ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မောင်တောမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉သန်းခွဲကျော် ဖမ်းမိ
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့မှာ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၉ သန်းခွဲကျော်ကို နှစ်ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
မေလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီအခန့်အချိန်က မောင်တောမြို့ပေါ်က ကညင်တန်းရပ်ကွက်နေ ဦးဂျူဟာဟူဆိန် (ဘ) ရှာနာများ ၆၅ နှစ်၊ မရေခါယာဒ်ဖာတေမာ (ဘ) မာမူရော်ရှိမ်း ၂၅ နှစ်တို့နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၇သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီဆေးပြားတွေဟာ မူးယစ်တရားခံပြေး ဦးဂျူဟာဟူဆိန်ကို ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေရာမှာ ကညင်တန်းရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မြေအောက်ခန်းအတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တာ လို့လည်း သိရပါတယ်။
မေ ၃၁ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးပြားတွေက မောင်တောမြို့အပြင်ဘက် ကံသာယာကျေးရွာနေ ဦးရွှေသိန်း (ဘ) ဦးကျော်သာစိန် ပိုင်ဆိုင်တဲ့ ရွာထိပ်က ကားဂိုဒေါင်အတွင်းမှာရှိနေတဲ့ FORLAND အမျိုးအစားကားပေါ်မှာ တင်ထားတဲ့ ဆေးပြားပေါင်း ၂ သန်းခွဲနီးပါး ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
"ပထမတစ်ရက်က ၇ သန်း ကျော်မိတယ်။ နောက်တစ်ရက်က ၂သန်းခွဲ နီးပါးမိတယ်။ ပထမတစ်ရက်ကတော့ တရားခံပြေးသွားဖမ်းရင်းနဲ့ သူ့အိမ်ထဲမှာ မသင်္ကာစရာ ကြွေပြားလန်နေတာကိုတွေ့လို့ အဲ့ဒါကို စစ်တဲ့အခါကတော့ မြေအောက်ခန်းထဲမှာ ထည့်ထားတာကိုတွေ့တာ။ တရားခံပြေးကလဲ မူးယစ်တရားခံပြေးပဲ။"လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
နောက်နေ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက သတင်းအရသွားရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တဲ့အခါမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မူးယစ်ဆေးနဲ့အတူ နေအိမ်ပေါ်က သေနတ်တစ်လက်ပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဦးစိုးအောင်ကပြောပါတယ်။
မူးယစ်ဆေးဝါး သတင်းရရှိထားတာကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့က ကံသာယာကျေးရွာက ဦးရွှေသိန်းရဲ့နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာမှာ ပိုင်ရှင်ဦးရွှေသိန်းကို မတွေ့ရှိဘဲ သူ့ရဲ့ဇနီး ဒေါ်ဦးမစိန် (ဘ) ဦးအရဲချေနဲ့အတူ နေအိမ်မှာရှိနေကြတဲ့ အမျိုးသား ၄ ဦးကိုတွေ့ရှိပြီး နေအိမ်ကိုရှာဖွေမှုတွေ ပြုလုပ်ရာမှာတော့ အိမ်ခန်းထဲရှိ ကော်ပုံးအတွင်းက Austria နိုင်ငံလုပ် GLOCKအမျိုးအစား ပစ္စတို တစ်လက်၊ ကျည် ၅ ထောင့်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ကံသာယာကျေးရွာထိပ်က သူတို့ပိုင်ဆိုင်တဲ့ ကားဂိုဒေါင်ကို သွားရောက်ရှာဖွေခဲ့ရာမှာ ဂိုဒေါင်အတွင်းမှာရှိတဲ့ ကားပေါ်မှာ မူးယစ်ဆေးတွေကို ကားသမားနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ မောင်တောမြို့နယ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်းက ယခုကဲ့သို့ မူးယစ်ဆေးဝါးတွေအများအပြား မကြာခဏဖမ်းဆီးရမိတာတွေရှိနေပေမယ့် အခုတစ်ကြိမ်ဖမ်းဆီးရရှိတဲ့ပမာဏဟာ အများဆုံးလည်းဖြစ်ပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ဒေသတွင်းဈေးကွက်တွေမှာ ဖြန့်ဖြူးရောင်းချနေတာမျိုးမဟုတ်ဘဲ တစ်ဖက်နိုင်ငံကိုတင်ပို့မယ့် ဆေးဝါးပစ္စည်းတွေဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"မူးယစ်ဆေးဝါးက ကျွန်တော်တို့ဆီမှာ ထုတ်တာမှမဟုတ်တာ။ သယ်လာပြီး တစ်ဖက်ကို မပို့ခင်မိတာပါ။ မောင်တောက အဓိကဈေးကွက်လည်းမဟုတ်ဘူး။ ဒီလောက်အများကြီးကို ဘယ်မှာသုံးမလဲ။ ဘယ်သူမှမသုံးဘူး။ သူတို့ဟာသူတို့ ဒီကနေပြန်ပို့နေတာပဲရှိမှာပေါ့"လို့ ဦးစိုးအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ယခင်က မူးယစ်ဆေးကင်းစင်တဲ့ဒေသတစ်ခုဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကနေ စတင်ပြီးတော့ မူးယစ်ဆေးဝါးတွေ တဖြည်းဖြည်းပေါများလာခဲ့ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသတွေကို တင်ပို့ရောင်းချတဲ့အခါမှာ ရခိုင်ပြည်နယ်ဟာ မူးယစ်မောင်ခိုလမ်းကြောင်းတစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့ရောင်းချနေတဲ့ မူးယစ်ဆေးတွေထဲမှာ ယာဘ ခေါ် စိတ်ကြွရူးသွပ်ဆေးဟာ အများဆုံးပို့ကုန်တစ်ခုအဖြစ်တွေ့နေရပြီး ရခိုင်ပြည်နယ်ထဲကို အစောပိုင်းမှာ ကုန်းလမ်းကနေ သယ်ယူပို့ဆောင်တာတွေရှိခဲ့ပြီး ဖမ်းဆီးမှုတွေ များပြားလာတဲ့အခါမှာတော့ ပင်လယ်ရေလမ်းကြောင်းတွေကို အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။