ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေမှာ အရပ်သားနှစ်ဦးကို တပ်မတော် ဖမ်းဆီး
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ် သိန်းတန်ကျေးရွာက အရပ်သားနှစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့က တပ်မတော်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးလုံးမှာ သိန်းတန်ကျေးရွာသားတွေဖြစ်ကြပြီး အသက် ၄၄ နှစ်အရွယ် ဦးဦးကျော်မောင်နဲ့ အသက် ၄၄ ကျော်အရွယ် ဦးဝင်းဌေးတို့ ဖြစ်ကြပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်တွေမြို့အခြေစိုက် တပ်ရင်းတစ်ခုက မေးမြန်းစရာ တွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ကြတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူ ဦးဦးကျော်မောင်ရဲ့ ယောက်ဖဖြစ်သူ ဦးအောင်သိန်း ဦးက ပြောပါတယ်။
"ဖမ်းဆီးခံရတာလဲ သူတို့ကိုယ်သူတို့ ဘာမှလဲ မသိဘူး။ အိမ်မှာပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာ"လို့ ဦးအောင်သိန်းဦးက ပြောပါတယ်။
ဦးဦးကျော်မောင်က ဝက်မွေးမြူရေးနဲ့ ဆန်အရက်ချက်လုပ်သူ ဖြစ်ပြီး ဦးဝင်းဌေးက ကျပန်းလုပ်သူဖြစ်တယ်လို့ သိရပါ တယ်။
ဘာကြောင့် အဲ့ဒီရွာသားနှစ်ယောက်ကို လာရောက်ဖမ်းဆီးတယ်ဆိုတာ ပြောဆိုသွားတာ မရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုပါတယ်။
အဲဒီ ရွာသားနှစ်ဦးကို အောက်တိုဘာ ၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်တွေမြို့နယ် အမှတ် ၂ နယ်မြေ ရဲစခန်းကို အပ်နှံလိုက်ပြီဖြစ်တယ်လို့ သတင်းရရှိကြောင်း သူက ပြောပါတယ်။
ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို မသိရသေးသလို မိသားစုတွေနဲ့ တွေ့ဆုံခွင့်ရ မရှိသေးဘူးလို့ သူတို့ရဲ့ မိသားစုတွေထံက သိရပါတယ်။
သူတို့ အခုလို ဖမ်းဆီးခံရချိန်မှာ စစ်တွေမြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှာလည်း အောက်တိုဘာ ၂ ရက် ညနေပိုင်းမှာ အသက် ၆၀ ကျော် အမျိုးသား သုံးဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက တစ်ညဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ် ပဒါကျေးရွာသားနှစ်ဦးလည်း အောက်တိုဘာ ၁ ရက်မှာ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တပ်မတော်က အပစ်ခတ်ရပ်စဲကြောင်း သက်တမ်းနောက်ထပ်တစ်လတိုးမြှင့်ကြောင်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာ မင်းပြားမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်နဲ့ ၂ နှစ်ရက်တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက် ဒီကနေ့မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့သလို လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ကြားနေရတယ်လို့ ရသေ့တောင်မြို့ခံ တစ်ဦးက ပြောပါတယ်။
ကိုဗစ်ကာလ အိမ်အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့နေရာတချို့မှာ ဒေသခံတွေ ထွက်ပြေးရတာတွေ ရှိနေပါတယ်။
နှစ်နှစ်ကျော်အကြာဖြစ်ပွားနေတဲ့ ရခိုင်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲတွေအကြား နေရပ်စွန့်ခွာထွက်ပြေးနေကြရသူပေါင်း နှစ်သိန်းသုံးသောင်းခန့်ထိရှိလာနေပြီဖြစ်ပါတယ်။
ကိုဗစ် ကူးစက်မှုဖြစ်ပွားနေတဲ့ကာလအတွင်းမှာတော့ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိ ထပ်မံမြင့်တက်လာခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။