လိင်အမြတ်ထုတ်တယ်လို့ တိုင်ကြားခံရသူ ရဲမှူးချုပ်ကို ထောင်ဒဏ်ချ

ရေးသားခဲ့သည်။

အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအပေါ် ရာထူးပြောင်းရွှေ့ခန့်ထားရေးအတွက် လိင်အမြတ်ထုတ်တယ်လို့ တိုင်ကြားခံရသူ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ဇူလိုင် ၃ ရက်မှာ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အပြစ်ရှိကြောင်း ရဲတရားရုံးက စစ်ဆေးပေါ်ပေါက်လို့ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့ ထောင်ဘယ်နှနှစ်ချမှတ်တယ်ဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြစ်ဒဏ်အတည်ပြုချက် ရရှိပြီးမှသာ ပြောကြားပေးနိုင်မယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးကြီး ကျော်သီဟက ဘီဘီစီကို ပြောပါတယ်။

ဘယ်အမှုအတွက် ပြစ်ဒဏ်ချတာလဲ

ရဲမှူးချုပ်ကို အခုချမှတ်တဲ့ပြစ်ဒဏ်ဟာ အမျိုးသမီးရဲမေတစ်ဦးတည်းက တိုင်ကြားတဲ့အမှုကို စစ်ဆေးဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ အမျိုးသမီးရဲမေ ၁၈ ဦးခန့် လိင်အမြတ်ထုတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ သက်ဆိုင်မှုရှိမရှိ မေးမြန်းတဲ့အခါမှာတော့ အဲဒီကိစ္စကို မသိရှိကြောင်း ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ရဲမှူးချုပ်ကို စစ်ဆေးနေပြီး အမှန်တကယ်ပေါ်ပေါက်ရင် ရဲတရားရုံးမှာ အမှုဖွင့် အရေးယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ဇွန် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒီအမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပါ ကိုင်တွယ်သင့်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပြီး ဥပဒေအကြံပေးလုပ်ကိုင်နေတဲ့ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရဲတရားရုံးဆိုတာ မပါဘူးလေ။

ပြစ်ဒဏ်ကလည်း ရဲတရားရုံးနဲ့စစ်ရင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရဆိုရင် အမြင့်ဆုံးပြစ်ဒဏ်က သုံးနှစ်ပဲ။

သုံးနှစ်ချလိုက်ပေမဲ့ ပြစ်ဒဏ်က ပြင်ဆင်ပြောင်းလဲပြီး ချလို့လည်းရတယ်။ အယူခံလည်း သူက အနိုင်ပေးလို့ရတယ်။

ဒါက အဂတိမှု မြောက်တာပေါ့။ ကျော်စောသတင်းလည်းရှိနေတယ်။ အဂတိကလည်း ဘာမှမလုပ်ဘူး။

ဒီသုံးနှစ်ထဲချရင်တော့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်က မမျှဘူးပေါ့" လို့ ပြောပါတယ်။

နောက်ဆက်တွဲအရေးယူမှု ရှိနိုင်သလား

ရဲမှူးချုပ်ကိစ္စကို ဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို မေးမြန်းတဲ့အခါမှာ ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေအရ ကော်မရှင်က ဒီအချက်အလက်တွေကို ပြောကြားခွင့်မရှိဘူးလို့ ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးက ဘီဘီစီကို ပြောပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရဆိုရင် ကျော်စောသတင်းရှိလာသူကို တိုင်ကြားမှုအဖြစ် သတ်မှတ်ပြီး ကော်မရှင်က အရေးယူနိုင်တယ်လို့ ပါရှိပါတယ်။

ဒါကြောင့် ရဲမှူးချုပ်ကိစ္စကို ကော်မရှင်က ဘယ်လိုဆက်လုပ်နိုင်မလဲမေးတဲ့အခါ ပြစ်ဒဏ်ချပြီး လူတစ်ဦးတစ်ယောက်ကို ကိစ္စရပ်တစ်ခုနဲ့ နောက်ထပ်တစ်ကြိမ်ထပ်ပြီးတရားစွဲတာ လုပ်ခွင့်မရှိဘူးလို့ သက်ဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

အခု ရဲမှူးချုပ်ကို ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ပြီးဖြစ်သလို နစ်နာသူအနေနဲ့ အရပ်ဘက်တရားရုံးမှာ ထပ်မံတရားစွဲဆိုခွင့်ရှိတယ်လို့လည်း ဦးခင်မောင်မြင့်က ပြောပါတယ်။

ရဲတပ်ဖွဲ့က တခြား အရေးယူမှုတွေ

ဒီလိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ အဖြစ်အပျက်မျိုး အရင်က ရဲတပ်ဖွဲ့လောကမှာ မရှိခဲ့ဘူးလို့ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ဒီလိုတိုင်ကြားမျိုးတွေလည်း အရင်က ရဲလောကမှာ မရှိခဲ့ဘူးလို့လည်း သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ယခင်က ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေချိုးဖောက်မယ်ဆိုရင် အရေးယူဖို့ ဥပဒေမရှိတဲ့အတွက် ၁၉၉၅ ခုနှစ်မှာ အခုလို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေ ပေါ်ပေါက်လာတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေ ချိုးဖောက်ချက်ကြောင့် ပြည်သူတွေက တိုင်ကြားမယ်ဆိုရင် ဒီဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်း အရာရှိအဆင့်နဲ့ အခြားအဆင့်အပါအဝင် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ကိုးထောင်ကျော်ကို ပြစ်မှုအသီးသီးနဲ့အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။