ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း - ရင်းမြစ်နဲ့ အသုံးတွင်ကျယ်မှု
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီ အလင်္ကာပုလဲပန်း
- ရေးသားခဲ့သည်။
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ၂၀၁၉ ခုနှစ်မှာ အသစ်ပြန်လည် တည်းဖြတ်တဲ့အခါ တချို့စာလုံးတွေကို ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါတယ်။ တချို့ဆိုပေမယ့် စာလုံးရေ ၂၀၀ လောက်ရှိပါတယ်။
အဲသလို ပြင်ဆင်တဲ့အထဲမှာ လူသုံးတွင်ကျယ်လွန်းတဲ့ အသံထွက်အတိုင်းပြောဆိုတဲ့ စကားတချို့ကို ခွင့်ပြုပြဋ္ဌာန်းပေးခဲ့တာတွေ ပါပါတယ်။
“လည်း” ဆိုတဲ့စကားလုံးကို အခုအပြောစကားပြေ အရေးအသားမှာ အသံထွက်တဲ့ အတိုင်း “လဲ” လို့ရေးမယ်ဆိုရင် ခွင့်ပြုတယ်လို့ ပြဋ္ဌာန်းပေးလိုက်ပါတယ်။ ဝေါဟာရ ရင်းမြစ်ကိုကြည့်ရင်တော့ “လည်း” ကသာအမှန်ဖြစ်ပါတယ်။ သူ့အနက်ဟာ “လည်း” မှာပဲရှိပါတယ်။ “လဲ” မှာ မရှိပါဘူး။
“လျင်” ဆိုတဲ့စကားကိုလဲ အခုအခါမှာ အပြောစကားပြေနဲ့ ရေးသားတဲ့အခါ “ရင်” လို့သုံးခွင့်ပြုလိုက်ပါတယ်။ အရင်တုန်းကဆိုရင် အရေးစကားပြေဖြစ်ဖြစ် အပြောစကားပြေမှာဖြစ်ဖြစ် “လျင်” လို့သုံးမှသာ အမှန်ဖြစ်ပါတယ်။ အခုရေးလိုက်တဲ့ “အရင်တုန်းကဆိုရင်” ဆိုတဲ့စာသားကို “အလျင်တုန်းကဆိုလျှင်” လို့သာရေးမှ အရင်သတ်ပုံကျမ်းရဲ့ ရေးထုံးနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။ အခုသတ်ပုံကျမ်းအသစ်အရကတော့ “အရင်တုန်းကဆိုရင်” လို့ရေးလို့ ရသွားပါပြီ။ ဝေါဟာရင်းမြစ်ကိုကြည့်ရင် လျင်ကပဲ အမှန်ဖြစ်ပါတယ်။ အနက်ဟာလည်း လျင်မှာပဲရှိပါတယ်။ ရင်ဟာ အမှန်မဟုတ်ပါဘူး။
ဒါပေမဲ့ လူအများရဲ့ ရင်ထဲမှာ အသံထွက်တဲ့အတိုင်းသာ ချရေးလိုက်ချင်တဲ့ ဆန္ဒက တော်တော်ပြင်းပြင်းပြပြ ရှိတတ်ကြပါတယ်။ သတ်ပုံအမှန်ကို သိလျက်နဲ့တောင်မှ အသံထွက်တဲ့အတိုင်း ရေးလိုက်မှသာ အားရတယ်ဆိုတဲ့ လူတွေကလဲ မနည်းမနောပါ။
“လာပါဦး” “စားပါဦး” ဆိုတဲ့စကားကိုလဲ အခုတော့ အပြောစကားပြေမှာ “လာပါအုံး” “စားပါအုံး” လို့ ရေးခွင့်ပြုလိုက်ပါပြီ။ အရင်တုန်းကဆိုရင် “ဦး” ကို “အုံး” လို့ ရေးတာဟာ မလုပ်စကောင်းမရေးစကောင်းတဲ့ ရေးထုံးသဖွယ်ဖြစ်ပါတယ်။ စာမတတ်ပေမတတ်တဲ့သူမျိုးသာ အဲသလိုရေးတာလို့တောင် သဘောထားတဲ့သူရှိချင် ရှိနိုင်ပါတယ်။ ဝေါဟာရ ရင်းမြစ်ကတော့ “ဦး” မှာပဲ ရှိပါတယ်။ “အုံး”ဟာ ရင်းမြစ်မဟုတ်ပါဘူး။ အသံထွက်အတိုင်း ရေးတဲ့ရေးထုံးကို ခွင့်ပြုပြဋ္ဌာန်းပေးလိုက်တာသာဖြစ်ပါတယ်။
“လုပ်မည့်ကိုင်မည့်ကိစ္စ”၊ “လာမည့်တနင်္ဂနွေနေ့” စတဲ့စကားတွေမှာ “မည့်” ဟာ အမှန်ဖြစ်ပါတယ်။ အရင်သတ်ပုံရေးထုံးအရ အရေးစကားပြေမှာပဲ ဖြစ်ဖြစ် အပြောစကားပြေမှာပဲ ဖြစ်ဖြစ် “မည့်” လို့ရေးမှ အမှန်ဖြစ်ပါတယ်။ ဒီသတ်ပုံအမှန်ကို မသိတဲ့သူတွေက အများစုလို့တောင် ဆိုနိုင်လိမ့်မယ်ထင်ပါတယ်။ အရင်သတ်ပုံကျမ်းမှာလည်း “မည့်” ကိုဘယ်လိုရေးရမယ်ဆိုတာ ထည့်သွင်းပြဋ္ဌာန်းဖော်ပြမထားလို့ပါ။ အဲဒီတော့ လူတော်တော်များများဟာ အပြောစကားပြေနဲ့ ရေးသားတဲ့အခါ “မယ့်” လို့ရေးချင်ရေး၊ ဒါမှမဟုတ် “မဲ့” လို့ရေးကြပါတယ်။ “မယ့်”လို့ရေးတဲ့သူက ပိုများပါတယ်။ အပြောစကားပြေမှာပါ “မည့်” လို့ရေးရမယ်ဆိုတာကို မသိတဲ့သူက များပါတယ်။ အခုပြဋ္ဌာန်းချက်အသစ်မှာ အရေးစကားပြေမှာ သုံးရမှာက “မည့်” ဖြစ်ပါတယ်။ သူဟာရင်းမြစ်အဓိပ္ပာယ်အမှန်ရှိတဲ့စကားလုံးလဲ ဖြစ်ပါတယ်။ အပြောစကားပြေမှာတော့ “မဲ့” ကိုသုံးရမယ်လို့ ပြဋ္ဌာန်းပေးလိုက်ပါပြီ။ ကြိယာကို “ပြောတယ်” လို့သုံးပြီး နာမဝိသေသနကို “ပြောတဲ့” လို့သုံးကြသလို ကြိယာကို “ပြောမယ်” လို့သုံးပြီး နာမဝိသေသနမှာ “ပြောမဲ့” လို့သုံးတာဟာ ရှေ့နောက်ဆီလျော်ပြီး လိုက်လျောညီထွေလည်း ဖြစ်သွားပါတယ်။ “ပြောမယ့်”လို့ ရေးနေကြတဲ့သူတွေ အတွက်တော့ အားမလိုအားမရဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“လည်း၊ ဦး၊ လျင်၊ မည့်” ကအမှန်ဖြစ်ပါလျက်နဲ့ ဘာ့ကြောင့် “လဲ၊ အုံး၊ ရင်၊ မဲ့” တွေကို ခွင့်ပြုပြဋ္ဌာန်းပေးလိုက်ပါသလဲ။ အသုံးတွင်ကျယ်လွန်းလို့ ပြဋ္ဌာန်းပေးလိုက်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
အသံထွက်တဲ့အတိုင်းရေးဖို့ကို တော်တော်ကြီး လွတ်လွတ်လပ်လပ်ခွင့်ပြုပေးလိုက်တော့ စိတ်လက်ပေါ့ပါး ချမ်းသာသွားတဲ့သူတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။
စိတ်ပေါ့ပါးစရာဖြစ်သလို စိတ်ရှုပ်ထွေးစရာအကြောင်းလဲ ရှိနေပြန်ပါတယ်။ အဲဒါကတော့ တချို့စကားလုံးတွေကို အသံထွက်တဲ့အတိုင်း ခွင့်ပြုပေမဲ့ တချို့စကားလုံးတွေကိုတော့ ရင်းမြစ်အတိုင်းရေးမှသာ အမှန်လို့ ပြဋ္ဌာန်းထားဆဲဖြစ်လို့ပါ။
ဥပမာပြောရရင် “နည်းနည်း”ဆိုတဲ့စကားကို အသံထွက်တဲ့အတိုင်း “နဲနဲ” လို့ရေးချင်တဲ့သူတွေ တော်တော်များပါတယ်။ ဒါပေမဲ့ “နည်းနည်း” လို့ပဲ ပြဋ္ဌာန်းထားပါတယ်။ “နဲနဲ”ကို ခွင့်ပြုမထားပါဘူး။ ရင်းမြစ်ကို ထိန်းသိမ်းဖို့လိုတဲ့ အတွက် “နည်းနည်း”ကိုပဲ ဆက်လက်ပြဋ္ဌာန်းထားတာပါ။ စကားလုံးတွေကို အသံထွက်တဲ့အတိုင်းချည်းသာ လိုက်ပြဋ္ဌာန်းမယ်ဆိုရင် ကြာရင် ရင်းမြစ်တွေ ရှာရ၊ သိရခက်သွားနိုင်ပါတယ်။ ရင်းမြစ်ပျောက်သွားနိုင်ပါတယ်။
ဒါပေမဲ့ အသုံးတွင်ကျယ်လွန်းလို့ ရင်းမြစ်ကိုမငဲ့ဘဲ အသံထွက်တဲ့ အတိုင်းပြဋ္ဌာန်းပေးရတာဟာ အခုမှမဟုတ်။ ရှေးယခင်ကတည်းရှိခဲ့ပါတယ်။ ဥပမာဆိုရရင် “ဂေါက်”ရဲ့ ရင်းမြစ်ဟာ “ကောက်”ပါ။ ဒါပေမဲ့ အသုံးတွင်ကျယ်လွန်းလို့ အသံထွက်တဲ့အတိုင်း “ဂေါက်”ကို ခွင့်ပြုပြဋ္ဌာန်းလာတာ ကြာပါပြီ။ “ကောက်”နေတဲ့ အရာကို ခေါ်တာ ဖြစ်တဲ့ အတွက် “ကောက်”မှာသာ အနက်အဓိပ္ပာယ်ရှိပါတယ်။ “ဂေါက်”မှာ ဘာအနက်မှ မရှိပါဘူး။ “ဂေါ်ပြား”ဆိုတဲ့စကားလုံးရဲ့ အနက်ဟာလဲ “ကော်ပြား”ပါ။ ကော်တဲ့အပြားမို့ “ကော်ပြား”ဖြစ်ပါတယ်။ ဒါပေမဲ့ “ဂေါ်ပြား”ကိုပဲ လူသုံးများနှစ်ခြိုက်တဲ့အတွက် “ဂေါ်ပြား”ကို အတည်ပြုပြဋ္ဌာန်းထားပါတယ်။ “ဂျင်”ဆိုတဲ့စကားလုးကိုလည်း အသံထွက်တဲ့ အတိုင်း ပြဋ္ဌာန်းပေးထားပါတယ်။ သူ့ရဲ့ ရင်းမြစ်ကလဲ “ကျင်”ပါ။ “ကျင်”ဆိုတာ လည်ပတ်တာကို ပြောတာပါ။ “ကျင်လည်”လို့ ဗမာစကားမှာ တွဲသုံးတဲ့ အလေ့အထရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာ “ကျင်”လို့ရေးရင် နားတောင်လည်ကြတော့မှာ မဟုတ်လို့ အများသုံးတွင်ကျယ်တဲ့အတိုင်း “ဂျင်” လို့ပဲ ပြဋ္ဌာန်းပေးထားပါတယ်။ “ဓား”ဆိုတဲ့စကားလုံးဟာလဲ မူလရင်းမြစ်က “ထား” ဖြစ်ပါတယ်။ အရင်က “ထား” လို့ပဲ သုံးခဲ့ဖူးပါတယ်။ အခုတော့ အသံထွက်တဲ့အတိုင်း “ဓား”လို့သုံးဖို့ ပြဋ္ဌာန်းထားပါတယ်။ “ဒေါက်”ဆိုတဲ့စကားလုံးရဲ့ ရင်းမြစ်ကလဲ “ထောက်”ဖြစ်ပါတယ်။ ထောက်ထားတဲ့ အရာမို့ “ထောက်”က အမှန်ပါ။ ဒါပေမဲ့ အသုံးတွင်ကျယ်တဲ့အတိုင်း “ဒေါက်”လို့ ပြဋ္ဌာန်းခွင့်ပြုထားပါတယ်။
စောစောကပြောသလို “နည်းနည်း”ကိုတော့ “နဲနဲ”လို့ ရေးခွင့်မပြုပါဘူး။ အလားတူပဲ “ဖြည်းဖြည်း”ကိုလည်း “ဖြေးဖြေး”လို့ ရေးခွင့်မပြုပါဘူး။ လူတွေက အသံထွက်တဲ့အတိုင်း “ဖြေးဖြေး”လို့ အလွန်ရေးချင်ကြပါတယ်။ ပညာတတ်အသိုင်းအဝိုင်းမှာတောင် “ဖြေးဖြေး”လို့ ရေးချင်ကြသူတွေ အများအပြားပါ။ သိသိနဲ့ရေးချင်သူတွေများသလို “ဖြေးဖြေး”မှသာ အမှန်လို့ ထင်နေကြသူတွေလည်း မနည်းမနောပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်က ဥပမာတခုပြောပြပါတယ်။ ဆရာကြီးနဲ့ ဆွေးနွေးထားတာလေးကို ပြန်ဖော်ပြပါမယ်။
မေး
“ဖြည်းဖြည်းဆိုတဲ့စကားဆိုရင် ညသတ်နဲ့ ဖြည်းဖြည်းလို့ ရေးတာက အမှန်ဆိုတာသိလျက်နဲ့တောင်မှ ဖြီးဖြီးလို့ အသံထွက်ဖြစ်နေတာကို မကြိုက်ကြလို့ ဖြေးဖြေးလို့ တမင်မှားရေးနေတဲ့သူတွေရှိကြပါတယ်။ အဲဒီစကားလုံးလဲ အများသုံးတွင်ကျယ်တာပဲ။ ဖြေးဖြေးကိုရော လက်ခံပြဋ္ဌာန်းမပေးဘူးလား။”
ဆရာကြီးဦးထွန်းတင့်ဖြေ
“မပြဋ္ဌာန်းဘူးဗျ။ အဲဒါကိုတော့ နဂိုအတိုင်းပဲထားတယ်။ ကျွန်တော်မြန်မာစာ၊ မြန်မာစကားဆိုတဲ့အထဲမှာ ဆောင်းပါးလေးတပုဒ်တောင်ရေးထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာစာပေါ်စကတည်းက သတ်ပုံကျမ်းတွေ၊ ပျို့ကဗျာလင်္ကာတွေ အကုန်လုံးမှာ ဖြည်းဖြည်းလို့ပဲ ရေးတယ်။ ဘယ်သူမှ ဖြေးဖြေးလို့ မရေးဘူး။ ရှေးကပညာရှိတွေရေးတဲ့ ပျို့ကဗျာလင်္ကာတွေမှာ မတွေ့ခဲ့ဖူးဘူး။ ဖြေးဖြေးဆိုတာ တခါမှမတွေ့ခဲ့ရဖူးတဲ့အရာပေါ့ဗျာ။”
မေး
“အသံထွက်အတိုင်း တချို့ဟာကို ခွင့်ပြုပြီး တချို့ကိုတော့ ခွင့်မပြုဘူးဆိုတော့ အဲဒါက နည်းနည်းများ ရှုပ်ထွေးစရာဖြစ်မလားဆရာ။”
ဆရာကြီး ဦးထွန်းတင့်
“ဟုတ်တယ်။ နည်းနည်းတော့ဖြစ်တယ်။ ဘက်ပေါင်းစုံက စင်းလုံးချောပြည့်စုံတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ တချို့ကလဲ ဒီအတိုင်းထားမှ သင့်တော်မယ်ဆိုတဲ့ဟာမျိုး၊ ရေးထုံးအမှန်အတိုင်းပဲ လက်ခံမယ်ဆိုတာမျိုးတွေလဲ ရှိတာပေါ့။ ဥပမာ “လေပြည်လေညှင်း”ဆိုတဲ့စကားလုံး။ လူတွေကလဲ ရေးချင်တာပေါ့။ အသံထွက်တဲ့အတိုင်း “လေပြေလေညှင်း”ဆိုပြီး။ စောစောက “ဖြည်းဖြည်း”လိုပေါ့။ တချို့က “ဖြေးဖြေး”လို့ ရေးတာလက်တွေ့ကြသလိုပေါ့။ ဒါမှအမှန်လို့ထင်ပြီးရေးနေကြတယ်။ တခါတုံးက ရန်ကုန်တက္ကသိုလ်ထဲမှာတောင် ဖြစ်ခဲ့ဖူးတာတခုရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲက အဓိပတိလမ်းမကြီးပေါ်မှာ ကားကို “ဖြေးဖြေးမောင်း”ဆိုပြီး သဝေထိုးနဲ့ ရေးထားတယ်ဗျ။ ဒါပေမဲ့ သထုံလမ်းမှာကျတော့ “ဖြည်းဖြည်းမောင်း”လို့ ရေးထားတယ်ဗျ။ အဓိပတိလမ်းမှာ ဖြေးဖြေး သထုံလမ်းမှာ (ဖြီးဖြီး) ဖြည်းဖြည်း အဲသလိုတောင် ဖြစ်နေတယ်ဗျ။”
မေး
“တက္ကသိုလ်လို ပညာတတ်တွေရဲ့ အသိုင်းအဝိုင်းထဲမှာတော့ အမှန်အတိုင်းဖြစ်ဖို့ကောင်းတာလက်ခံပါတယ်ဆရာ။ စာထဲပေထဲမှာလည်း အမှန်အတိုင်းဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အဝေးပြေးလမ်းမကြီးမှာ သဝေထိုးနဲ့များရေးရင်တော့ ကျွန်တော့်သဘောဆိုရင် သိပ်မကန့်ကွက်ချင်ဘူး။ စာဖတ်မများတဲ့သူ၊ စာတတ်ပေတတ်မဟုတ်တဲ့သူတွေက သဝေထိုးနဲ့ ဖြေးဖြေးလို့ရေးရင် ပိုပြီးမြန်မြန် သဘောပေါက်လွယ်တယ်လို့ ထင်ပါတယ်။ ကားမောင်းရင်း အမြန်ဖတ်တဲ့အခါ ရင်ထဲကို ဒိုင်းကနဲ မြန်မြန်ရောက်တယ်ထင်ပါတယ်။”
ဆရာကြီးဦးထွန်းတင့်
“ဒါပေါ့ဗျာ။ ဒီအတိုင်းဖတ်လိုက်ရင်ကိုပဲ ဖြေးဖြေးလို့တန်းအသံထွက်တာဆိုတော့ မြန်မြန်သဘောပေါက်တာပေါ့။ ဒါတော့လဲ ကိုသိမ်းမြတ်ပြောတာမှန်ပါတယ်။ (ဆရာကြီးဦးထွန်းတင့်ကရယ်ပြီး) ဒီလိုလုပ်မယ်ဗျာ။ အဝေးပြေးကျရင် သဝေထိုးနဲ့ ရေးပါဆိုပြီး အဝေးပြေးသတ်ပုံကျမ်း သတ်သတ်ထုတ်မယ်။ မကောင်းဘူးလား။”