ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးပြန်၊ အလောင်းကို ပြန်ရှာတွေ့ထား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင် မှန်ရင်ပြင်နေရာကနေ လူငယ်တစ်ဦး ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ခုန်ချခဲ့ရာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ပြန်တွေ့ထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူဟာ ဘားအံတက္ကသိုလ်က ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ခွန်မင်းမော်ကွန်း ဖြစ်တယ်လို့ သိရှိရပါတယ်။
အဲဒီ လူငယ်ဟာ တောင်ပေါ်ကို ခလောက်နိုကျေးရွာဘက် တောင်တက်လမ်းကနေ စေတီရင်ပြင်အရောက် တက်ရောက်ခဲ့ပြီး စေတီရင်ပြင်ရှိ မှန်ရင်ပြင်နေရာကနေ ခုန်ချခဲ့တာလို့ ဆိုပါတယ်။
" တောင်ခြေမှာတော့ ဆိုင်ကယ်နဲ့ မိဘတွေဆီ ရေးထားတဲ့စာကို တွေ့ရတယ်၊ လွယ်အိတ်တွေ သော့တွေ ချန်ထားခဲ့တယ်၊ ဒရုန်းယာဉ် ရိုက်ကူးရေးသမားတွေ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အစိုးရတာဝန်ရှိသူတွေ အဖွဲ့စုံက သွားရောက်စစ်ဆေးရှာဖွေခဲ့ ကြတယ်" လို့ ပြည်နယ် မီးသတ်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။
ရှာဖွေမှုတွေကို ဇူလိုင် ၁၀ ရက် နေ့ခင်းပိုင်းက စတင်ခဲ့ပြီး ညနေ ၄ နာရီ ခွဲ ဝန်းကျင်မှာတော့ အလောင်း ပြန်လည်တွေ့ရှိထားတယ်လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဝင်းက အတည်ပြုပါတယ်။
အရင်လ ဇွန် ၂၅ ရက် တုန်း ကလည်း ဘားအံတက္ကသိုလ်က ကျောင်းသူ တစ်ဦး ဇွဲကပင်တောင်မှာ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုအမှုအခင်းတွေ ထပ်မံ မဖြစ်ပွားအောင် ဇွဲကပင်တောင်စေတီ ဂေါပကအဖွဲ့၊ ဒေသခံ ကျွမ်းကျင်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အရေးယူ ကာကွယ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ်။
အခု ခုန်ချခဲ့သူ လူငယ် ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးနေတဲ့ အလောင်းကိုတော့ ဘားအံ ပြည်သူ့ ဆေးရုံကြီး ရင်ခွဲတိုက် ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်ချက်နဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။