ပါတီ အောင်နိုင်ရေးသီချင်းဖွင့်တဲ့ အိမ်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၉ ယောက်ကိုဖမ်းဆီး

ရေးသားခဲ့သည်။

အသံချဲ့စက်နဲ့ ပါတီအောင်နိုင်ရေးသီချင်း ဖွင့်ရာက စတဲ့ မကွေးတိုင်း မြိုင်မြို့နယ်က အိမ်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညနေပိုင်းအထိ လူ ၁၉ ယောက်ကို ဖမ်းဆီးထားပြီး ကျန်တဲ့လူတွေကိုပါ ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကန်နီကျေးရွာမှာ အောက်တိုဘာ ၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ လူအုပ်ကို ထိန်းဖို့ရောက်လာတဲ့ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ ကားတွေပါ ခဲနဲ့ ထုခံခဲ့ရလို့ ပျက်စီးခဲ့ရပါတယ်။

မျက်မြင်တွေရဲ့ အပြောအရ လူရာဂဏန်းအထိ ပါဝင်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ လူ ၃၂ ယောက်ကို အာဏာပိုင်တွေက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သူတို့ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ပ-ပ-က ၆(၁) နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

အခင်းဖြစ်တာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ အိမ်အတွင်းရော အပြင်ပါ အတော်လေး ဖျက်ဆီးခံထားရတာကို တွေ့ရပါတယ်။ အိမ်ရှေ့က လိုက်ထရပ်ကားကို လူအုပ်က တွန်းလှဲထားသလို မှန်တွေလည်း အခွဲခံထားရတာ တွေ့ရပါတယ်။

နေအိမ် အပြင်နဲ့ အတွင်းက ပစ္စည်းတွေကို ဖျက်ဆီးခံရကြောင်းနဲ့ ကာလတန်ဖိုး သိန်း၇၀၀ ခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ အိမ်ရှင်ဖြစ်သူ မြိုင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်နိုင် ကဘီဘီစီ ကိုပြောပါတယ်။

ညအချိန် ပါတီအောင်နိုင်ရေး သီချင်းကို အသံချဲ့စက်နဲ့ ဖွင့်တာကို လာရောက် တားဆီးခဲ့သူဟာလည်း ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံတက်ပြီး ကုသနေရပါတယ်။

ဦးမြင့်နိုင်က အိမ်ကိုလာပြီး အသံချဲ့စက် ပိတ်ခိုင်းသူဟာ ဓားလို့ယူဆရတဲ့အရာကို ကိုင်လာပြီး စခုတ်တယ်လို့ပြောပြီး အဲဒီ ရွာသားအိမ်ထဲကို ‌ရောက်သွားတဲ့ အချိန်မှာ ရွာဘက်က လူအုပ်က အိမ်ကို ဝိုင်းလာတာလို့ပြောပါတယ်။

ဦးမြင့်နိုင်အိမ်ကို လူအုပ်က ဝိုင်းခံထားရပြီး ရဲတပ်ဖွဲ့က လုံခြုံရေးပေးပြီး ခေါ်ထုတ်သွားချိန်မှာ ရဲတပ်ဖွဲ့က ကားတွေပါ ခဲနဲ့ အထုခံရသလို အုပ်ချုပ်ရေးမှူးကားလည်း ခဲနဲ့ထုခံ ရတဲ့အတွက် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ မြိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီနောက်မှာ နေအိမ်တစ်ခုလုံး ဖျက်ဆီးခံရတာလည်းဖြစ်ပါတယ်။

မြင်ရတဲ့ ဓာတ်ပုံတွေထဲမှာတော့ နေအိမ်ရှေ့မှာ အသံချဲ့စက်လေးလုံးကို ထောင်ထားတာ တွေ့ရပါတယ်။

အဖျက်ဆီးခံရတဲ့ အိမ်ပိုင်ရှင် ဦးမြင့်နိုင်ဟာ မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူနေထိုင်တဲ့ ကန်နီကျေးရွာကတော့ ပြည်ခိုင်ဖြိုး ထောက်ခံသူများတဲ့ ကျေးရွာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလတွေကလည်း နှစ်ဘက်ထောက်ခံသူတွေကြားထဲ တင်းမာတဲ့အခြေအနေတွေ ရှိခဲ့ပါတယ်။

မြိုင်မြို့နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ညွန့်က ပါတီတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တင်ပြလာတာမရှိသေးဘူးလို့ဆိုပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကတော့ ဒီဖြစ်စဉ်ဟာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အကြမ်းဖက်မှုလို့ သတ်မှတ်ကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က စိုင်းရဲကျော်စွာမြင့်က မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီးဖြစ်ပြီး ဖြစ်ပွားခဲ့တာဖြစ်တဲ့ အတွက်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှု လို့သတ်မှတ်ရမှာ ဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

အသံချဲ့စက်ဖွင့်တာကို လာပြောခဲ့ရာက အိမ်ရှင်ဦးမြင့်နိုင်နဲ့ အချေအတင်ဖြစ်ပွားခဲ့တဲ့ ကိုနေဝင်းဟာ မြိုင် တိုက်နယ်ဆေးရုံမှာ တင်ထားရပြီး မစိုးရိမ်ရဘူးလို့ မြိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒါပေမဲ့ ကာယကံရှင်ရဲ့ဆန္ဒအရ ခရိုင်ဆေးရုံကို ပြောင်းတင်ထားတယ်လို့ သူကဆိုပါတယ်။ တစ်ဖက်မှာလည်း ဦးမြင့်နိုင်တို့ မိသားစုဟာ လုံခြုံရေးအခြေအနေအရ အိမ်မပြန်ရသေးပါဘူး။ မဲဆွယ် စည်းရုံးရေးကာလ မပြီးသေးတာမို့ အလားတူ ကိစ္စတွေ ထပ်မဖြစ်ရအောင် ပါတီတွေအနေနဲ့ ပါတီဝင်တွေသာမကဘဲ ထောက်ခံသူတွေကိုပါ သတိပေး ထိန်းသိမ်းမှုတွေ လုပ်သင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေရော နိုင်ငံရေး လေ့လာသုံးသပ်သူတွေကပါ ထောက်ပြနေကြပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ မြိုင်မြို့နယ် ကန်နီကျေးရွာက ဦးမြင့်နိုင် နေအိမ်ကိုတော့ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်လို့ မြိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။