ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်ကနေ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ်။
ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေဟာ ရခိုင်အမျိုးသားပါတီက ထွက်ခွင့်တောင်းထားပေမဲ့ ထွက်ခွင့်မရတဲ့ အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ်လို့ပြောပါတယ်။
တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အတွင်း နေထိုင်သူ တွေဟာ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်း အနည်းဆုံးရှိရန် လိုအပ်တယ်လို့ အခြေခံဥပဒေပုဒ်မ ၁၆၁ မှာ ပြဋ္ဌာန်းထား ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ လူဦးရေဟာ ၅၄ သန်းကျော်ဖြစ်ပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားဟာ ၅၄,၀၀၀ ကျော်ရှိတဲ့အတွက် ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးတွေက မဲပေးရတာဖြစ်ပါတယ်။
ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကိုတော့ ဝန်ကြီး ဦးဇော်အေးမောင်ကတော့ ရခိုင်အမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ နှစ်ကြိမ်ဆက်တိုက် အနိုင်ရထားပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီး တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းရင်းသား မဲဆန္ဒရှင် ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်ပြီးတော့ အရွေးချယ် ခံရ သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦး ကို ခန်အပ်နိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဟာ ရခိုင်လူမျိုးတွေ နေထိုင်မှုများပြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ရခိုင်အမျိုးသားပါတီက နှစ်ကြိမ်ဆက်တိုက် အနိုင်ရထားခဲ့တာပါ။
ရန်ကုန် ရခိုင်လူထုကလည်း လက်ရှိဝန်ကြီး ဦးဇော်အေးမောင်ကို ဝေဖန်မှုတွေ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်ကို အမျိုးသမီးအမတ် ဒေါ်ထုမေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောလာတဲ့အခါမှာတော့ ရန်ကုန် ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာက လာမယ့်ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
ဒေါ်ထုမေဟာ ၂၀၀၇ ခုနှစ် မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီသို့ ဝင်ရောက်ခဲ့ပြီးတော့၊ ၂၀၁၄ ခုနှစ် ALD နဲ့ RNDP ပူးပေါင်းတဲ့အခါမှာ ရခိုင်အမျိုးသားပါတီ ANP ပါတီဝင်ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင် အမျိုးသားပါတီ ANP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ ANP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ သီးသန့်စီ ရပ်တည်ကြတဲ့အခါ သူက ANP ပါတီကနေ ထွက်စာတင်ခဲ့ပြီး သူရဲ့ မိခင်ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်အမျိုးသားပါတီက ANP ပါတီက ထွက်ခွင့်မရရှိခဲ့သလို ALD ပါတီ ကိုလည်း တရားဝင် ဝင်ရောက်ခွင့် မရရှိခဲ့ဘူးလို့သူကပြောပါတယ်။
မြန်မာနိုင်ငံ ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဥပဒေအရ လူတစ်ယောက်ဟာ ပါတီနှစ်ခုရဲ့ အဖွဲ့ဝင်မဖြစ်ရဘူး ဆိုပြီးတော့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
သူလိုပဲ ရခိုင်အမျိုးသားပါတီ ANP က နုတ်ထွက်ခွင့်တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ပါတီကနေ နုတ်ထွက်ခွင့် မရသေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တခြားနိုင်ငံရေးပါတီကနေ ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
ရခိုင်အမျိုးသားပါတီ ANPဟာ ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအထိ အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ် ။
၂၀၂၀ ရွေးကောက်ပွဲအတွက် ANPဘက်ကတော့ ကိုယ်စားလှယ်လောင်းရွေးတာတွေ ပြီးစီးပြီဖြစ်ကြောင်းနဲ့ လူသစ်တွေထဲက ၅၀ ရာခိုင်နှုန်းကျော် ပါလာနိုင်တယ် လို့ ပါတီပြောဆိုခွင့်ရှိသူ ဦးဖေသန်းကပြောပါတယ်။
လက်ရှိ ANP ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေထဲ က မြောက်ဦးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော နဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်တို့ကတော့ ရွေးကောက်ပွဲဝင်တော့မှာ မဟုတ်ဘူးလို့ သိရသလို ဒေါ်ထုမေဟာလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ်လို့ သိရပါတယ်။