ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မောင်တောခရိုင်က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရ
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာခရိုင်ရွေး ကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။
ပယ်ချခံလိုက်ရတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးလုံးမှာ စစ်တွေနဲ့ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။
စစ်တွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်ဖို့ လျှောက်ထားတဲ့ ဦးအဒူရော်ရှီးနဲ့ ဘူးသီးတောင်ကနေ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့် အဘူတာဟေရ် (ခ) ဦးသာအေး တို့ကို ဩဂုတ်လ ဒုတိယအပတ်က ပယ်ချခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ့မှာတော့ သုံးဦးကို ထပ်မံပယ်ချတာဖြစ်တယ်လို့ မောင်တောခရိုင် ရွေးကောက်ပွဲအရာရှိ ဦးကျော်သန်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ဘူးသီးတောင်မဲဆန္ဒနယ်မြေက တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ အဘူတာဟေရ် (ခ) ဦးသာအေး လျှောက်လွှာကို ကော်မရှင်က ဩဂုတ်လ ၁၄ ရက်မှာ စိစစ်ခဲ့ပြီး ပယ်ချလိုက်ကြောင်း အကြောင်းကြားစာကို တစ်ခါတည်း ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်း ကော်မရှင်က တရားဝင်အကြောင်းကြားတဲ့စာမှာ ပယ်ချရတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာရေးထားတာ မရှိဘူးလို့ ဦးအဘူတာဟေရ်က ပြောပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်အမှတ် ၂ မှာ ဝင်ရောက်ယှယ်ပြိုင်မယ့် ဦးဇာဖောအူလာ (ခ) ဦးစောမြင့်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာဝင်ရောက်ယှယ်ပြိုင်မယ့် ဦးအောင်လှ၊ ပြည်သူ့လွှတ်တော်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်မင်း (ခ) မာမောက်ရှော်ဒူနော်ရူရာဟောက်၊ မောင်တောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအေးဝင်းတို့လေးဦးကို ကော်မရှင်က စစ်ဆေးမှုတွေပြုလုပ်ပြီး ဦးအေးဝင်းကလွဲလို့ ကျန်တဲ့သူ သုံးဦးလုံးကို ပယ်ချလိုက်တယ်လို့ ကော်မရှင်က ဆိုပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကနေ ပယ်ချခံလိုက်ရသူ လေးဦးတို့ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးဥပဒေတွေဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (င) တို့နဲ့ကိုက်ညီမှုမရှိတာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်သန်းက ရှင်းပြပါတယ်။
"ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (င)အရ ပယ်တာပါ။ ဥပဒေပုဒ်မက ဘယ်လိုလဲဆိုတော့ မွေးဖွားစဉ်က မိဘ တစ်ပါးပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသား ဖြစ်ရမယ်။ ကျွန်တော်တို့စစ်တာကတော့ သက်ဆိုင်ရာ လဝကနဲ့ ကျွန်တော်တို့စစ်တယ်။ သူတို့ကတော့ နိုင်ငံသားဖြစ်တယ်။ သူတို့မိဘနှစ်ပါးက နိုင်ငံသား မဖြစ်ဘူးပေါ့။ သူတို့က 'အမတ'တွေ ကိုင်ထားတာ။ အဲ့ဒါဆို နိုင်ငံသားမဖြစ်ဘူးပေါ့။ အဲ့ဒါကိုပဲ စစ်တာပါ။ အဲဒီဥပဒေနဲ့ပယ်တာပါ"လို့ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်သန်းက ပြောပါတယ်။
မွတ်ဆလင်တွေကို ထုတ်ပေးထားတဲ့ အမျိုးသားမှတ်ပုံတင် (အမတ)ဟာ နိုင်ငံသားဖြစ်မှုမှာ အကျုံးမဝင်တဲ့အတွက် အဲ့ဒီလူတွေကို နိုင်ငံသားအဖြစ် ဥပဒေအရ အသိအမှတ်မပြုတာဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ်လောင်းလျှောက်ထားရာက ပယ်ချခံလိုက်ရတဲ့ ငါးဦးအနက် လေးဦးဟာ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီ ကိုယ်စားပြု လျှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကနေ ပယ်ချခံလိုက်ရတဲ့ တစ်သီးပုဂ္ဂလ ဦးအဘူတာဟေရ်ဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မေယုကျောင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတွေက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်မှာတော့ မဲအနိုင်ရရှိခဲ့ပေမယ့် ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှ ဖြစ်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကန့်ကွက်သူတွေရှိတဲ့အတွက် ပယ်ချခံခဲ့ရပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မိဘတွေ နိုင်ငံသားမဖြစ်တဲ့အတွက်ဆိုပြီး အခုလို ပယ်ချခံလိုက်ရတာ ဖြစ်တယ်လို့ ဦးအဘူတာဟေရ်က ပြောပါတယ်။
သူဟာ နိုင်ငံသားဖြစ်ပြီး ဥပဒေအရ အရွေးချယ်ခံပိုင်ခွင့်အထောက်အထားတွေရှိတဲ့အတွက် နှစ်ကြိမ်တိုင်တိုင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီးဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
ဦးအဘူတာဟေရ်ဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း မြို့ပြအင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါတယ်။
"ဥပဒေအတိုင်း မဆောင်ရွက်ဘဲနဲ့ ဥပဒေနောက်ကြောင်းပြန်တာပဲဖြစ်တယ်။ ဒါဥပဒေ အတိုင်းဆုံးဖြတ်တာမဟုတ်ဘူး။ ပေါ်လစီချပြီးတော့မှ ဆုံးဖြတ်တယ် လို့မြင်တယ်။ ဒီလိုဆုံးဖြတ်ခြင်းသည် ဥပဒေနဲ့လုံးဝ ကိုက်ညီမှုမရှိဘူး။ ပထမတစ်ချက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း ကိုက်ညီမှုမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က နိုင်ငံသားဖြစ်ပြီးသားလူတစ်ယောက်ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ အရ မိမိကိုယ်တိုင် နိုင်ငံသားဖြစ်သလို မိဘနှစ်ပါးကလည်း နိုင်ငံသားအရည်အချင်းနဲ့ ပြည်စုံတယ်ဆိုတာကို ငြင်းဆိုစရာမရှိတဲ့ကိစ္စကို ပေါ်လစီနဲ့ ချမှတ်လိုက်တဲ့အတွက် ဥပဒေနောက်ကြောင်းပြန်တယ်လို့ ဆိုလိုချင်ပါတယ်"လို့ ဦးအဘူတာဟေရ် ကပြောပါတယ်။
ဒီလိုပယ်လိုက်ခြင်းအားဖြင့် သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေကိုပါ ပယ်လိုက်သလိုဖြစ်တဲ့အပြင် အဲ့ဒီလူမျိုးစုကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုပါတယ်။
ဒေသအေးချမ်းသာယာမှု၊ သဟဇာတဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုလုပ်ငန်းတွေမှာလည်း အဟန့်အတားတစ်ခုဖြစ်ခဲ့ရသလို ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက်ရော တခြားလူမျိုးစုအတွက်ပါ ဆုံးရှုံးမှုတစ်ရပ်လို့ ရှုမြင်ကြောင်း ဦးအဘူတာဟေရ်က ပြောပါတယ်။
အမတ ကိုင်ဆောင်တဲ့မိဘတွေက မွေးဖွားလာခဲ့တဲ့သူတွေဟာ လက်ရှိမှာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရပေမယ့် ဥပဒေအရ ပါတီထူထောင်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ရှိသော်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်းနေတယ်လို့ ကော်မရှင်ကတုံ့ပြန်ထားပါတယ်။