ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကာလ ပုဂံမှာ ဌာပနာ အဖောက်ခံရတာ ဘယ်ဘုရားတွေလဲ
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ဇွန်လ ၁၁ ရက်နေ့အထိ ဌာပနာဖွင့်ဖောက်ခံရတယ်လို့ ယူဆရတဲ့ စေတီပေါင်းဟာ ၃၃ ဆူအထိ တွေ့ရှိလာရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဘီဘီစီကို ပြောပါတယ်။
အဲဒီထဲမှာ လောလောလတ်လတ် အဖောက်ခံရတဲ့ စေတီ ၅ ဆူပါဝင်ပြီးတော့ ပြီးခဲ့တဲ့ လပိုင်းတွေက ဖောက်ခံရတဲ့ စေတီဘုရားတွေက ၇ ဆူ ရှိတယ် လို့သူကပြောပါတယ် ။
ကျန်တဲ့ စေတီဘုရား၂၁ ဆူ ကို သေချာပြန်စစ်ကြည့်တဲ့အခါ ဌာပနထည့်ဖို့ အပေါက် ကလေးတွေ ထားခဲ့တာသာဖြစ်ပြီး ဒါကို ဌာပနာ ဖောက်ခံရတယ်လို့ ယူဆရကြတာဖြစ်ကြောင်း အဲဒီဘုရားတွေဟာ ဌာပနာ မထည့်ရသေးကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်က ရှင်းပြပါတယ် ။
အခုအဖောက်ခံရတဲ့ ဘုရားအများစုဟာ ၁၉၉၀ ကနေ၂၀၀၇ ခုနှစ် အတွင်း ပြန်လည်မွမ်းမံပြီး ဌာပန သွင်းခဲ့တဲ့ ဘုရားတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဇွန် လ ၈ရက်နေ့ က ရွာဟောင်းကြီးဘုရားမြောက်ဖက် ဘုရားစုများထဲက ဘုရားငါးဆူ ရဲ့ ပြန်လည်ပြုပြင်ထားတဲ့ ကွမ်းတောင်တွေမှာ ဖောက်ထွင်းခံထားရတာ ဖြစ်သလို ဇွန်လ ၉ ရက် က စူဠာမဏိ ဘုရား နဲ့ ဓမ္မရံကြီး ဘုရားနှစ်ဆူကြားမှာရှိတဲ့ ဘုရားသုံးဆူ ၇၅၃/၇၅၁/၇၅၁(က) အစရှိ တဲ့ဘုရားတွေ မှာ ဖောက်ထွင်းခံထား ရတယ်လို့လည်း ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်းက ထုတ်ပြန်ပါတယ် ။
ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားဌာပနာ ကွမ်းတောင်တွေ ပေါက်နေကြောင်း၊ ဇွန်လ ၈ ရက် မှာ ၅ ဆူကို စတင်တွေ့ရှိပြီး နောက် ဇွန် ၉ ရက်မှာ နောက်ထပ် ၁၄ ဆူ၊ ဇွန် ၁၀ ရက်မှာ ၁၄ ဆူ ဌာပနာဖွင့်ဖောက်ခံရတယ်လို့ ယူဆရတာတွေ ဆက်လက် တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၃၃ ဆူအထိ ရှိလာတယ်လို့လည်း ဒေါက်တာသန်းထိုက်က ပြောပါတယ် ။
"ကျွန်တော်တို့ သေချာစစ်ကြည့်လိုက်တော့ အမှန်တကယ် ဌာပနာ အဖောက်ခံ ရတာက ၁၂ ဆူ ဖြစ်ပါတယ်၊ ကျန်တဲ့ ၂၁ ဆူက ဘုရားဌာပနာကို မထည့်ရသေးတာပါလို့ "လည်း သူကပြောပါတယ်။
ဌာပနာ အဖောက်ခံရ ပြီး ကျန်ခဲတဲ့ ဌာပနာတွေမှာ ကျောက်စိမ်းလက်ကောက်တို့၊ ရွှေလက်စွပ်တို့၊ ကြေးရုပ်တို့ တွေ့ရပြီး အဲဒီကျန်ဌာပနာတွေရဲ့ လက်ရာတွေဟာ ဒီဘက်ခေတ် လက်ရာ တွေဖြစ်ကြပြီးတော့ ရှေးဟောင်းလက်ရာတွေ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။
ဘုရားဌာပနာဖောက်ပြီး အပြင်မှာ ကျန်ခဲ့တဲ့ လက်ရာတွေထဲမှာ မန္တလေးဘက် က အခုခေတ်လက်ရာ ကြေးရုပ်တွေ တွေ့ရသလို အကြွေ ငါးမူးစေ့၊ ဆယ်ပြားစေ့တွေ စတာတွေလည်း တွေ့ရတယ်လို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။
ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဖောက်ထွင်းခံထားရတဲ့ စေတီတွေ ဌာပနာ အဖောက်ခံရတာတွေရှိလာပြီးတဲ့နောက် ပုဂံဇုန်အတွင်းလုံခြုံရေးကို ထပ်တိုးဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။
ပုဂံရှေးဟောင်းနယ်မြေအတွင်း ဌာနေပါင်းစုံနဲ့ လုံခြုံရေး လှည့်လည် စစ်ဆေးတာတွေကို အရင်ထက် ပိုတိုးပြီး ဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဌာန ပုဂံဌာနခွဲ ကနေ သိရပါတယ်
လုံခြုံရေးလှည့်လည်ဖို့အတွက် အရန်မီးသတ်အင်အား ၃၀၊ ပုဂံဧည့်လမ်းညွှန်အသင်းက အင်အား ၁၀၀ နဲ့ ရဲအင်အား ၇၀ ကိုပါ ထပ်တိုးချထားပြီး ရှေးဟောင်းသုတေသနဌာန အပါအဝင် သက်ဆိုင်ရာ ဌာနပေါင်းစုံနဲ့ နေ့၊ည လှည့်လည်စစ်ဆေးတာတွေကို အရင် ၄ ကြိမ်ကနေ အခု ၈ ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ၂၀၁၉ က ထည့်သွင်း သတ်မှတ်ခြင်းခံခဲ့ရပါတယ် ။
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားအဆူ သုံးထောင်ကျော်ရှိပြီး ဒီထဲကမှ ဂေါပကအဖွဲ့ရှိတဲ့ ဘုရားအဆူ ၁၉ဆူ ရှိပါတယ်။
ဒီထဲမှာ အာနန္ဒာဘုရား အပါအဝင် ဘုရားကြီးအချို့မှာ CCTV စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတာ ရှိပေမယ့်လည်း ကင်မရာတချို့က သုံးမရတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
အခုလို ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းက စေတီပုထိုးတွေ ဖောက်ထွင်းဖျက်ဆီးခံရတာတွေ ရှိလာတဲ့အပေါ် ဒေသခံတွေကလည်း စိုးရိမ်ကြပြီး သူတို့ကလည်း ဝိုင်းပြီးထိန်းသိမ်းဖို့ အတွက် စိတ်ဆန္ဒရှိကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံက ယူနက်စကိုစာရင်း ဝင်နေရာတစ်ခုဖြစ်တဲ့ ဟန်လင်း ပျုမြို့ဟောင်းမှာလည်း ရှေးဟောင်းပစ္စည်းအရိုးအိုးတချို့ ဖျက်ဆီးခံရတယ်လို့ ဒေသခံအမတ် ဦးစိုး၀င်းထွန်းက ဘီဘီစီကို ပြောပါတယ်။
အခုဖောက်ထွင်းခံရတဲ့ ဘုရားတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေချိန် လူသွားလူလာနည်းတာကို အခွင့်ကောင်းယူပြီး ဖောက်ထွင်းခံခဲ့ရတာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။
ပုဂံဒေသတခုလုံးကို ထိမ်းသိန်းစောင့်ရှောက်ဖို့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်အရှိဆုံးဖြစ်ပြီး နယ်မြေခံဒေသခံပြည်သူတွေလည်း ပါဝင်ထိန်းသိမ်းလာအောင် ဆောင်ရွက်သွားမယ်လို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။