နဝမတန်းအဆင့်ထိအောင်စာရင်းတွေထုတ်ပြန်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်း သြဂုတ်နောက်ပိုင်းမှထွက်မယ်

ရေးသားခဲ့သည်။

အခြေခံပညာကျောင်းတွေရဲ့နဝမတန်းအထိ အောင်စာရင်းများကို ပုံမှန်ထက် ၂လခန့်နောက်ကျပြီးနောက် ဒီကနေ့ ဇွန် ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကိုတော့ သြဂုတ်လနောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မယ်လိုခန့်မှန်းထားကြောင်း ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဇွန်၁၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

' ' အောင်စာရင်းအမြန်ဆုံးထုတ်ပြန်နိုင်ဖို့တော့စီစဉ်နေပါတယ်။ ဘာကြောင့်အမြန်ဆုံးထုတ်လဲဆိုတော့ ဒါသည် မပေါက်ကြားအောင်ထိန်းသိမ်းရတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ဘယ်နေ့ထုတ်မယ်ဆိုတာကိုတော့ မစီမံရသေးဘူး။ ကိုဗစ်ရဲ့ဆိုရှယ်ဒစ်စတန်းစင်းရှိနေမယ်ဆိုရင်တော့ ဝဘ်ဆိုဒ်ကနေထုတ်ပါမယ်။ တကယ်လို့ ဆိုရှယ်ဒစ်စတန်းစင်းအရ အားလုံးဒီကာလ ကြီးပြီးသွားပြီဆိုရင်တော့ ပုံမှန်အတိုင်းကြေညာ ပါမယ်။'' မြန်မာနိုင်ငံစာစစ်ဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ အမှတ်ခြစ်တာကို ဇွန် ၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တက္ကသိုလ် ၁၀ ခုမှာလုပ်နေတယ်လို့သိရပါတယ်။

' ' ၁၉ ရက်နေ့ပြီးရင် decode လုပ်ရဦးမယ်။ အောင်စာရင်း ပြုစုတာကတော့ ၂လနီးပါးကြာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်လနောက်ပိုင်းကိုတော့မှန်းထားပါတယ်'' လို့ ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ စတင်ဖြေဆိုခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေဆိုဖို့ စာရင်းပေးသူ ကျောင်းသား ကျောင်းသူပေါင်း ၉၇၁,၃၃၉ ဦး ရှိခဲ့ပါတယ်။

' ' စာစမစ်ခင် စာဖြေသူရဲ့ခုံနံပါတ်နဲ့ စာစစ်ဌာနကို မမြင်ရအောင် ကုတ်နဲ့ အုပ်တာကို အရင်ပြုလုပ်ပြီးမှ စာစစ်တာကိုပြုလုပ်ရတာဖြစ်တယ်။ စာစစ်ပြီးတဲ့အဖြေလွှာတွေရဲ့ ကုတ်နံပါတ် ပြန်ခွာတာကို နောက်တစ်ဖွဲ့ကထပ်လုပ်ပြီး ရလာတဲ့တစ်ဘာသာချင်းအမှတ်စာရင်းတွေကို စာစစ်ဦးစီးဌာနကိုပြန်ပို့ရတာ။ စာစစ်ဦးစီးဌာနကမှဘာသာရပ်အားလုံးကိုပေါင်းပြီး ပြန်ပြုစုရ တယ်။ အောင်စာရင်းတွေထုတ်ပြန်ပြီးရင်လည်း အမှတ်စာရင်းထုတ်ပေးတာတွေရှိတယ်။ ဒါတွေအားလုံးလုပ်ပြီးမှ အောင်စာရင်းထုတ်ပြန်ရတာဖြစ်လို့ ပုံမှန်လည်း ၂လလောက်တော့ ကြာတယ်လို့ အောင်စာရင်းထုတ်ပြန်ဖို့လုပ်ဆောင်တဲ့လုပ်ငန်းအဆင့်အချို့ကို မြန်မာနိုင်ငံများဆရာများအဖွဲ့ချုပ်က ကျောင်းဆရာတစ်ဦးကရှင်းပြပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ရှစ်သိန်းငါးသောင်း ကျော်ရှိတဲ့အနက် နှစ်သိန်းခြောက်သောင်းကျော်အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အောင်ချက်ရဲ့ တစ်, ရာခိုင်နှုန်းကျော်ကျော် လျော့နည်းခဲ့ပါတယ်။