ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ ကိုဗစ်ကာလ ခပ်ခွာခွာ မဲဆွယ်ပွဲ တွေစတင်
နိုင်ငံရေးပါတီပေါင်း ၁၀၀ နီးပါးဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလ ပထမဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံရေးပါတီ အများစုက မဲဆွယ်စည်းရုံးမှုတွေ စလုပ်ခဲ့ကြပါတယ်။
အဓိက ပါတီကြီးတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီ၊ ပြည်သူ့ရှေ့ဆောင် PPP ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင် UBP ပါတီ၊ ပြည်သူ့ပါတီစတဲ့ ပါတီတွေက ပါတီအလိုက် စည်းရုံးရေးလုပ်ငန်းတွေ စလုပ်နေကြပါပြီ။
ပါတီကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် မြို့နယ်အတွင်း ကွင်းဆင်းလှည့်လည် စည်းရုံးတာမျိုး လုပ်ခဲ့ကြသလို မဲဆန္ဒရှင်ပြည်သူတွေကလည်း ကိုယ်ထောက်ခံတဲ့ ပါတီအလံတွေကို အိမ်တွေ၊ ကားတွေမှာ လွှင့်ထူတာမျိုးတွေ တွေ့ရပါတယ်။
မဲဆွယ်စည်းရုံးရေးကာလ ပထမဆုံးနေ့မှာပဲ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်နိုင်ရေးအလံကို နေပြည်တော်မှာ ရှိတဲ့ ပါတီရုံးချုပ်ရှေ့မှာ လွှင့်ထူခဲ့ပါတယ်။
"နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ NLD ပါတီကို မဲပေးကြပါ၊ NLD ပါတီရဲ့ အောင်လံ ခိုင်မာဖို့ဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး ခိုင်မာဖို့ ဖြစ်ပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
ကနဦး စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုတွေကြောင့် ဆိုင်းငံ့ခဲ့ပါတယ်။
သူရဦးရွှေမန်း ဦးဆောင်တဲ့ UBP ပါတီအနေနဲ့လည်း ပါတီဆိုင်းဘုတ် စိုက်ထူတာတွေကို နေပြည်တော် အနီးတစ်ဝိုက်မှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UBP ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ပြည်သူ့များသို့ကတိပြုချက်မှာ တောင်သူလယ်သမားများအတွက် စိုက်စရိတ်ချေးငွေအဖြစ် တဧကကို ၃သိန်း ကျပ် ချေးပေးမယ်၊ စပါးတင်းတစ်ရာကို အနည်းဆုံး ကျပ် ၆ သိန်းခွဲနှုန်းနဲ့ဝယ်ပေးမယ် ဆိုတဲ့အချက်တွေ ထည့်သွင်းဖော်ပြထားသလို နိုင်ငံဝန်ထမ်းများရဲ့လစာကို လက်ရှိ ရရှိတဲ့နှုန်းထက် နှစ်ဆ ရစေဖို့ ၂ နှစ်အတွင်းဆောင်ရွက်ပေးမယ်လို့ဖော်ပြထားပါတယ်။
ပြည်သူ့ရှေ့ဆောင် PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်ကတော့ ပြည်သူတွေ မဲပေးကြဖို့ သူ့ရဲ့မရမ်းကုန်းမြို့နယ် မဲဆွယ်စည်းရုံးမှုအတွင်း တိုက်တွန်းခဲ့ပြီး ကိုယ်ရွေးချယ်မယ့် ပါတီရဲ့မူဝါဒနဲ့ ကိုယ့်မြို့နယ်က ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းတွေကို အသေအချာ လေ့လာပြီးမှ ရွေးချယ်မဲပေးကြဖို့ ပြောသွားခဲ့ပါတယ်။
တစ်ခါ ပြည်သူ့ပါတီကလည်း မဲဆွယ်စည်းရုံးရေးနေ့အစမှာ အခက်အခဲတွေ အခြေခံပြီး ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးအတွက် ကော်မရှင်တစ်ခုထဲကပဲ စည်းမျဉ်းတွေကို ချမှတ်တာထက် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ အားလုံးကို ကော်မရှင်က အမြန်ဆုံး တွေ့ဆုံပေးဖို့ ဒီကနေ့မှာ ကော်မရှင်ကို စာတင်လိုက်တယ်လို့ ပါတီအတွင်းရေးမှူး ဦးရဲနိုင်အောင်က ဘီဘီစီကိုပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ မနက်ဖြန် စက်တင်ဘာလ ၉ ရက်နေ့ကျမှ ပါတီအောင်လံ လွှင့်ထူဖို့ စီစဉ်ထားတယ်လို့ပါတီပြောခွင့်ရသူက ပြောပါတယ်။
တိုင်းရင်းသားပါတီတစ်ခု ဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကလည်း ဖရူဆိုမြို့ကနေ လွိုင်ကော်အထိ မဲဆွယ်စည်း ရုံးရေးကို စတင်ပြုလုပ်ခဲ့ရာမှာ တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားတွေပါတဲ့ပါတီ အကြား ကွဲပြားခြားနားချက်နဲ့ ပတ်သက်လို့ မဲဆန္ဒရှင် ပြည်သူတွေ ဝေဝါးနေကြတာကို တွေ့ခဲ့ရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဒီဒီးက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားပါတီတွေက အစိုးရ မဖွဲ့နိုင်ဘူးဆိုပြီး ပါတီတချို့ရဲ့ဝါဒဖြန့် ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ပြန်လည်ခေါင်းထောင်လာတဲ့အချိန် ဖြစ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်ကလောက် မဲဆွယ် စည်းရုံး လှုပ်ရှားမှုတွေ မတွေ့ရဘူးလို့ နေပြည်တော် အခြေစိုက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။