ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကာကွယ်ရေးသတ်မှတ်ချက်အဆင့်မီတဲ့ကျောင်းပေါင်း ၃၇၀၀ကျော် ပြန်ဖွင့်
ဇူလိုင် ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထက်တန်းအဆင့်ကျောင်းပေါင်း ၆၀၀၀ကျော်ရှိတဲ့အနက် ကိုဗစ်ကာကွယ်ရေးသတ်မှတ်ချက်တွေနဲ့ အဆင့်မီတဲ့ကျောင်းပေါင်း ၃၇၂၂ကျောင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ပုံမှန်ထက် ကျောင်းဖွင့်ချိန် နှစ်လနီးပါး နောက်ကျအပြီးမှာတော့ ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းအဆင့်ကျောင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖွင့်လှစ်လိုက်တာပါ။
မူလက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထက်တန်းအဆင့်ကျောင်းပေါင်း ၆၀၀၀ကျော်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ ကိုဗစ်ကာကွယ်ရေးသတ်မှတ်စည်းကမ်းတွေနဲ့အညီ ပြင်ဆင်နိုင်တဲ့ ကျောင်းတွေပဲဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။
အပူချိန်တိုင်းရတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေခွာဖို့ မနည်းပြောရတယ်၊ ကလေးတွေက နေရာတွေ သတ်မှတ်ထားပေမဲ့ ခဏနေရင် ပူးသွားတတ်လို့ မကြာခဏ သတိပေးနေရတယ်လို့ ကိုဗစ်ကပ်ရောဂါကြား ပထမဆုံးစဖွင့်တဲ့ကျောင်းတက်ရက်မှာ ကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ မရန်းကုန်းမြို့နယ်က အ.ထ.က ၄ ကျောင်းက အထက်တန်းပြဆရာမ ဒေါ်စန်းစန်းတင့်က ဘီဘီစီကိုပြောပြပါတယ်။
ဒါ့အပြင် နှာခေါင်းစည်းတွေ တပ်ထားရတဲ့ အတွက် ကလေးတွေချွေးထွက်ကြကြောင်း ဝတဲ့ ကလေးတွေမှာ ပိုပြီး ချွေးထွက်တာများကြောင်းလည်း သူကပြောပါတယ်။
ကပ်ရောဂါကြား သတ်မှတ်ချက်တွေကြောင့် စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၂၀ ဦးသာတက်ရမှာမို့ ဆရာ၊ဆရာမတွေအနေနဲ့ စာသင်ချိန်တွေပြုစုရာမှာ အခက်အခဲတွေရှိသလို ပုံမှန်သင်ကြားရေး တာဝန် အပြင် ကိုယ်ပူချိန်တိုင်းဖို့ ကျောင်းသားတွေကို ခပ်ခွာခွာနေဖို့ ၊အိမ်သာကိုပါအလှည့်ကျ စောင့်ကြည့် သတိပေးပြောဆိုရတဲ့တာဝန်တွေပိုလာတယ်လို့ ဆရာ၊ဆရာမတွေကပြောပြပါတယ်။
အိမ်ကနေတော့ ဟန်းဂျယ် ထည့်ပေးလိုက်တယ် ၊နှာခေါင်းစည်းထည့်ပေးလိုက်တယ်၊ ဖယ်ရီ ကားကလာကြိုတယ် ကားပေါ်မတက်ခင် ပိုးသတ်ဆေးဖျန်းတယ်လို့လည်း တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးရဲ့ မိဘဖြစ်တဲ့ ဒေါ်မိုးမိုးဝင်းက ဘီဘီစီကို အပြောပြပါတယ်။
အထက်တန်းအဆင့်ကျောင်းပေါင်း ၆၀၀၀ ကျော် အနက် ကိုဗစ်ကာကွယ်ရေးသတ်မှတ်စည်းမျဉ်းတွေနဲ့ အညီမပြင်ဆင်နိုင်သေးတဲ့ ကျောင်းပေါင်း ၂၀၀၀ ကျော်ဟာ ကျောင်းအပ်လက်ခံပြီးဖြစ်ပေမဲ့ ဇူလိုင် ၂၁ ရက်နေ့မှာတော့ ကျောင်းတွေမဖွင့်လှစ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ဒီကျောင်းတွေကို ဒုတိယအဆင့်အနေနဲ့ တစ်ပတ်အတွင်းအမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ ပညာရေးဌာနဘက်က ကူညီထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။