အန်အယ်လ်ဒီကကိုဗစ်အကြောင်းပြုမဲဆွယ်နေတယ်လို့ ပြိုင်ဘက်ပါတီတွေဝေဖန်၊ စစ်ဖြစ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲကိုစိတ်မဝင်စားနိုင်၊ အန်အယ်လ်ဒီရဲ့အမတ်လောင်းရွေးပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ

ရေးသားခဲ့သည်။

ကုန်ဆုံးခဲ့တဲ့သီတင်းပတ်အတွင်း ထိပ်တန်းရောက်ခဲ့တဲ့သတင်းတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာမှာကျင်းပမယ့်သတင်းနဲ့ အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်မလားဆိုတဲ့ မေးခွန်းတွေက လှုပ်ခတ်မှုအရှိဆုံးလို့ပြောရမှာပါ။

ရွေးကောက်ပွဲအတွက် အာဏာရပါတီအန်အယ်လ်ဒီက ကြိုတင်ပြင်ဆင်မှုတွေ ထုတ်ပြောလာသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းတွေကို မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီး ဇွန်လအတွင်း အပြီးသတ် ရွေးမှာ ဖြစ်တယ်လို့ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းရွေးရာမှာ အဓိကနေရာက ပါလာတဲ့ မြို့မိမြို့ဖ တွေရဲ့ အရည်အချင်းကိုလည်း ပါတီက သတ်မှတ်ထားပါတယ်။ အဲဒါတွေက သက်ဆိုင်ရာဒေသမှာ နှစ်ရှည်နေထိုင်ခဲ့သူ၊ အများယုံကြည် လေးစားသူ၊ ဒီမိုကရေစီရေးအစဉ်ထောက်ခံအားပေးခဲ့သူ စတဲ့အချက်တွေဖြစ်ပါတယ်။

လက်ရှိအမတ်တွေထဲက လစာရဲ့ ၂၅% ကို ပါတီ လစဉ်ကြေး မပေးသူတွေ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အန်အယ်လ်ဒီပါတီနဲ့ ယှဉ်ပြိုင်ပြီး အရွေးခံခဲ့သူတွေ ကိုတော့ အမတ်လောင်းအဖြစ်မရွေးချယ်ဘူးလို့ ဆိုပါတယ်။

အန်အယ်လ်ဒီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ပတ်သက်လို့ ပါတီနဲ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ ဒီမိုကရေစီအင်အားစုတွေကြား သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။

အခုတစ်ခါမှာ မြို့မိမြို့ဖက တင်ပြသူတွေကို အခြေခံပြီးရွေးမယ်ဆိုပေမယ့် လက်ရှိ လွှတ်တော်တက် နေတဲ့အမတ်တွေနဲ့ အသစ်ရွေးချယ်မယ့် ကိုယ်စားလှယ်တွေကြား အဟောင်းအသစ် ပြဿနာ ရှိလာနိုင် တယ်လို့ ပါတီသဘာပတိ ဦးဝင်းထိန်က ပြောပါတယ်။

လွှတ်တော်အမတ်တွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်၊ ပါတီစည်းကမ်း လိုက်နာမှု တွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိထားပြီး စည်းကမ်း ဖောက်ဖျက်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မပြည့်သူတွေကတော့ ပြန်ပါဖို့မရှိဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီတော့ အန်အယ်လ်ဒီပါတီရဲ့ အခုကိုယ်စားလှယ်လောင်း ရွေးပွဲမှာ အဟောင်းအသစ်ပြဿနာက ဘယ်လောက်ထိ ဂယက်ရိုက်လာနိုင်ပါသလဲ။

အခု မြို့မိမြို့ဖတွေနဲ့ရွေးမယ့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုပုံစံကိုရော ဘယ်လို ယုံကြည်မျှော်လင့်ပါသလဲ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် လွှတ်တော်ထဲ အမြဲထောက်ပြဆွေးနွေး လေ့ရှိသူ၊ လက်ရှိ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ မန္တလေးတိုင်း အန် အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် လည်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းကို မေးကြည့်ထားပါတယ်။

"အရေးယူခံထားရတဲ့ဟာက ကြီးကြီးမားမားပြဿနာလား။ တကယ်ကိုပဲ ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းတဲ့ကိစ္စနဲ့ အရေးယူခံထားရလား ဆိုတာ ရှိပါသေးတယ်။ အဲဒါကိုကြည့်ပြီး လူကြီးတွေကဆုံးဖြတ်မယ်ထင်ပါတယ်။ အသစ်ထက်စာရင် မြို့နယ်က သူ့ကို ကြိုက်နေသေးရင်တော့ ကောင်းတာပေါ့။ အဲဒါကြောင့်မို့လည်း မြို့နယ်ရဲ့ ထောက်ခံချက်ကိုအရင်ဆုံးယူခိုင်းလိုက်တာလေ။ တချို့တွေကလည်း မြို့နယ်က လုံးဝမကြိုက်တဲ့သူတွေကို ထည့်လိုက်ပြန်ရင်လည်း အဲဒါက ရွေးကောက်ပွဲမှာ မဲရှုံးနိုင်တယ်လေ။ အသစ်တွေဆိုတာ ဖြစ်ပေါ်လာမှာပဲ။ ဒီတစ်ခေါက် တော့ ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတဲ့ ကိုယ်စားလှယ်တွေလည်းရှိမှာပဲ။ နောက်မျိုးဆက်ဆိုတာမွေးရမယ်ဆိုတာ ပါတီမှာလည်းတာဝန်ရှိတယ်။ လူထုမှာလည်း တာဝန်ရှိတယ်။ အဟောင်းနဲ့အသစ်ကြားမှာ ပြဿနာဖြစ်လာမယ်ဆိုတာမျိုးတော့ မရှိနိုင်ပါဘူး။ အသစ်တွေနဲ့ချည်းပဲလည်း လွှတ်တော်ကြီးကို ကျင်းပလို့မရပါဘူး။ အဟောင်းဆိုတာလည်း ခု လွှတ်တော်သက်တမ်းက ငါးနှစ်ပြည့်တော့မယ်အချိန်မှာ အတော်အသင့်ကိုလုပ်တတ်ကိုင်တတ်တဲ့အခြေအနေရှိနေပြီမို့ အဟောင်းတွေကိုလည်း ပစ်ပယ်လို့မရပါဘူးလို့ ပြောချင်ပါတယ်" လို့ သူက ဆိုပါတယ်။

တစ်ပြည်လုံးအတိုင်းအတာနဲ့ ပြိုင်မယ့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကိုယ်စားလှယ်ပေါင်းထောင်ကျော် ရွေးချယ်ရာမှာ ပြဿနာအနည်းနဲ့ အများ ကြုံရမှာပဲလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကပြောပါတယ်။

ခုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ သူရဦးရွှေမန်းပါတီနဲ့ ဒေါက်တာ သက်သက်ခိုင်ပါတီတွေမှာ စီးပွားရေးနယ်ပယ်နဲ့ တက်သိပညာရှင်၊ လူငယ်အင်အားစုတွေကို မိတ်ဆက်ချပြတာတွေရှိလာချိန် အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ် ရေးမှာ ဒီလိုအင်အားစုတွေပါဝင်ဖို့ စည်းရုံးသင့်တယ်လို့ အကြံပြုတာတွေလည်းရှိပါတယ်။

ဒီတော့ ပါတီကိုယ်စားလှယ်လောင်းရွေးရာမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေပါဝင်ရေးက အဓိကကျပါသလား၊ ဘယ်လိုအရည်အချင်းမျိုးက ကိုယ်စားလှယ်လောင်းရွေးဖို့ အဓိက စဉ်းစားသင့်တာပါလဲ။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ နိုင်ငံရေးသမားအလုပ်ဖြစ်ပြီး ပညာရှင်နဲ့ နိုင်ငံရေးသမားဆိုတာ မတူညီတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့အခါ နိုင်ငံရေးလုပ်တတ်တဲ့သူကိုပဲ အဓိကထားရွေးသင့်တယ်လို့ ဦးစည်သူအောင်မြင့်ကဆိုပါတယ်။ ဒီလူတွေ လွှတ်တော်ထဲရောက်တဲ့အခါ ကော်မတီတွေဖွဲ့တော့မှ တက်သိပညာရှင်ဆိုသူတွေကို ကမ်းလှမ်းလက်တွဲလုပ်ကိုင်တာမျိုးလည်း လုပ်လို့ရတယ်လို့ သူက အကြံပြုပါတယ်။

ပုံမှန်ဆို ရွေးကောက်ပွဲကျင်းပဖို့က ငါးလလောက်ပဲလိုတော့တာဖြစ်ပြီး ဒိလိုအချိန်ကို နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲတွေ အားယူပြင်ဆင်နေကြ လေ့ရှိတာပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဇွန်လလယ်ထိ ထပ်တိုးထားပြီး ကိုဗစ်ကြောင့်ပဲ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အခက်အခဲတွေရှိနေပါတယ်။

အဲဒီအချိန်မှာ ကိုဗစ်ကိုအကြောင်းပြုပြီး အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတာ တွေလုပ်နေတယ်လို့ တခြားပါတီက ဝေဖန်နေကြပါ တယ်။

ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ရွေးကောက်ပွဲအတွက်အန်အယ်လ်ဒီက အောင်နိုင်ရေး တကူးတက လုပ်နေစရာတောင်မလိုဘဲ ကိုဗစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ ဖြေရှင်းမှုကြောင့် လူထုထောက်ခံမှုက မြင့်တက်နေတယ်လို့ ပြောထားပါတယ်။

ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ကိုယ်တိုင် ဗီဒီယိုကွန်ဖရန်းဇင်း ဆွေးနွေးပွဲတွေ လုပ်နေတာက မဲဆွယ်စည်းရုံးရေးကို သွယ်ဝိုက်လုပ် ဆောင်နေတာကို တိုင်းရင်းသားပါတီတချို့က ပြောလာပါတယ်။

နိုင်ငံရေးအရ ဒါဟာ အသားစီးယူတဲ့အခြေအနေလို့လည်း ဆိုကြတော့ ဒါနဲ့ပတ်သက်လို့ လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာဦးအေးကျော်က ခုလိုပြောပါတယ်။

"ဘယ်နိုင်ငံမှာမဆို အာဏာရပါတီက အသာစီးရအောင်လုပ်တာမျိုးတွေရှိတယ်။ ဒါက ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း ရွေးကောက်ပွဲအတွက် အစိုးရလုပ်ပိုင်ခွင့်ထဲကနေ အသုံးချသွားတာလေးတွေရှိတယ်။ ဒါက ရွေးကောက်ပွဲ ဥပဒေနည်းဥပဒေတွေရဲ့ အားနည်းချက်တွေကို ပြန်သုံးသပ်ဖို့လိုတယ်။ လက်ရှိ ကပ်ရောဂါကာလဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပါတီတွေအနေနဲ့ စုဝေးစည်းရုံးလှုပ်ရှားမှုတွေလုပ်မရဘူး။ စစ်ဖြစ်တဲ့ဒေသတွေမှာဆို ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေတောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမလုပ်နိုင်ဘူး။ ကော်မရှင်ကလည်း ရွေးကောက်ပွဲကိုမရွှေ့ဘူး။ နိုဝင်ဘာမှာလုပ်မယ်ဆိုတော့ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဗီဒီယိုကွန်ဖရန်းဇင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ပြီး ပါတီတွေရဲ့ သဘောထားဆန္ဒခံယူပွဲလုပ်သင့်ပါတယ်"လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကို ကျင်းပတဲ့အခါ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တချို့ အပြောင်းအလဲရှိနိုင်ပြီး စစ်ဖြစ်နေ တဲ့ဒေသတွေမှာပါ ကျင်းပနိုင်မယ့် အလားအလာ ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ရှမ်းပြည်နယ်အတွင်း ဝနဲ့ ကျေးသီးမိုင်းရှူးတို့လို ဒေသတွေမှာ မကျင်းပ နိုင်ခဲ့သလို လက်ရှိမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမှာ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနိုင်မလားဆိုတာ တိုင်းရင်းသားပါတီတွေဘက်က မေးခွန်းထုတ် လာကြပါတယ်။

စစ်ဘေးကြောင့် ချင်းနဲ့ ရခိုင်မှာ တိုင်းရင်းသားပါတီတချို့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအ ပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ လုပ်ဖို့ အကြီးအကျယ်အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ခုလိုပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့်ထိခိုက်နစ်နာရမှုတွေကြားမှာပဲ လုံးချာလည်လိုက်နေပြီး မောင်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းက ဒေသခံကျေးရွာတွေမှာ မဲပေးရမယ့်ပြည်သူတွေဟာ ခုဆို စစ်ဘေးရှောင်နေရတယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

"သူတို့ရဲ့ဒုက္ခတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လောက်ထိ ဖြေရှင်းပေးနိုင်မလဲဆိုတာမျိုးမှာမျှော်လင့်ချက် တော်တော်လေး အားနည်းသွားပုံရတယ်။ သေကြေမယ်။ မီးလောင်မယ်။ ထွက်ပြေးရမယ်။ ဒဏ်ရာတွေရမယ်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမယ်။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တဲ့နေရာမှာ ပေးစာကမ်းစာလေးနဲ့ ကျပ်တည်းစွာ ရပ်တည်ရမယ်ဆိုတဲ့ ဒုက္ခတွေကြားမှာပဲ ဝဲဂယက်လိုက်ပြီးတော့ ရွေးကောက်ပွဲအပေါ်မှာ တော်တော်လေးကို စိတ်ဝင်စားမှုနည်းနေတာတွေ့ရပါတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေကို ဒီလိုအနေအထားမှာ ကိုယ့်ပါတီရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့၊မဲဆွယ်စည်းရုံးဖို့ ဆိုတဲ့အနေအထားဘာမှ လုပ်ရက်စရာမရှိတဲ့အနေအထား။ လုပ်ရက်စရာလည်းအကြောင်းမရှိဘူး။ နောက်တစ်ခါကိုဗစ်ကြောင့် ကျွန်မတို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုယ်စားလှယ်လောင်းရွေးချယ်တာတွေ မလုပ်နိုင်သေးပါဘူး" လို့ ဒေါ်အေးနုစိန်ကဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဆိုလည်း အေအေက ပလက်ဝမှာ ခြေကုပ်ယူနိုင်ဖို့ အပြင်းအထန်ကြိုး စားနေတာပါ။ ဒီတော့ ပလက်ဝဟာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စိန်ခေါ်မှုရှိလာတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

ဒီအခြေအနေကြား အခက်အခဲတွေကို ပလက်ဝမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့ ချင်းပါတီသုံးခု ပေါင်းစည်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ခုလို ပြောပါတယ်။

"လက်တွေ့ပဲလေ။ ကိုဗစ်မတိုင်ခင်တုန်းက ကျွန်တော်တို့က စည်းရုံးရေးဆင်းလို့မရသေးဘူးလေ။ ဒါပေမဲ့ အစိုးရတာဝန်ရှိသူကိုယ်တိုင်က နယ်တော်တော်များများမှာ အစိုးရတာဝန်ခရီးစဉ်လိုလိုသွားပြီးတော့ နေရာတော်တော်များများမှာ ပါတီအကြောင်းပြောပြီးတော့ ပါတီစည်းရုံးရေးလုပ်နေကြတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ ဖေဖော်ဝါရီလလောက်မှာ မုံရွာဘက်သွားလိုက်သေးတယ်။ ကိုဗစ်ကို အရေးတယူလုပ်ပြီးတော့ မကိုင်တွယ်ဘဲနဲ့ လူအုပ်ကြီးတွေစုရုံးပြီးတော့ လုပ်နေတာ အားလုံးတွေ့နေတာပဲလေ။ ဒီလိုအခြေအနေမျိုးမှာ တိုင်းရင်းသားပါတီတွေက အနေအထားကတော်တော်အားနည်းနေတယ်။ အခု ကိုဗစ်ကြောင့် ကျွန်တော်တို့တွေဘာမှမလုပ်နိုင်ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကတော့ ကိုဗစ်ကိုအကြောင်းပြ၊ အိုင်စီဂျေကိုအကြောင်းပြပြီး အဲဒီလိုမျိုးနဲ့ ပါတီစည်းရုံးရေးအသွင်ဆောင်သွားတဲ့အခြေအနေတွေတွေ့ရတယ်။ ၂၀၁၅ တုန်းကလည်း ကြံ့ခိုင်ရေးက ဒီလိုပုံစံမျိုးတွေလုပ်သွားတာတွေ့ရတယ်" လို့ ဦးငိုင်ဆာ့ခ်ကပြောပါတယ်။

CNLDပါတီအနေနဲ့ ပလက်ဝမှာရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိပေမယ့် လက်တွေ့မှာနယ်မြေမအေးချမ်းတာကြောင့် ပါတီဆိုင်းဘုတ်ထောင်ဖို့တောင်အခက်အခဲရှိပြီး အေအေဘက်က ရန်ရှာဖမ်းဆီးမှာကို စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်မထောင်နိုင်ပေမယ့် အင်အားမရှိတာမဟုတ်ဘဲ နဂိုတည်းက ချင်းတိုင်းရင်းသားပါတီ ၃ ခုပေါင်းထားပြီးသားဖြစ်လို့ နဂိုအင်အားစုတွေနဲ့ ဒေသခံတွေရှိပြီးသားဖြစ်တဲ့အတွက် ပါတီအတွက်စိတ်ပူစရာမရှိဘူးလို့ ဆိုပါတယ်။