ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဏ္ဏားကျွန်းတိုက်ပွဲ ဒေသခံထောင်ချီထွက်ပြေးနေရ
ရခိုင်ပြည်နယ် မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံတွေထောင်ချီထွက်ပြေးနေရပါတယ်။
ဒီနေ့ မနက်ပိုင်း ၅ နာရီလောက်အချိန်မှာ ကျောက်ဆိပ်ကျေးရွာနဲ့ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်နေတဲ့နေရာ အကြားကနေ ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ပြောပါတယ်။
သတင်းတွေကြားသိနေရပေမယ့် ကျေးရွာနဲ့အဆက်အသွယ် မရရှိသေးတဲ့အတွက် သူ့အနေနဲ့ အသေးစိတ်ကို အတည်ပြုဖို့ခက်ခဲနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ကျောက်ဆိပ်ကျေးရွာနဲ့ ပုဏ္ဏားကျွန်းမြို့အကြား ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ ပုဏ္ဏားကျွန်း-ကျောက်တော်လမ်းပိုင်းမှာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ ကားအသွားအလာတွေ ရပ်နားခဲ့ရသလို တိုက်ပွဲဖြစ်ပွားနေတာကိုမသိဘဲ ဖြတ်သွားခဲ့တဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းတချို့က ကားတွေလည်း ကျည်တွေထိမှန်ခဲ့ပြီး ခရီးသွားတချို့ ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ကျောက်ဆိပ်ကျေးရွာသားတွေ ထိခိုက်တာမရှိခဲ့ပေမယ့် ခရီးသွားကားတွေမှာလိုက်ပါလာခဲ့ကြတဲ့ ခရီးသည်တချို့နဲ့ ကားသမားတွေကျည်ထိမှန်တာတွေရှိခဲ့တယ်လို့ အဲ့ဒီပုဏ္ဏားကျွန်းမြို့ခံက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ကျောက်ဆိပ်ကျေးရွာသားတွေဟာ ကျေးရွာအတွင်းမှာ ဆက်မနေရဲကြတော့ဘဲ အနီးဝန်းကျင်မှာရှိတဲ့ ယိုးငူ၊ ကြံခင်း၊ ပန်းနီလာ စတဲ့ ကျေးရွာတွေကိုထွက်ပြေးနေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
မနက်ပိုင်း ၁၁ နာရီလောက်မှာ ပစ်ခတ်သံတွေ ပြီးဆုံးသွားခဲ့ပြီး အသွားအလာ ပြတ်တောက်နေခဲ့တဲ့ ကားလမ်းမတလျှောက်မှာလည်း နေ့လယ်ပိုင်းလောက်မှာ ကားတွေပြန်သွားလာနေတာကို တွေ့နေရတယ်လို့ ဦးဦးထွန်းမောင်က ပြောပါတယ်။
နေ့လယ်ပိုင်းတစ်နေ့လယ်လုံးမှာလည်း ပစ်ခတ်မှုတွေ ကြိုကြားကြိုကြား ရှိနေခဲ့ပြီး မြစ်ကနေ ရေတပ်သင်္ဘောတွေရောက်ရှိ လာခဲ့ကြောင်းနဲ့ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေလည်း ရှိခဲ့တယ်လို့ ကျောက်ဆိပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"တစ်နေ့လုံး ပစ်ခတ်မှုတွေရှိနေပါတယ်။ ပစ်လိုက်ရပ်လိုက်နဲ့ ပစ်နေကြတာပါ။
ရွာထဲကိုလည်း လက်နက်ကြီးကျည် လေးလုံးလောက်တော့ ကျပါတယ်။ ရွာကလူတွေတော့ အကုန်လုံးထွက်ပြေးသွားပြီ။
ညနေပိုင်းမှာတော့ ရွာထဲကိုစစ်ကြောင်းက သေနတ်ပစ်ပြီးဝင်လာတော့ ကျွန်တော်တို့လည်း ထွက်ပြေးလာခဲ့တာပါ"လို့ ယိုးငူကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းဟာ ပုဏ္ဏားကျွန်းမြို့ဘက်ကနေ ထွက်လာတာဖြစ်တဲ့အတွက် ကျေးရွာသားတွေဟာ မြို့ရှိတဲ့ဘက်ကို သွားလို့မရဘဲ တခြားကျေးရွာတွေဆီကို ထွက်ပြေးနေကြရသလို အဆက်အသွယ်တွေလည်း မရရှိဘဲ ဖြစ်နေကြပါတယ်။
ဧပြီလအတွင်းက ကျောက်ဆိပ်ကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကိုလည်း တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီး အေအေတပ်ဖွဲ့ဝင်တွေဆိုကာ တပ်မတော်ရေယာဉ်ပေါ်မှာ ညှင်းပမ်းနှိပ်စက်မှုတွေလုပ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း ဧပြီလအတွင်းကထွက်ပေါ် ခဲ့ပါတယ်။
အခုလ ၁၁ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့မဈေးကို လာရောက်ဈေးဝယ်တဲ့တပ်မတော် အရာရှိတစ်ဦးဓားထိုးခံရပြီး တပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အခုလအတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့သလို မိုင်းခွဲတိုက်ခိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။