ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူ မီလီယံနာသူဌေးကြီးတစ်ဦးကို တိုက်ပွဲဝင် ရင်ဆိုင်ခဲ့တဲ့ အိမ်အကူအမျိုးသမီး
မစ္စ ပါတီလို့ ခေါ်တဲ့ ဒီအမျိုးသမီးဟာ အဆမတန် ချမ်းသာကြွယ်ဝတဲ့ စင်္ကာပူ မိသားစုတစ်စုဆီမှာ တစ်လကို စင်္ကာပူ ဒေါ်လာ ၆၀၀ နဲ့ အိမ်အကူလုပ်နေတဲ့ အင်ဒိုနီးရှားသူပါ။
မစ္စတာ လီယူ မန်လောင်း ကတော့ သူ့ရဲ့ အလုပ်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး လောကမှာ အရေးပါ အရာရောက်သူလည်းဖြစ်၊ နိုင်ငံတွင်း အကြီးဆုံး ကုမ္ပဏီတချို့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူ့အလုပ်ရှင် မိသားစုက မစ္စပါတီဟာ သူတို့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
ဒီကိစ္စကို ရဲစခန်းကို တိုင်ခဲ့ရာကနေ လူအများအကြား ဟိုးလေးတကျော်ဖြစ်သွားတဲ့ တရားရုံး အမှုဖြစ်လာခဲ့ပါတယ်။
မစ္စပါတီ ခိုးသွားတယ် လို့ စွပ်စွဲထားတဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုးကြီး လက်ကိုင်အိတ်တွေနဲ့ ဒီဗီဒီစက်တစ်ခု အပြင် ဆန့်ကျင်ဖက်လိင်အဖြစ် ဝတ်တဲ့ အဝတ်အစားတွေလည်းပါတယ်လို့ ဆိုထားပြီး ဒီအမှုက တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ဒီလ အစောပိုင်းမှာတော့ မစ္စပါတီ အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့ပါတယ်။
"ကျွန်မ လွတ်လာလို့ အရမ်းဝမ်းသာပါတယ်။ ဒီအမှုအတွက် လေးနှစ်လောက် တရားရင်ဆိုင်ခဲ့ရတာပါ"လို့ မစ္စပါတီက ဘာသာပြန်ကနေတစ်ဆင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအမှုဟာ စင်္ကာပူနိုင်ငံမှာ တန်းတူညီမျှမှု မရှိတာတွေ၊ ကိုယ့်ရဲ့ နစ်နာချက်တွေကို တရားရုံးတင် တိုင်ကြားခွင့်ရှိကြရဲ့လား ဆိုတာတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပြီး ကနဦးအဆင့်မှာ ကတည်းကိုက မစ္စပါတီမှာ အပြစ်ရှိတယ်ဆိုပြီး အောက်တရားရုံးက ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တာလဲလို့ လူအတော်များများက မေးခွန်းထုတ်နေကြပါတယ်။
မစ္စပါတီဟာ မစ္စတာ လီယူ မန်လောင်းရဲ့ အိမ်မှာ အိမ်အကူအဖြစ် ၂၀၀၇ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီအိမ်မှာ မစ္စတာ လီယူရဲ့ သား ကားလ် အပါအဝင် မိသားစုဝင် တော်တော်များများ အတူ နေထိုင်ခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် မတ်လမှာ မစ္စတာ ကားလ် လီယူနဲ့ သူ့မိသားစု အဲဒီအိမ်ကနေ ခွဲပြီး တခြားတစ်နေရာမှာ ပြောင်းရွှေ့ နေထိုင်ကြပါတယ်။
သူ့ရဲ့ အိမ်အသစ်နဲ့ ရုံးကို သန့်ရှင်းရေးလုပ်ပေးဖို့ မစ္စပါတီကို အကြိမ်ပေါင်း မြောက်များစွာ ခိုင်းခဲ့တယ် ဆိုတာကို တရားရုံး အထောက်အထားတွေမှာ တွေ့ရပါတယ်။ ဒီလို လုပ်ခိုင်းတာဟာ နိုင်ငံတွင်း အလုပ်သမား ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်နေပြီး မစ္စပါတီက ဒီကိစ္စကို မကျေနပ်ကြောင်း အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။
လအနည်းငယ် အကြာမှာတော့ လီယူ မိသားစုက သူတို့ရဲ့ ပစ္စည်းတွေကို မစ္စပါတီ ခိုးနေတယ်လို့ သံသယရှိတာကြောင့် သူ့ကို အလုပ်ဖြုတ်လိုက်ပြီ ဆိုပြီး မစ္စပါတီကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ သူ့ကို အလုပ်ဆက်မခန့်တော့ဘူးလို့ မစ္စတာ ကားလ် လီယူက ပြောခဲ့တဲ့ အချိန်မှာ မစ္စပါတီက "ဘာလို့လဲဆိုတာ ကျွန်မ သိတယ်။ ကျွန်မက ရှင့်အိမ်သာကို မဆေးပေးခဲ့လို့ ရှင်ဒေါသ ထွက်နေတာမို့လား" ဆိုပြီး ပြန်ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
သူ့ပစ္စည်းတွေကို ပုံးတွေထဲ ထည့်သိမ်းဆည်းဖို့ အလုပ်ရှင်က သူ့ကို အချိန် နှစ်နာရီ ပေးခဲ့ပါတယ်။ ဒီပုံးတွေကို အလုပ်ရှင်ကအင်ဒိုနီးရှားနိုင်ငံကို သင်္ဘောနဲ့ ပြန်ပို့ပေးမှာပါ။ ပစ္စည်းသိမ်းပြီးတဲ့တစ်နေ့တည်းမှာပဲ အင်ဒိုနီးရှားကို လေယာဉ်နဲ့ မစ္စပါတီ ပြန်လာခဲ့ပါတယ်။
ပစ္စည်းတွေ သိမ်းနေတုန်းက မစ္စပါတီ က မစ္စတာ ကားလ် လီယူရဲ့ အိမ်ကို သန့်ရှင်းရေး လုပ်ခိုင်းတာနဲ့ ပတ်သက်လို့ စင်္ကာပူအာဏာပိုင်တွေကို တိုင်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
မစ္စပါတီ ထွက်သွားပြီးတဲ့နောက်မှာ သူ့ပစ္စည်းပုံးတွေကို စစ်ဆေးဖို့ လီယူ မိသားစုက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ပစ္စည်းတွေကို ပုံးတွေထဲမှာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။
မစ္စတာ လီယူ မန်လောင်းနဲ့ သူ့သားဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရဲဌာနမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
မစ္စပါတီကတော့ ဒီအကြောင်းတွေ သူဘာမှ မသိခဲ့ဘဲ နောက်သီတင်း ငါးပတ်အကြာ အလုပ်သစ် ရှာဖို့ စင်္ကာပူနိုင်ငံကို လေယာဉ်နဲ့ ပြန်အလာမှာ ရောက်ရောက်ချင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရာဇဝတ်မှု ပုဒ်မတွေနဲ့ တရားစွဲ ခံထားရတာကြောင့် အလုပ် လုပ်လို့မရခဲ့ပါဘူး။ ဒီအမှုက နှစ်နဲ့ချီ ကြာနေတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေကို စောင့်ရှောက်ထားတဲ့ စခန်းတစ်ခုမှာ ခိုလှုံနေရင်း အဲဒီက ငွေကြေးအထောက်အပံ့ကိုပဲ အားကိုးခဲ့ရပါတယ်။
ဆန့်ကျင်ဖက်လိင်အဖြစ် ဝတ်ဆင်မှုနဲ့ ပန်းရောင်ဓားတလက်
မစ္စပါတီဟာ အဝတ်အထည် ၁၁၅ ထည်၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေ၊ ဒီဗီဒီ စက်တစ်လုံးနဲ့ Gerald Genta ဒီဇိုင်နာ လက်ပတ်နာရီတစ်လုံး အပါအဝင် လီယူ မိသားစုပိုင် ပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။
ဒီပစ္စည်းအားလုံးရဲ့ တန်ဖိုးက စင်္ကာပူ ဒေါ်လာ ၃ သောင်း ၄ ထောင် ရှိတယ်လို့ ဆိုပါတယ်။
မစ္စပါတီက သူခိုးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့တဲ့ ပစ္စည်းတွေထဲက တချို့ဟာ သူပိုင်ပစ္စည်းတွေ ဒါမှမဟုတ် အလုပ်ရှင်တွေ ပစ်ထားလို့ ကောက်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပြီး တချို့ကတော့ ပုံးတွေထဲသူလုံးဝ မထည့်ခဲ့တဲ့ ပစ္စည်းတွေဖြစ်တယ်လို့ တရားခွင်မှာ ထွက်ဆိုသွားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ခရိုင်တရားရုံးတစ်ခုက မစ္စပါတီကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပါတီက တရားရုံးအမိန့်ကို အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် အမှုက ဆက်ကြာနေခဲ့ပြီး အခုလ အစောပိုင်းမှာမှ စင်္ကာပူ အထက်တရားရုံးက သူ့ကို အမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာပါ။
လီယူ မိသားစုဟာ မစ္စပါတီကို မလျော်မကန် ရည်ရွယ်ချက်တစ်ခုနဲ့ တရားစွဲခဲ့တယ်လို့ အထက်တရားရုံး တရားသူကြီး ချမ်း ဆန်အွန်း က ကောက်ချက်ချခဲ့ပါတယ်။ ဒါ့အပြင် ရဲ၊ အစိုးရ ရှေ့နေတွေသာမက ခရိုင်တရားသူကြီး ကိုယ်တိုင်ရဲ့ ဒီအမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံနဲ့ ပတ်သက်လို့ ချို့ယွင်းမှုတွေ အများကြီး ရှိခဲ့တယ်လို့လည်း သူက မီးမောင်းထိုးပြ ခဲ့ပါတယ်။
မစ္စတာ ကားလ် လီယူရဲ့အိမ်မှာ သန့်ရှင်းရေး သွားလုပ်ဖို့ တရားမဝင် ခိုင်းစေခဲ့တာနဲ့ ပတ်သက်ပြီး မစ္စပါတီ တိုင်ကြားမှာကို ဟန့်တားနိုင်ဖို့အတွက် လီယူ မိသားစုဘက်က ရဲစခန်းမှာ ဦးအောင် အမှုဖွင့် တိုင်ကြားခဲ့တာလို့ ယူဆလို့ ရနိုင်ကြောင်း တရားသူကြီးက ပြောပါတယ်။
မစ္စပါတီ ခိုးခဲ့တယ်လို့ စွပ်စွဲထားတဲ့ ပစ္စည်းအတော်များများဟာ တကယ်တမ်းမှာ ဟောင်းနွမ်းပျက်စီးနေပြီးသား ပစ္စည်းတွေ ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။ ဥပမာ လက်ပတ်နာရီဆိုရင် ဘုသီးတစ်ခု ပြုတ်နေပြီး အိုင်ဖုန်း နှစ်လုံးကလည်း သုံးလို့ မရတော့တဲ့အတွက် ဒီလို လုံးဝနီးပါး ပျက်စီးနေတဲ့ ပစ္စည်းတွေကို ခိုးယူထားတယ်ဆိုတာ "အဓိပ္ပာယ် မရှိဘူး" လို့ ဆိုပါတယ်။
နောက်ဥပမာ တစ်ခုကတော့ မစ္စပါတီဟာ ဒီဗီဒီ စက်တစ်လုံး ခိုးခဲ့တယ်လို့ စွပ်စွဲခံထားရပေမဲ့
အဲဒီစက်ဟာ သုံးမရတော့လို့ အိမ်ရှင်တွေက လွှင့်ပစ်ထားတာလို့ မစ္စပါတီက ပြောပါတယ်။
ဒီစက်ဟာ ဒီဗီဒီ အခွေတွေ ဖွင့်လို့ မရဘူးဆိုတာ သူတို့ သိခဲ့တယ်လို့ နောက်ပိုင်းမှာ အစိုးရ ရှေ့နေတွေက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီစက်ကို သက်သေပစ္စည်းအဖြစ် ထုတ်ပြခဲ့တုန်းက ဒါကို ဖွင့်မပြောခဲ့ဘဲ တခြားနည်း သုံးပြီး ဒီစက် ဖွင့်လို့ရတယ်ဆိုတာကို ပြခဲ့ပါတယ်။
"ဒါဟာ အစွပ်စွဲခံရသူကို ထိခိုက်နစ်နာအောင် လုပ်ဖို့အတွက် ဥပဒေကို လက်တစ်လုံးခြား အသုံးချခဲ့တာ ဖြစ်တယ်"လို့ တရားသူကြီး ချမ်းက ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် သက်သေစာရင်းထဲမှာ ထည့်ထားတဲ့ မစ္စတာ ကားလ် လီယူရဲ့ ထွက်ဆိုချက်တွေက ဘယ်လောက် ယုံကြည်စိတ်ချရသလဲလို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။
မစ္စတာ ကားလ် လီယူ က သူဗြိတိန်နိုင်ငံမှာ ဝယ်ခဲ့ပြီး ၂၀၀၂ခုနှစ် စင်္ကာပူကို ပြန်လာတဲ့အခါ ပြန်ယူလာတဲ့ ပန်းရောင်ဓားတစ်ချောင်းကို မစ္စပါတီ ခိုးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီဓားဟာ ၂၀၀၂ ခုနှစ်မတိုင်ခင်က ဗြိတိန်မှာ မထုတ်နိုင်သေးတဲ့ ဒီဘက်ခေတ် ခေတ်မီဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဓား ဖြစ်တယ်ဆိုတာကို သူ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။
မစ္စပါတီရဲ့ အထုပ်တွေထဲမှာ ရှာတွေ့ခဲ့တဲ့ အမျိုးသမီးအဝတ်တွေ အပါအဝင် အဝတ်အစားမျိုးစုံဟာ တကယ်တော့ သူ့ရဲ့ အဝတ်အစားတွေ ဖြစ်တယ်လို့လည်း မစ္စတာ ကားလ် လီယူ က ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ အဝတ်အစားတွေထဲက တချို့ကို သူပိုင်ခဲ့သလားဆိုတာ သူ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။
အမျိုးသမီးအဝတ်အစားတွေ ဘာ့ကြောင့် သူ့ဆီမှာ ရှိနေခဲ့တာလဲလို့ တရားခွင်မှာ မေးမြန်းတဲ့အခါမှာတော့ မစ္စတာ ကားလ် လီယူက သူဟာ ဆန့်ကျင်ဘက်လိင် ( အမျိုးသမီး) အဝတ်အစားတွေ ဝတ်ရတာ ကြိုက်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ရဲ့ ဖြေဆိုချက်ဟာ "အတော့်ကို မယုံနိုင်စရာ ကောင်းတယ်"လို့ တရားသူကြီး ချမ်းက ယူဆပါတယ်။
ဒါ့အပြင် ရဲစခန်းရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့လည်း တရားသူကြီး ချမ်းက မေးခွန်းထုတ်ခဲ့ပါတယ်။ ရဲစခန်းမှာ ကနဦး အမှုဖွင့်ခဲ့အပြီး သီတင်း ၅ ပတ် ကြာတဲ့အထိ အခင်းဖြစ်ခဲ့ရာ နေရာကို ရဲက သွားကြည့်တာ၊ စစ်ဆေးမေးမြန်းတာမျိုး မရှိခဲ့ပါဘူး။
ဒါ့အပြင် ရဲတွေဟာ မစ္စပါတီအတွက် အင်ဒိုနီးရှား စကားပြန် ငှားပေးဖို့ ပျက်ကွက်ခဲ့တဲ့အပြင် မစ္စပါတီ ကောင်းကောင်း မပြောနိုင်တဲ့ မလေး ဘာသာစကားပြောတဲ့ စကားပြန် တစ်ဦးကို ငှားပေးခဲ့ပါတယ်။
"ဒီစုံစမ်းဖော်ထုတ်မှုတွေမှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံက အတော်လေး စိတ်ပူစရာ ကောင်းတယ်" လို့ စင်္ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ်က ဥပဒေရေးရာ ပါမောက္ခ ယူဂျီး တန်က ဘီဘီစီကို ပြောပါတယ်။
"ခရိုင် တရားသူကြီးဟာ ဒီအမှုကို သေချာ မလေ့လာ မစစ်ဆေးဘဲ စီရင်ချက်ချခဲ့ပုံ ရပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေရဲ့ လစ်ဟာခဲ့ချက်တွေကိုလည်း မထောက်ပြနိုင်ခဲ့ဘူး"
အင်အား မမျှတဲ့ အားပြိုင်မှု
ဒီအမှုကြောင့် စင်္ကာပူနိုင်ငံမှာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး မစ္စတာ လီယူနဲ့ သူ့မိသားစုအပေါ် ဒေါသတွေ စုပုံကျခဲ့ပါတယ်။
ဒီအမှုဟာ ဆင်းရဲသား မျက်နှာမွဲတွေကို ဥစ္စာဓန ပေါကြွယ်ဝတဲ့ လူကုံထံ အသိုင်းအဝိုင်းကအနိုင်ကျင့်ပြီး မင်းမဲ့ ပြုမူခဲ့တဲ့ ဥပမာ တစ်ခုအဖြစ် အများက ယူဆခဲ့ကြပါတယ်။
အဆုံးသတ်မှာ တရားဥပဒေအတိုင်း ဆောင်ကြဉ်း ဖော်ဆောင်နိုင်ခဲ့တယ် ဆိုပေမယ့် မျှတမှု ရှိတယ်လို့ စင်္ကာပူနိုင်ငံသား တချို့က နှစ်ပေါင်းများစွာ မှတ်ယူလာခဲ့တဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်လို့တော့ ယုံကြည်မှု ပျက်ပြားသွားခဲ့ပါပြီ။
"ကျွန်တော် မှတ်မိသလောက် ဒီလိုအမှုမျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး" လို့ ပါမောက္ခ တန်က ပြောပါတယ်။
"ဒီအမှုမှာ တရားစီရင်ရေး မဏ္ဍိုင်ဘက်က အားနည်းချက်တွေကြောင့် လူထုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ ငါသာ မစ္စပါတီရဲ့ နေရာမှာဆို ဘယ်လို လုပ်မလဲ။ မျှမျှတတ စုံစမ်းစစ်ဆေးကြပါ့မလား။ ဘက်မလိုက်ဘဲ တရားစီရင်တာမျိုး ရှိပါ့မလား စတဲ့ မေးခွန်းတွေက လူအတော်များများရဲ့ ခေါင်းထဲ ဝင်လာကြပါတယ်။ လီယူ မိသားစုရဲ့ လိမ်ညာစွပ်စွဲချက်တွေကို ရဲနဲ့ အောက်တရားရုံးက ယုံစားခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အပြန်အလှန် ထိန်းညှိမှုတွေ လုပ်ရဲ့လားဆိုတဲ့ မေးခွန်းမျိုးက မေးစရာ ဖြစ်လာခဲ့ပါတယ်"
အများပြည်သူရဲ့ ဒေါသသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မစ္စတာ လီယူ မန်လောင် ဟာ အထင်ကရ ကုမ္ပဏီကြီး အတော်များများရဲ့ ဥက္ကဋ္ဌရာထူးကနေ သူအနားယူတော့မယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
သူ့ရဲ့ ကြေညာချက်ထဲမှာ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ချက်ကို သူ "လေးစား" သလို စင်္ကာပူနိုင်ငံရဲ့ တရားရေး မဏ္ဍိုင်ကိုလည်း သူ ယုံကြည်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရဲဆီမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကာကွယ်ပြောခဲ့ပြီး "မဟုတ်တာ လုပ်တယ်လို့ သံသယရှိရင် ရဲတပ်ဖွဲ့ကို တိုင်ကြားရမှာက ကျွန်တော်တို့ နိုင်ငံသားတိုင်းရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို ကျွန်တော် အမှန်တကယ် ယုံကြည်ထားတယ်" လို့ ပြောပါတယ်။
သူ့ရဲ့သား မစ္စတာ ကားလ် လီယူကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး ဒီကိစ္စအပေါ် ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒီအမှုကြောင့် ရဲတပ်ဖွဲ့နဲ့ အစိုးရှေ့နေတွေရဲ့ လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်မှုတွေ လုပ်ဖို့ ဖြစ်လာခဲ့ရပါတယ်။
"ဒီဖြစ်စဉ်တွေမှာ လွဲမှားမှုတွေ ဖြစ်ခဲ့တယ်"လို့ ဥပဒေနဲ့ ပြည်ထဲရေး ဝန်ကြီး ကေ ရှန်ယူဂန်က ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
နောက်ဆိုရင် အစိုးရ ဘာပဲလုပ်လုပ် မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခံရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ပိုတာဝန်ခံမှုနဲ့ စနစ်တကျ တရားမျှတမှုတွေ ရှိဖို့ စင်္ကာပူပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဆောင်ရွက် မပေးနိုင်ဘူး ဆိုရင်ဖြင့် လူကုံထံတွေဟာ လူမှုအသိုင်းအဝိုင်းထက် သူတို့ရဲ့အကျိုးကို ပိုကြည့်တယ်ဆိုတဲ့ အမြင်တွေ အမြစ်တွယ်လာနိုင်ဘွယ် ရှိတယ်လို့ စင်္ကာပူ နိုင်ငံရေးအကဲခတ် ဒေါ်နယ် လော က မကြာသေးခင်က သူ့ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
ဒီအမှုဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားမျှတမှု ရနိုင်ရေးအတွက်ကိုလည်း မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။
မစ္စပါတီဟာ စင်္ကာပူ နိုင်ငံမှာ ဆက်နေခွင့်ရခဲ့ပြီး ဒီအမှုကို ပြန်လည်ချေပနိုင်ခဲ့တာဟာ Home ဆိုတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တစ်ဖွဲ့နဲ့ ရှေ့နေ အန်နေးလ် ဘာချန်ဒါနီ တို့ရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ပါ။ မစ္စတာ အန်နေးလ်ဟာ ရှေ့နေလိုက်ခ စင်္ကာပူ ဒေါ်လာ ၁၅၀,၀၀၀ ထိ ရနိုင်ပေမဲ့ တစ်ပြားတစ်ကျပ်မှ မယူဘဲ အခမဲ့ ရှေ့နေလိုက်ပေးခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေကြောင်းဆိုင်ရာ အထောက်အပံ့တွေ ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီရွှေ့ပြောင်းလုပ်သားတွေဟာ များသောအားဖြင့် သူတို့မိသားစုမှာ အဓိက တဦးတည်းသော ငွေရှာသူတွေ ဖြစ်ကြတာမို့ ဥပဒေကြောင်းအရ တရားရင်ဆိုင်ရမယ်ဆိုရင် ဝင်ငွေမရှိဘဲ လတွေ နှစ်တွေနဲ့ချီ မရပ်တည်နိုင်တဲ့အတွက် ဆက်တရား မရင်ဆိုင်တော့ဖို့ ဆုံးဖြတ်လေ့ရှိကြတယ်လို့ Home အဖွဲ့က ပြောပါတယ်။
မစ္စပါတီကတော့ အခု သူ့နေရပ်နိုင်ငံကို ပြန်တော့မယ်လို့ ပြောပါတယ်။
"အခု ပြဿနာတွေလည်း ပြီးသွားပြီ ဆိုတော့ ကျွန်မ အင်ဒိုနီးရှားကိုပဲ ပြန်ချင်တယ်" လို့ မီဒီယာတွေမှာ သူက ပြောခဲ့ပါတယ်။
"ကျွန်မ အလုပ်ရှင်ကိုလည်း ကျွန်မ ခွင့်လွှတ်ပါတယ်။ နောက်နောင် တခြားအလုပ်သမားတွေကို အဲဒီလို မလုပ်ဖို့ပဲ သူတို့ကို အမှာစကား ပါးချင်ပါတယ်"