ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်တိုက်ပွဲနဲ့ ကြုံနေရတဲ့ ရန်ကုန်၊ ကိုဗစ်ပေးတဲ့စိတ်ဒဏ်ရာကိုဘယ်လိုကျော်လွှားကြမလဲ စတဲ့ တစ်ပတ်အတွင်းသတင်းကောက်နုတ်ချက်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ထောင်ချီပြီး ခုန်တက်သွားတဲ့ ရန်ကုန်မှာ ပိုးရှိသူတွေကို ကုသဖို့၊ ထိတွေ့မိသူတွေကို သီးခြားခွဲထားဖို့ တာဝန်ရှိသူတွေ အပူတပြင်းလုံးပန်းနေကြရပါတယ်။ ရေရှည်ကိုဗစ်တိုက်ပွဲအတွက် ရန်ကုန်က တက်စုံဖွင့်ရွက်ကုန်လွှင့်လို့ ကြိုးစားခုခံနေရပါပြီ။
တစ်ခါ မြန်မာမှာ မတ်လကနေ အခုထိ ၆ လနီးပါးကြာဖြစ်ပွားနေတဲ့ ကိုဗစ်က ပေးတဲ့ စိတ်ဒဏ်ရာတွေ၊ အထူးသဖြင့် ကိုဗစ်ဒုတိယလှိုင်းရဲ့ ပြင်းထန်မှုဂယက်ကြောင့် ခံစားနေကြရတဲ့ စိတ်သောကတွေကိုလည်း ရှိလာနေပါပြီ။
ကိုဗစ်တိုက်ပွဲနဲ့ ကြုံနေရတဲ့ ရန်ကုန်
မြန်မာမှာ ကိုဗစ်အတည်ပြုလူနာဟာ လေးထောင်ကျော်သွားပါပြီ။ ရန်ကုန်မှာ အတည်ပြုလူနာ နှစ်ထောင်ကျော်နဲ့ လူနာစုစုပေါင်းရဲ့ ထက်ဝက်ကျော် ရှိနေတာဖြစ်ပါတယ်။ သေဆုံးသူ အများစုကလည်း အခုအထိတော့ ရန်ကုန်က ဖြစ်နေပါတယ်။
တစ်လအတွင်း လူနာ ထောင်နဲ့ချီရှိလာတဲ့ ရန်ကုန်မှာ ကိုဗစ်ယာယီကုသရေးဆေးရုံ ၃ ခုထိ တိုးချဲ့ပြင် ဆင်ထားပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေလည်း ရောက်ရှိအား ဖြည့်ထား လိုက်ပါပြီ။
ဒါကြောင့် ရန်ကုန်မှာ ကိုဗစ်လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့အခြေအနေရှိတယ်လို့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
သူဟာ ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ လူနာတွေ တိုးလာလို့ ကုသမှုတွေ မနိုင်မနင်းဖြစ်တာ၊ လူနာနဲ့ ဆရာဝန် အင်အားမမျှတာတွေမရှိဘဲ နိုင်နိုင်နင်းနင်း ကုသပေးနေတယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိလူနာအများဆုံးရှိနေတဲ့ရန်ကုန်ဟာ တစ်ပြည်လုံးမှာ လူဦးရေအများဆုံးနေထိုင်တဲ့မြို့လည်းဖြစ်သလို စီးပွားရေးမြို့တော်ဖြစ်လို့ ရွှေပြောင်းလုပ်သား လူထု လူတန်းစား မျိုးစုံ နေထိုင်တဲ့ မြို့တော်ကြီးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒေါက်တာဇော်ဝေစိုးကတော့ ရန်ကုန်ကိုထိန်းနိုင်ရင် တစ်နိုင်ငံလုံးကိုထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ကိုဗစ်ဟာ တကယ်တော့ မှန်းဆရခက်ခဲတဲ့ ဗိုင်းရပ်စ်ပိုး အသစ်ဖြစ်ပြီး ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေကို အတိအကျ မလိုက်နာနိုင်ရင် ထိန်းသိမ်း ကာကွယ်ရခက်တဲ့ အခြေအနေကို ပြန်ရောက်တတ်ပါတယ်။
အခြေခံအဆောက်အဦးနဲ့ လူသားအရင်းအမြစ်ပြည့်စုံပြီး ကျန်းမာရေးစောင့်ရှောက်မှုကောင်းတဲ့ ကမ္ဘာ့ နိုင်ငံတွေမှာတောင် ရောဂါကူးစက်မှုနှုန်းကျလာလို့ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တာ နဲ့တစ်ပြိုင်နက် လူနာအရေအတွက်ဟာလည်း တစ်ရှိန်ထိုး ထိုးတက်လာတတ်တာမျိုးပါ။
ဒီတော့ ရေရှည်တိုက်ရမယ့် ကိုဗစ်တိုက်ပွဲကို ရင်ဆိုင်ဖို့ ရန်ကုန်က ဘယ်လောက်အထိ အကောင်းဆုံး ပြင်ဆင်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာဇော်ဝေစိုးက လူနာတွေ များလာလို့ မနိုင်တော့တဲ့ အခြေအနေလည်း ဖြစ်နိုင်ပြီး အဲဒီလိုအခြေအနေကြုံရရင်လည်း အခုလို မကူးစက်အောင် ထိန်းချုပ်ထားတဲ့ လုပ်ငန်းစဉ်(Containment procedure) ကို ဆက်ပြီးကျင့်သုံးနေတာကြောင့် လူထုကြား ကူးစက်ပြန့်ပွားမှုကို ထိန်းနိုင်နေတယ်လို့ ဆိုပါတယ်။
"ဒီရောဂါရဲ့ဒုက္ခပေးခံရမယ့်သူတွေက အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေဖြစ်တယ်။ ကျွန်တော်တို့အခု contain လုပ်ထားတဲ့အတွက် အဲဒီလိုလူတွေဆီကို ရောဂါရောက်တာနည်းတယ်။ တကယ်လို့သာ ကျွန်တော်တို့က ငါတို့နိုင်မှာမဟုတ်ပါဘူးဆိုရင် ဒီနေ့ အဲဒီ procedureကို ဖြုတ်ချလိုက် ဒီနေ့ အဲဒီလူကြီးတွေဆီ ရောဂါရောက်သွားရင် သဘက်ခါကျရင် အဲဒီလူကြီးတွေဆီရောဂါရောက်သွားမယ်။ လိုအပ်ရင် မနိုင်ရင် ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့မယ်။ ခုလည်း ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့နေပါတယ်" လို့ သူက ပြောပါတယ်။
အဲဒီလို ဖြည်းဖြည်းချင်းလျှော့တဲ့အခါမှာ လက်ရှိမှာ ယခင်က အသွားအလာကန့်သတ်မှုကို ၂၁ ရက်ကနေ အခု ၁၄ ရက်ကိုပြောင်းလဲတာ၊ ဆေးရုံတင် ထားသူတွေကို ပိုးမတွေ့ အဖြေနှစ်ကြိမ်ထွက်ပြီး တခြားသူဆီ မကူးစက်ဘူးဆိုတာသေချာတော့မှ ပေးဆင်းမယ့်အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လမ်းညွှန်ချက်နဲ့အညီ ရောဂါလက္ခဏာပြတဲ့ နေ့ကနေ ဆယ်ရက်မြောက်မှာ တခြားသူကို ရောဂါမကူးနိုင်တော့တာကြောင့် ဆေးရုံဆင်းမယ့်ရက်ကို ရောဂါလက္ခဏာပြပြီးနောက် ၁၄ ရက်ဆို ဆင်းခွင့်ပြုတဲ့အထိ လျှော့ချပေးလိုက်တာတွေ လုပ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ လူအများစု တောင်းဆိုနေကြတဲ့ နေအိမ်တွေမှာ အသွားအလာကန့်သတ်မှုကိုခွင့်ပြုဖို့ကို မလုပ်သေးဘူးလို့ သူကဆက်ပြောပါတယ်။
ဒါပေမဲ့ နောက်ပိုင်း သိပ်များလာရင်တော့ လုပ်ကောင်းလုပ်ဖို့ရှိမယ်လို့ ပြောပါတယ်။
ရန်ကုန်မှာ ကိုဗစ်ကုသဖို့အတွက် သီးသန့်ပြင်ဆင်ထားတဲ့ ဆေးရုံတွေမှာ ရောဂါပြင်းထန်လူနာတွေကို ထားဖို့ အထူးကြပ်မတ်ကုသခန်း (ICU) တွေပြင်ဆင်ထားပြီး အိုင်စီယူ ခုတင်ပေါင်း ၇၀ ရှိတယ်လို့ သူကပြောပါတယ်။ အဲဒီ ခုတင် ၇၀ ထဲက ၂၅ ထိသာ အသုံးပြုရသေးပြီး မြောက်ဥက္ကလာပဆေးရုံမှာလည်း အိုင်စီယူခုတင် ၂၂ လုံးထပ်မံပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒီထက် ထပ်လိုမယ်ဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသခန်း ခုတင် ၂၀ကနေ ၃၀ ထိ ထပ်ထည့်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေတဲ့ရန်ကုန်အတွက်တော့ မြို့ခံတွေအနေနဲ့ သေစေလောက်တဲ့ ဒီရောဂါကို မပေါ့ဆစေလိုဘဲ ဂရုစိုက်စေလိုပြီး အားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပေးကြဖို့လည်း ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းပါတယ်။
လက်ရှိမှာတော့ ရန်ကုန်က ကိုဗစ်လူနာ နှစ်ထောင်ကျော်ထဲမှာ အထူးကြပ်မတ်ကုသပေးနေရသူ တချို့ရှိနေပါတယ်။ လူနာဦးရေ လေးထောင်ကနေ ငါးထောင်ကြားထိ တော့ လက်ခံကုသပေးနိုင်ဖို့ အသင့်ပြင်ဆင်ထားပြီလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ကိုဗစ်ကပေးတဲ့စိတ်ဒဏ်ရာကိုဘယ်လိုကျော်ဖြတ်မလဲ
ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဟာ အလွန်ကိုကူးစက်မြန်ပါတယ်။
မိသားစုတစ်ခုမှာ တစ်ဦးကူးစက်ခံရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် တွေအရ ကျန်မိသားစုအားလုံးဟာ အစိုးရသတ်မှတ်ထားတဲ့ နေရာတွေမှာ သွားရောက် နေထိုင်ရတာပါ။
ဒါပေမဲ့ မာယာများတဲ့ ကိုဗစ်ကြောင့် တစ်မိသားစုတည်းမှာတင် မကူးစက်ခံရတဲ့သူတွေလည်း ရှိတဲ့အတွက် ရောဂါမကူးစက်သူနဲ့ ကူးစက်ခံရသူတွေ တကွဲတပြားနဲ့ နေထိုင်ရတာတွေ၊ ပြင်ဆင်ချိန်မရဘဲ ကွာရန် တင်းစင်တာနဲ့ ကုသရေးဆေးရုံတွေကို ရောက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
အထူးသဖြင့် ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်း အမြင့်ဆုံးဆိုတဲ့ အချိန်ကို ကျော်ဖြတ်ခဲ့ရတဲ့ ရက်တွေအတွင်း နေရာထိုင်ခင်းအပါအဝင် အဆင်မပြေမှုတချို့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့အတွက် အပြင်က မကူးစက်သေးတဲ့လူထုကြားမှာပါ ပူပန်မှုတွေ အထိုက်အလျောက် ရှိလာခဲ့ပါတယ်။
ဒါ့အပြင် အရွယ်မရောက်သေးတဲ့ ကလေးငယ်နဲ့ မိခင်တချို့ ကိုဗစ်ကုသရေးနေရာတွေမှာ တကွဲတပြားစီ နေထိုင်ရတဲ့ဖြစ်စဉ်အနည်းငယ်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာကြောင့် ကလေးမိဘတွေကြား စိတ်ပူစိုးရိမ်မှုတွေရှိလာတာပါ။
ကိုဗစ်လူနာတွေထဲက တစ်ဦးဖြစ်တဲ့ လူနာနံပါတ် ၁၀၃၂ ကတော့ ကိုဗစ်ကူးစက်ခံရကြောင်း သိရချင်းမှာပဲ အသက်အန္တရာယ်ထိ တွေးတော စိတ်ပူခဲ့ရပြီး ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
လူနာနံပါတ် ၁၃၀၂ ဟာ အခုတော့ ဖောင်ကြီးဆေးရုံမှာ ကုသမှုခံယူပြီး ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။
ကိုဗစ်ဟာ ကူးစက်ခံရသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို အဓိက ထိခိုက်တာဖြစ်ပြီး ဗိုင်းရပ်စ်တွေ့တယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေရချိန်မှာ မျက်ရည်ကျခဲ့ပြီး ဘယ်သူနဲ့မှလည်း စကားမပြောချင်သလို ဘာကြောင့် ငါ့ကျမှ ဒီရောဂါ ဖြစ်ရတာလဲဆိုတဲ့ အတွေးတွေကလည်း လူကို ပိုပြီး စိတ်ဓာတ်ကျစေခဲ့တယ်လို့ ပြောပါတယ်။
သူဆိုရင် သံသယရှိတာကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် ကျန်းမာရေးဌာနကို အကြောင်းကြားပြီး သွားရောက်သတင်းပို့ ဆေးကုသမှုခံခဲ့ပေမဲ့ ပတ်ဝန်းကျင်ကလည်း တလွဲထင်မြင်ပြီး ဆိုရှယ်မီဒီယာကနေ သူနဲ့ သူ့မိသားစုတို့ကို ရေးသားတာတွေ သတင်းမှားပျံ့နှံ့မှုတွေကြောင့် စိတ်ဆင်းရဲထိခိုက်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စိတ်ဆင်းရဲထိခိုက်ချိန်တွေမှာ ဘာသာရေးလုပ်ပြီး ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ လူနာနံပါတ် ၁၃၀၂ ဟာ အခုတော့ ဖောင်ကြီးဆေးရုံမှာ ကုသမှုခံယူပြီး ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်နဲ့ သေဆုံးသူတွေထဲ သက်ကြီးရွယ်အိုတွေနဲ့ရောဂါအခံရှိသူတွေအများစုဖြစ်နေတယ်ဆိုတဲ့ သတင်း အချက်အလက်ကြောင့် ရောဂါအခံရှိသူတွေမှာလည်း ကိုဗစ်မဖြစ်သေးပေမဲ့ ကြောက်စိတ်က တစ်ဆင့် စိတ်ဖိစီးသောကရောက်ရ တာက ပိုဆိုးနေပြီး ဒါတွေကိုအများဆုံးဖြေရှင်းနေရတယ်လို့ စိတ်ပညာဌာနမှူး ၊ အငြိမ်းစားပါမောက္ခ ဒေါက်တာခင်မြင့်က ပြောပါတယ်။
ကူးစက်သူ အများဆုံးရှိနေတဲ့ရန်ကုန်ကို ကာကွယ်ထိန်းချုပ်ဖို့ အစိုးရနဲ့ ပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရန်ကုန် ကိုဗစ်ကော်မတီကတော့ အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်နေပါပြီ။
အခုအနေအထားက ရောဂါပြန့်ပွားမှုကို ထိန်းနိုင်အောင် အရင်ဆုံးကြိုးစားနေကြရတာပါ။ ထိန်းနိုင်ပြီဆိုရင်တောင် နောက်ထပ် ကူးစက်မှုတွေ ပြန်ဖြစ်မလာအောင် သတိရှိရှိနဲ့ နေသွားကြရဦးမှာပါ။
ကိုဗစ်ကာလမှာ အများဆုံးကုသပေးရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကများတဲ့ဝေဒနာတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"နဂိုတည်းက စီးပွားရေးလှုမှုရေးမပြေလည်တဲ့မိသားစုက တော်တော်များတယ်။ အဲဒီမှာမှထပ်ပြီး လူမှုရေးအရရော ဒီရောဂါများ ဖြစ်ခဲ့ရင်ဆိုတဲ့ ခြောက်လှန့်မှုကရော ခံစားနေရတာကြောင့် ဒီနှစ်ခုက ဖြစ်ဖို့များတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်။ အမြင်က အရေးကြီးတယ်။ ကိုယ်က ဒါကိုမကျော်လွှားနိုင်ဘူးဆိုတဲ့ အမြင်ကိုမတွေးနဲ့။ ငါ့မှာ ဒါကို ကျော်လွှားဖို့ ခွန်အားရှိတယ်လို့ ယုံကြည်ရမယ်။ အရမ်းစိုးရိမ်သောက ပူပန်ပိုများလေလေ ကိုယ်ခန္ဓာရဲ့ ခုခံအားပိုကျလေလေပဲ။ အဲဒီခုခံအားကျမှရောဂါက ဝင်လာမှာ။ ဒါကြောင့်မို့ ဒါကို သိပ်ပြီး stress လိုမမြင်စေနဲ့" လို့ဒေါက်တာခင်မြင့်က ပြောပါတယ်။
ဒါ့အပြင် ဒီရောဂါနဲ့ပတ်သက်တဲ့ မကောင်းတဲ့မြင်ကွင်းတွေ သတင်းတွေကို အမြဲကြည့်နေမယ်ဆိုရင် စိတ်ကို ပိုဖိစီး ခြိမ်းခြောက်စေတာကြောင့် ဒီရောဂါနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ သတင်းအချက်အလက်လောက်ပဲ ယူထားပြီး ဘာသာရေးအပြင် တခြား မိမိနှစ်သက်ရာမှာ စိတ်အာရုံကို မွေ့လျော်ဖို့ ကြိုးစားသင့်တယ်လို့ ဒေါက်တာခင်မြင့်က အကြံပြုပါတယ်။