ဦးပဉ္ဇင်း ဦးကိတ္တိသာရ (မင်းသားကြီး (ဦး) ကျော်ဟိန်း) ရဲ့ သမီး မခင်ခင်ခ နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

ရေးသားခဲ့သည်။

မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ ရုပ်ရှင် မင်းသား တစ်ယောက်ဖြစ်ခဲ့သူ ဦးကျော်ဟိန်းဟာ ဇူလိုင်လ ၁၁ ရက်မှာ သြစတြေးလျနိုင်ငံမှာ ရဟန်းဘဝနဲ့ ပျံလွန်တော်မူသွားပါတယ်။

စွယ်စုံရ အနုပညာရှင်ကြီး ဦးကျော်ဟိန်း တဖြစ်လဲ ဦးပဉ္ဇင်း ကိတ္တိသာရ ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က စတင်ခံစားခဲ့ရတဲ့ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာ က တဖြည်းဖြည်း ဆိုးလာပြီး ပျံလွန်သွားတာ ဖြစ်ပါတယ်။

မင်းသားကြီးကျော်ဟိန်းဟာ အကာကအချစ် အနှစ်ကမေတ္တာ၊ မွန်းတည့်ချိန်တွင် နေဝင်သည်၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဝေလည်းမွှေး ကြွေလည်းမွှေး၊ နေကမွေးတဲ့လ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီငါးကြိမ် ရရှိခဲ့ပါတယ်။

ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ကိုတာတီးဇာတ်ရုပ်နဲ့ ဝေလည်းမွှေးကြွေလည်းမွှေးထဲက တပ်ကြပ်ကြီးဖိုးစည် ဇာတ်ရုပ်တွေက မင်းသားကြီးနဲ့တစ်ထပ်တည်းကျတဲ့ဇာတ်ရုပ်လို့ ရုပ်ရှင်ချစ်ပရိသတ်များက လက်ခံထားကြပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေခဲ့တဲ့ အချိန်မှာပဲ မင်းသားကြီး ဦးကျော်ဟိန်းဟာ ကျော်ကြားအောင်မြင်မှုတွေကို စွန့်ခွာပြီး လွန်ခဲ့တဲ့ ၁၃ နှစ်က စလို့ သာသနာ့ဘောင် ဝင်သွားခဲ့နောက် ကင်ဘာရာမြို့က ဘုန်းကြီးကျောင်းမှာ တပါးတည်း သီတင်းသုံးပြီး တရားကျင့်ကြံ အားထုတ်နေခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ကို ကျန်းမာရေးအတွက် လိုအပ်သူတွေမှာ အစားထိုး ကုသနိုင်ဖို့ လှူဒါန်းခဲ့ပါတယ်။

ကင်န်ဘာရာမြို့မှာ ဆွမ်းနဲ့ ဝေယျာဝစ္စ အားလုံးဆောင်ရွက်ပေးခဲ့သူ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မခင်ခင်ခ က ဦးဇင်းကြီး ဘဝ နောက်ဆုံး အချိန် အကြောင်း အခုလို ပြောပြပါတယ်။

ဘီဘီစီ - ဦးပဉ္ဇင်းကြီးက ဒီကနေ့ပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဘယ်လိုရောဂါနဲ့ ပျံလွန်တော်မူသွားတာပါလဲ။

မခင်ခင်ခ - ဦးပဉ္ဇင်း ဦးကိတ္တိသာရက ဒီ (ဩစတြေးလျ နိုင်ငံ) ကင်န်ဘာရာမြို့ မှာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူက Heart Attack နှလုံးဖောက်တာ ဖြစ်တယ်။ By Pass ခွဲစိတ်မှုလုပ်ထားစဉ်မှာပဲ သူ လေဖြတ်ခဲ့ပါတယ်။

သူ့အဆုတ်ကလည်း ငယ်ငယ်က ဆေးလိပ်သောက်တဲ့ ဒဏ်တွေနဲ့ သိပ်မကောင်းပါဘူး။ ဆရာဝန်တွေက အဲဒီအချိန်ကတည်းက သူသိပ်မခံလောက်တော့ဘူး၊ ရက်ပိုင်းလောက်ပဲလို့ အဲဒီ ဖေဖော်ဝါရီ ၂၀၁၇ လောက်က ပြောခဲ့တာကနေ အခု ၃ နှစ်ကျော် သူနေသွားနိုင်တယ်။

သူအဲဒီ ကာလတွေအတွင်းတရားကျင့်နိုင်တယ်၊ အလုပ်လည်း လုပ်နိုင်ပါတယ်၊ စာတွေလည်း ရေးတယ်။ ဒီတော့ နှလုံးရယ်၊ အဆုတ်ရယ်က ဖြစ်နေတာပါ။

အဲဒီရောဂါတွေနဲ့ပဲ သူနေနေရတယ်။ ဒီနေ့လည်း ထူးထူးခြားခြား ရောဂါအသစ် ဖြစ်တာမဟုတ်ပါဘူး။ သူ အေးအေးချမ်းချမ်းနဲ့ ပျံလွန်သွားတာပါ။

ဘီဘီစီ - ပျံလွန်တော်မူတဲ့အချိန်မှာ သူသီတင်းသုံးတဲ့ကျောင်းမှာပဲလား၊ ဆေးရုံမှာပါလား။

မခင်ခင်ခ - အစတုန်းက သူက သူတပါးတည်း ကျောင်းမှာပဲ သီတင်းသုံးနေတာပါ။ ဒါပေမဲ့ ၃ နှစ်အတွင်းမှာ ကျန်းမာရေးက ပိုပြီးသူအားနည်းလာတော့ (ကျွန်မ) အစ်မအိမ်မှာ ဆေးရုံလိုမျိုး ခုတင်တွေဘာတွေနဲ့ စီစဉ်နေခဲ့ပြီးတော့ အစ်မအိမ်မှာပဲ ဆုံးသွားတာပါရှင့်။

ဘီဘီစီ - လွန်ခဲ့တဲ့ ၃ နှစ်ကျော်တုန်းက ဦးပဉ္ဇင်းကြီးနဲ့ လျှောက်ထားပြီးမေးမြန်းခဲ့တုန်းက ဦးပဉ္ဇင်းကြီးက Heart Attack ရထားပြီးကာစ အခြေအနေပေါ့လေ၊ အဲဒီတုန်းက သူ အောက်စီဂျင်ပိုက်နဲ့နေရတယ်၊ Wheel Chair နဲ့ နေနေရပါတယ်။ အဲဒီနောက်ပိုင်းအခြေအနေမှာကော သူတိုးတက်လာခဲ့လား၊ သူ အောက်စီဂျင်နဲ့ Wheel Chair ကို ဆက်အားကိုးခဲ့ရလား။

မခင်ခင်ခ - ဟုတ်ပါတယ်။ သူက လေဖြတ်ထားတော့ ဘယ်ဘက်တခြမ်းက လုံးဝထိသွားတယ်ဆိုတဲ့ သဘောပေါ့နော်။ သူ အောက်စီဂျင်နဲ့ပဲ နေပါတယ်။ Lung Capacity ကလည်း ၂၀% ပဲ ရပါတယ်။

အဲဒီ ၃ နှစ် ကတည်းက (အခုအချိန်အထိ) ဒီအတိုင်းပဲ အောက်စီဂျင်နဲ့ ဝှီးချဲနဲ့ အဲ့ဒီအတိုင်းပဲ နေတယ်၊ စားတယ်၊ ဒီအတိုင်းပဲ သီတင်းသုံးတယ်။ ဒီနှစ်ထဲတော့ သူ့ကျန်းမာရေးက ပိုပို အခြေအနေဆိုးလာခဲ့တာပေါ့နော်။

ဘီဘီစီ - ဦးပဉ္ဇင်းကြီးရဲ့ ဈာပနကျတော့ရော၊ ဘယ်တော့လောက်ကို လုပ်ဖို့စီစဉ်ထားပါလဲ။

မခင်ခင်ခ - ဦးပဉ္ဇင်းကြီးက မပျံလွန်ချိန်ကတည်းက ဘာမှာခဲ့လဲဆိုတော့ သူ့ ခန္ဓာကို သူကွယ်လွန်ချိန်မှာ လှူချင်တယ်လို့ မှာထားပါတယ်။ ဆိုတော့ Organ donation (ကိုယ်ခန္ဓာ လှူဒါန်းဖို့) စာရင်းသွင်းထားပါတယ်။

အဲဒီတော့ သူပျံလွန်ချိန် ချက်ချင်းဆိုသလိုပဲ သူ့ဆရာဝန်က သူကွယ်လွန်ပြီဆိုတာကို အသိအမှတ်ပြုပြီး နောက်မှာပဲ သူ့ ခန္ဓာကိုယ်ကို သူတို့ ယူသွားတယ်ပေါ့။

လှူလို့ရတဲ့ ခန္ဓာအစိတ်အပိုင်းတွေ သူတို့ ခွဲစိတ်ပြီး ကြည့်မယ်၊ ဥပမာ မျက်လုံးပဲဖြစ်ဖြစ်ပေါ့။ အဲဒါတွေလုပ်ဆောင်တာက ဘယ်နေ့ ပြီးမလဲ မသိသေးဘူးပေါ့နော်။

အဲဒါတွေပြီးဆုံးတော့မှ ဈာပန ပေါ့နော်။ သူက ကိုယ်ခန္ဓာကို လှူပေးပါ၊ ပြီးတော့မှ ကြွင်းကျန်ရစ်တာကို မီးသင်္ဂြိုဟ်လို့ ရရင် သင်္ဂြိုဟ်ပေးပါလို့ မှာခဲ့ပါတယ်ရှင့်။

(သက်တော် ၇၀ ပြည့်ချိန် ၂၀၁၇ ခုနှစ်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ မိန့်ကြားခဲ့တဲ့ အင်တာဗျုးကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။)