ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟန်လင်းက နှစ်ပေါင်း ၃၅၀၀ ကျော်ရှိ အရိုးစုနဲ့ မြေအိုးတချို့ ဖျက်ဆီးခံရ
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဟန်လင်းရှေးဟောင်းအမွေအနှစ်ဒေသ ရှေးဟောင်းပစ္စည်းအရိုးအိုးတချို့ ဖျက်ဆီးခံရတယ်လို့ ဒေသခံအမတ် ဦးစိုး၀င်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။
ဟန်လင်းရှေးဟောင်းပြတိုက်အနောက်ဘက်က တူးဖော်ကုန်း ၂၉ မှာရှိတဲ့ သင်္ချုင်းမှာ မြုပ်နှံထားတဲ့ အရိုးအိုး ငါးအိုး အနက် တစ်အိုးမှာ ဖျက်ဖျက်ဆီး ခံထားရပြီး ကျန်အိုးတွေမှာလည်း ယူဆောင်သွားလို့မရတဲ့အခြေအနေမို့ မြေထဲနစ်ဝင်တဲ့အနေအထားအတိုင်း ထားခဲ့တာတွေ့ရတယ်လို့ ဦးစိုး၀င်းထွန်း ကပြောပါတယ်။
"ဘုရားအနောက်ဘက်က သင်္ချိုင်းခေါ်တာပေါ့။ အရိုးအိုးတွေမြှုပ်တဲ့ သင်္ချိုင်းနေရာ လူအရိုးစုတွေ မြှုပ်ထားတဲ့နေရာက အိုးတွေကို ခွဲသွားတာပေါ့။ အဲဒီအိုးတွေထဲမှာ ရွှေငွေရတနာတွေရှိမယ်ထင်ပြီး လုပ်တာ။ ရှေးဟောင်းတာဝန်ရှိသူတွေက ဒီအိုးတွေကိုမူလအနေအထားအပျက်အောင် မြေသားတွေဘာတွေခြံရံပြီး တစ်ဝက်ကိုမြေပေါ် ဖော်ထားတာဆိုတော့အဲဒီမှာ ရွှေငွေတွေရှိတယ်ဆိုပြီးလုပ်တာမျိုးဖြစ်ဖို့များပါတယ်" လို့ သူက ပြောပါတယ်။
ခုလို ရှေးဟောင်းပစ္စည်းဖျက်ဆီးသူတွေကို ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံဖမ်းမိဖို့ဆောင် ရွက်နေတယ်လို့ ဝက်လက်မြို့မရဲစခန်းက မြို့နယ်မှူး ရဲမှူးဦးဌေးဦးက ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၃ ရက်က ခုလို ဖျက်ဆီးခံရတာကို သက်ဆိုင်ရာရှေးဟောင်းဌာနက တွေ့ရှိပြီး ဇွန် ၉ ရက်နေ့ကျမှ ရဲစခန်းကို လာရောက်အမှုဖွင့်တာလို့ သူက ဆက်ပြောပါတယ်။
"တူးဖော်ကုန်းတွေကလည်း အလှမ်းဝေးတော့ ဒီလိုတွေမတိုင်ခင်တည်းက ကမ္ဘာ့လှည့်ခရီးသွားရဲတပ်ဖွဲ့နဲ့ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့တွေကတော့ ကင်းလှည့်နေတယ်။ ခုလိုဖြစ်သွားတော့ ပိုပြီး လုံခြုံရေးဂရုစိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီရှေးဟောင်းတူးဖော်ကုန်းတွေက အလှမ်းလည်းဝေးတယ်။ မှောင် လည်းမှောင်တော့ ဒါကိုအကာအကွယ်ယူပြီးလုပ်တာဖြစ်တယ်။ ရည်ရွယ်ချက်နဲ့ လုပ်တာထက် အရင်တစ်ခါ ၂၀၁၆ တုန်းကလည်းတူးဖော်ကုန်း ၂၆ မှာ ကျောက်ကွင်းတစ်ကွင်းအခိုးခံရဖူးတယ်။ ဒီတစ်ခါလည်း ဒီလိုပုံစံမျိုးလို့ထင်ပါတယ်" လို့ သူကပြောပါတယ်။
ကိုဗစ်ကာလမှာ ဟန်လင်းမြို့ဟောင်းကို ခရီးသွားလာခွင့်တော့ တားမြစ်ထားတာမရှိဘဲ ခရီးသွားလည်း နည်းနေတုန်းပဲဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ခရီးသွားတွေကို သွားလာဖို့ ညွှန်ကြားတာတော့ရှိတယ်လို့ ဦးစိုး၀င်းထွန်းကပြောပါတယ်။
ဟန်လင်းပျူမြို့ဟောင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့မှာ တည်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟန်လင်းအပါအဝင် ပြည်မြို့က သရေခေတ္တရာနဲ့ မကွေးတိုင်းတောင်တွင်းကြီးက ဗိဿနိုးမြို့ဟောင်း သုံးခုဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရှေးဟောင်းပုဂံဒေသက ဘုရားအဆူပေါင်း ၁၀ ဆူ ဌာပနာဖောက်ထွင်းခံထားရသလို မီးရှို့ဖျက်ဆီးခံရတာတချို့ရှိထားပါတယ်။