ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပုဂံဘုရားအချို့ ဝင်ခွင့်ပိတ်
ပုဂံမှာ ဘုရားဖူးတွေရုတ်တရက် များပြားလာပြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့ မကိုက်ညီတာကြောင့် ဇူလိုင်၂၉ ရက်နေ့ မနက်ကစပြီး လူတွေလာရောက်မှုများတဲ့ ဘုရားအချို့ကို ပြန်ပိတ်လိုက်တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံး ပြောပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ရုံးပိတ်ရက်ရှည်မှာ လူစုလူဝေး ဖြစ်ပေါ်လာနိုင်တာကို ကာကွယ်ရေးအတွက် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဝင်ခွင့်ပိတ်လိုက်တဲ့ ဘုရားတွေထဲမှာ အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ရွေစည်းခုံ စတဲ့ လူလာရောက်မှုများတဲ့ ဘုရားတွေများပြီး ဂေါပကရှိတဲ့ ဘုရားတွေ အများစုပါဝင်တယ်လို့လည်း ပုဂံဒေသခံတွေက ပြောပါတယ်။
ပုဂံမှာ စေတီ၊ဘုရားပုထိုးပေါင်း ၃၀၀၀ကျော်ရှိတာကြောင့် နာမည်ကြီး ပုဂံဘုရားတွေကို ပိတ်ပေမဲ့ ဟိုတယ်တွေနဲ့ ကျန်စေတီပုထိုးတွေကိုတော့ဖူးမြှော်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၁၉ အာဇာနည်နေ့ အားလပ်ရက်မှာ ရုံးပိတ်ရက်ရှည်ဖြစ်ခဲ့ပြီး ပုဂံကို ပြည်တွင်း ခရီးသွား ထောင်နဲ့ချီ လာရောက်ခဲ့တယ်လို့သိရပါတယ်။
ပုဂံအခြေစိုက် ဟိုတယ်တွေ စားသောက်ဆိုင်တွေနဲ့ ခရီးသည်ယာဉ်လိုင်းတွေကို ဇူလိုင်လမှာ ပြန်လည် ဖွင့်လှစ်လိုက်တာကြောင့် မြန်မာပြည်အနှံ့က ခရီးသွားလာသူတွေရောက်လာပြီး ပုဂံဘုရားတချို့ကို ဂေါပကတွေက ဖွင့်ပေးခဲ့ပါတယ်။
ဒီလို ဖွင့်ပေးခဲ့တာတွေကို ထပ်မလုပ်ဖို့ တားမြစ်ခဲ့တာဖြစ်ပြီး လာမယ့်သြဂုတ်လဆန်း ပိတ်ရက်မှာ လူစုလူဝေးဖြစ်မှာ စုိးတာကြောင့်ဖြစ်တယ်လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ပုဂံဟာ ခရီးသွားဧည်သည်တွေနဲ့ ရပ်တည်နေရတဲ့ မြို့ဖြစ်တာကြောင် ပုဂံအခြေစိုက်ဟိုတယ်တွေကို ဟိုတယ်နဲ့ခရီးသွားက တဖြည်းဖြည်းချင်းစီ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ပုဂံမြို့တွင်း ခရီးသွားလာခွင့်ကိုတော့ သုံးရက်အတွင်း ရယူထားတဲ့ ကျန်းမာရေးထောက်ခံချက်လက်မှတ်နဲ့ ခွင့်ပြုထားပါတယ်။
ပုဂံဘုရားတွေကို မှီခို ဈေးရောင်းချနေရတဲ့ ဈေးသည်တွေကတော့ ပိတ်ရက်ခရီးသွားတွေကို မျှော်နေကြတာဖြစ်ပြီး အခုလို ရုတ်တရက် ပြန်ပိတ်တာကြောင့် ခရီးသွားလာသူတွေ မရောက်လာမှာကိုလည်း စိတ်ပူပန်နေရတယ်လို့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ပုဂံမင်းမင်းဦးက ရှင်းပြပါတယ်။
ပုဂံက လူသိများတဲ့ ဘုရားအဆူ ၂၀ ကျော်ကိုတော့ ဇူလိုင် ၂၉ မနက်ကစပြီး ကြပ်ကြပ်မတ်မတ် ပိတ်ပင်သွားဖို့ စာထုတ်ပြန်ထားတယ်လို့ ဂေါပက အဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဘုရားဖူးတွေကို ဘုရားပရဝုဏ်အတွင်းကို ဝင်ရောက်ခွင့် မပေးတာဘဲ ဖြစ်ပြီး ဘုရားကို ဘေးကပတ်ကာ ဖူးမျှော်နိုင်သလို ကျန်ဘုရားစေတီအငယ်တွေမှာတော့ တားမြစ်ချက်တွေ မရှိဘူးလို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။