွက်ခွင့်ကတ်တွေ စစ်ဆေး
ကိုဗစ် ကူးစက်မှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ အပြင်ထွက်သွားလာနေသူတွေကို အပြင် ထွက်ခွင့်ကတ်ပြားနဲ့ ထောက်ခံစာတွေ ပါမပါ စစ်ဆေးနေပါတယ်။
မြို့တွင်းသွားလာနေသူတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ ထုတ်ပေးထားတဲ့ ကတ်ပြားတွေ၊ ထောက်ခံစာတွေ မပါရင် လူတစ်ဦးကို ဒဏ်ငွေကျပ် တစ်သောင်းစီ သတ်မှတ်ထားရှိပြီး အဲ့ဒီဒဏ်ငွေကို မြို့နယ်စုပေါင်းရုံး OSS ရုံးမှာ ပေးဆောင်ရပါတယ်။
အခုလိုမျိုး စစ်ဆေးမှုတွေကို အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့တွေက မြို့တွင်း လူသွားလူလာများတဲ့နေရာတွေမှာ မနက် ၈ နာရီကနေ ညနေ ၄ နာရီလောက်ထိ စစ်ဆေးနေကြတာဖြစ်ပြီး ဖမ်းဆီးခံနေရသူတွေ အများအပြား ရှိနေပါတယ်။
"ဒီနေ့ကျွန်မအဖမ်းခံရတယ်။ ဒဏ်ငွေ တစ်သောင်းပေးဆောင်ခဲ့ရတယ်။ ကျွန်မမှာက ကတ်မရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေး မှူးဆီကသွားတောင်းတော့ မပေးဘူးလို့ပြောတယ်။
အခုအဖမ်းခံရတော့ ကျွန်မအရှက်ကွဲသလိုခံစားရတယ်။ အလုပ်တွေလဲ အချိန်ကြန့်ကြာမှုတွေဖြစ်တယ်။ ဖမ်းတဲ့သူတွေကိုတော့အပြစ်မပြောဘူး။ ဘယ်သူမှာတာဝန်ရှိလဲဆိုတာကို စိစစ်ဖို့လိုပါ တယ်"လို့ ရွာကြီးတောင်ရပ်ကွက်က ဒေါ်ဌေးဌေးလှိုင်က ပြောပါတယ်။
စစ်တွေ အပြင်ထွက်ခွင့်ကတ်တွေ ထုတ်ပေးပေမဲ့ အားလုံးမရကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက်တွေမှာ နေထိုင်သူတွေအတွက် တစ်အိမ်ထောင်ကို တစ်ယောက်နှုန်းအပြင်ထွက်ခွင့်ပေးထားပြီး ဈေးသွားဖို့အတွက် အဝါရောင်ကတ်၊ ဆေးရုံးဆေးခန်းသွားဖို့အတွက် အနီရောင်ကတ်တွေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။
အခြားကိစ္စတွေအတွက် အပြင်ထွက်ရင် အုပ်ချုပ် ရေးမှူးထောက်ခံစာတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကနေ ထုတ်ပေးနေပါတယ်။
ဒါပေမဲ့ ရပ်ကွက်အများစုမှာတော့ အိမ်ငှားနေသူတွေ၊ အိမ်ထောင်စုစာရင်းမရှိတဲ့ မိသားစုတွေကို ကတ်နဲ့ ထောက်ခံစာတွေ ထုတ်မပေးတဲ့အတွက် အခုလိုမျိုး ဖမ်းဆီးခံနေကြရတာ ဖြစ်ပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကလည်း ဖမ်းဆီးခံလာရတဲ့သူတွေကို ဒဏ်ငွေတစ်သောင်းကျပ်စီ ပေးဆောင်ခိုင်းပြီး အခုလို ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို စိစစ်ပြီး ဖြေရှင်းမပေးဘူးလို့ မြို့ခံတချို့က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို မေးမြန်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။
အခုလို ကတ်မရှိဘဲအပြင်သွားလာခွင့်မရတဲ့အတွက် ကတ်တွေကို ထုတ်ပေးတဲ့အခါမှာ တချို့ကတ်ထုတ်ပေးတဲ့ နေရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ လူတွေရာချီပြီး လူစုလူဝေး ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။