ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်လူနာ သေဆုံးသူ ၂၀ ဦးရှိလာ၊နှစ်ရက်အတွင်း ၅ဦးသေဆုံး
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေ သူတွေထဲက ဒီရက်ပိုင်း ၄ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း၂၀ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းအထိ သေဆုံးသူ ၁၅ ဦး ရှိခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ ည ၈နာရီမှာတော့ သေဆုံးသူ ၂၀ ဦးအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
၁၆ ဦးမြောက် သေဆုံးတဲ့သူကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ တက်ရောက်ကုသမှုခံယူ နေတဲ့ အသက် (၇၀) နှစ်အရွယ် အမျိုးသား လူနာအမှတ် ၂၃၅၁ ဖြစ်ပြီး ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိခြင်း၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာ ၁၂ ရက်နေ့က သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကထုတ်ပြန်ခဲ့ပါတယ် ။
စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထပ်မံသေဆုံးသူတွေကတော့ ရန်ကုန် ဆေးရုံကြီးနဲ့ ဝေဘာဂီ ဆေးရုံတို့က တစ်ဦးစီဖြစ်ပြီးတော့ သင်္ဃန်းကျွန်း ပြည်သူဆေးရုံကြီးက နှစ်ဦးဖြစ်ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကုသမှုခံယူစဥ် သေဆုံးကြောင်း ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်က လူနာတွေက တော့ အသက် ၇၀ ကျော် အရွယ် နှစ်ဦးနဲ့ အသက် ၉၀ အရွယ် နှစ်ဦးတို့ဖြစ်ကြပါတယ်။
ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးတဲ့ လူနာတွေကတော့ လူနာအမှတ် ၂၅၂၃ ၊ ၂၂၆၀ ၊ ၂၄၂၉ နဲ့ ၂၀၆၄ တို့ဖြစ်ကြပါတယ် ။
သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကတော့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ အသည်းရောင်ရောဂါစီပိုး ၊နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အပါအဝင် ကျောက်ကပ်ပျက်စီးခြင်းတွေနဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်က သေဆုံးခဲ့တဲ့ လူနာနံပါတ် ၂၁၆၅ အမျိုးသမီးဟာ အသက် ၃၂ နှစ်သာ ရှိသေးတာကြောင့် သေဆုံးသူ ကိုဗစ်လူနာတွေထဲမှာ အသက်အငယ်ဆုံး လူနာ ဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်က ကွယ်လွန်ခဲ့တဲ့ လှိုင်မြို့နယ်က ဆီးချိုရောဂါအခံရှိသူ ကိုဗစ်အတည်ပြုလူနာနံပါတ် ၁၄၉၁ ဟာလည်း အသက် ၄၅ နှစ်သာ ရှိသေးတာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
စက်တင်ဘာလ ၁၃ရက်မနက်ပိုင်းက နောက်ဆုံး စံချိန်တင်တွေ့ရှိတဲ့ လူနာ ၃၅၁ ဦးမှာတော့ လူနေထူထပ်တဲ့ ရန်ကုန်ကအများဆုံးဖြစ်ပြီး ၂၇၂ ဦးအထိရှိခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်က ၃၈ဦး ၊မွန်ပြည်နယ်မှာ ၂၁ဦးနဲ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ လည်း ၇ ဦးတွေ့ရှိခဲ့ကြပါတယ်။
အတည်ပြုလူနာတွေကို ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဧရာဝတီတိုင်းနဲ့တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့ မှာတွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်အတွက် ကိုဗစ်ဓာတ်ခွဲနမူနာပေါင်း တစ်ထောင် သုံးရာကျော် ကို စစ်ဆေးခဲ့ရာမှာ လည်း အတည်ပြုလူနာ ၁၃၆ ဦး တွေ့ရှိခဲ့ရ ပြီးစုစုပေါင်း မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၂၉၃၂ ဦးရှိပြီလို့လည်းစက်တင်ဘာ၁၃ ရက်နေ့ ည၈နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်အတွက် ထပ်တိုးလူနာတွေဟာ ဘယ်ပြည်နယ်နဲ့တိုင်းကဆိုတာကို တော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁၂ ရက်ကလည်း ရန်ကုန်က ကိုဗစ်အတည်ပြုလူနာ တစ်ရာကျော်နဲ့ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ၁၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
တစ်ကျော့ပြန် ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ ရန်ကုန်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာ အများဆုံးဖြစ်နေပြီး စုစုပေါင်း လူနာဦးရေဟာ စက်တင်ဘာ ၁၂ ရက်နေ့ခင်းပိုင်းမှာ တစ်ထောင်ကျော်ခဲ့ပြီဖြစ်ပါတယ်။
ပြည်တွင်းကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်မှာတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူနာသစ်တွေ့နှုန်း ကျလာခဲ့ပြီး တစ်ကျော့ပြန်ကိုဗစ်ဖြစ်ပွားမှုမှာ စုစုပေါင်းလူနာအရေအတွက်က ခြောက်ရာကျော် ရှိနေပါတယ်။
ရခိုင်ပြည်နယ်စစ်တွေမှာ အသက်၇၀ အရွယ် လူနာတစ်ဦး စက်တင်ဘာလ ၁၃ ရက်နေ့ညက သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက တစ်ဆင့် သိရပေမဲ့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းမှာတော့ ပါဝင်ခြင်းမရှိသေးပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အရေး တိုင်းပြည်ကို စက်တင်ဘာ ၁၀ ရက်က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အခုနောက်ပိုင်း ကိုဗစ်လူနာတွေထဲက ကွယ်လွန် သူတွေထဲမှာ နှစ်ဦးက အသက်လည်းမကြီးသေးသလို အရွယ်ကောင်းတွေလို့ ပြောလို့ရပြီး တခြားဘာရောဂါ အခံမှလည်းမရှိဘူးလို့ ပြောပါတယ်။
ဒါကြောင့် ကိုဗစ်ကို အသက်အန္တရာယ် မထိခိုက်ဘူးဆိုပြီး ပေါ့ပေါ့တန်တန် မစဉ်းစားဖို့လည်း အတိုင်ပင်ခံက သတိပေးပါတယ်။
ရန်ကုန်ကိုလည်း စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပြီး တင်းကျပ်တယ်လို့ တချို့က ထင်ပေမဲ့ ဒီလို တင်းတင်းကျပ်ကျပ်နဲ့ နှစ်ပတ်သုံးပတ်လောက် လိုက်နာမယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။
ကိုဗစ်ထိန်းချုပ်ဖို့ ရန်ကုန်မှာ အဝေးပြေး ကားလိုင်းနဲ့ လေကြောင်းလိုင်းတွေ ရပ်ထားပြီးရပ်ကွက်တွေအလိုက် အဝင်အထွက် ထိန်းချုပ်တာတွေရှိနေပါတယ်။