ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့်ဖြုတ်ချချင်တာလဲ၊ တပ်မတော်ရဲ့ အသုံးစရိတ်ထဲကနေ ပထမဆုံးအကြိမ် ဆယ်ဘီလီယံကျော် ဖြတ်တောက်မှု နောက်ဆက်တွဲ စတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ရေးသားခဲ့သည်။

ကုန်ဆုံးခဲ့တဲ့သီတင်းပတ်မှာတော့ ကိုဗစ်ကပ်ရောဂါကြား ကျင်းပခဲ့တဲ့ လွှတ်တော်ထဲ ပွတ်တိုက်မှုတွေလို့ ဆိုနိုင်တဲ့ လွှတ်တော်သတင်း တချို့ ထိပ်တန်းရောက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ ကြံ့ခိုင်ရေးပါတီက အရေးကြီးအဆို ဦးဆောင်တင်သွင်းခဲ့တာနဲ့ တပ်မတော်က တင်ပြ တောင်းခံလာတဲ့ ဖြည့်စွက်ဘတ်ဂျက်ထဲကနေ ကျပ်ဆယ်ဘီလီယံကျော်ကို လွှတ်တော်က ဖြတ်တောက် လျှော့ချခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ အသုံးစရိတ်ထဲကနေ ဒီလောက် ပမာဏများများ ဖြတ်တောက်မှုဟာ အန်အယ်လ်ဒီပါတီ လွှမ်းမိုးတဲ့ လွှတ်တော်သက်တမ်း လေးနှစ်ကျော် အတွင်း ပထမဆုံးလို့ ပြောရမှာပါ။

ဒါ့အပြင် ဒီကိစ္စနှစ်ရပ်လုံးဟာ ၂၀၁၀ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လွှတ်တော်သက်တမ်း ဆယ်နှစ်အတွင်း ပထမဆုံး ဖြစ်စဉ်တွေလို့တောင် ဆိုနိုင်ပါ တယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် တွေ အပါအဝင် စုစုပေါင်း ၁၁၀ ဦးတို့ လက်မှတ်ထိုးပြီး မေ ၂၈ ရက်မှာ အရေးကြီးအဆို တင်ခဲ့တာပါ။

ဦးတီခွန်မြတ်ဟာ အန်အယ်လ်ဒီပါတီက တင်သွင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာအဆိုကို ဥပဒေနဲ့မညီဘဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့တာ၊ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်က တင်သွင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်းတွေကိုတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့်လို့ အဆိုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မီတာခ တိုးမြှင့်ကောက်ခံတာ၊ ကိုဗစ်၁၉ ကပ်ရောဂါအရေး ကာလုံခေါ်ပြီး ဆွေးနွေးဖို့၊ အိုင်စီဂျေအရေးနဲ့ ရခိုင်အရေးတို့မှာ ကြံ့ခိုင်ရေးပါတီက တင်တဲ့အဆိုတွေ၊ မေးခွန်းတွေ၊ လွှတ်တော်ထဲ ဆွေးနွေးခွင့် မပြုတာတွေဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာမဆောင်ရွက်တဲ့အချက်တွေနဲ့ ငြိစွန်းနေတယ်လို့ အဆိုတင်သွင်းတဲ့ ကြံ့ခိုင်ရေးအမတ် ဦးစိုင်းထွန်းစိန်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီအဆိုအတွက် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ စာရင်းပေးထားပြီး လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆက်လက် ဆွေးနွေးကြရဖို့ ရှိပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကို ခုလို စွပ်စွဲပြစ်တင်ပြီး တာဝန်က ရုပ်သိမ်းဖို့ အဆိုတင်လာတာကြောင့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော် အစည်းအဝေးတွေကို ဦးဆောင် ကျင်းပခဲ့ရပါတယ်။

ကိုဗစ်ကြောင့် အရေးပေါ်လိုအပ်တဲ့ ဘတ်ဂျတ်နဲ့ ပြည်ပချေးငွေတွေအတွက် အဓိက ပြုလုပ်တဲ့ ဒီလွှတ်တော်နှစ်ပတ်တာ ကာလအတွင်း ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အဆိုတင်ခဲ့တာက နိုင်ငံရေးအသိုင်းအဝိုင်းမှာ အတော်လေး အံ့အားသင့်ခဲ့ပါတယ်။

ဦးတီခွန်မြတ်ဘက်က ရပ်တည်တဲ့လှုပ်ရှားမှုတချို့ရှိလာ

ဒီဖြစ်စဉ်ကြောင့် ဦးတီခွန်မြတ်နဲ့ အန်အယ်လ်ဒီပါတီတို့ အရင်ကထက် ပိုနီးကပ်သွားပြီး လာမယ့်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီအပေါ် လူထုအာရုံစိုက်မှု ရသွားစေတယ်လို့ လေ့လာသုံးသပ်ချက်တွေ ထွက်လာပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကတာဝန်လည်း ယူထားသူ ဦးတီခွန်မြတ်ဘက်က ရပ်တည်ကြောင်း We stand with ဦးတီခွန်မြတ်၊ ဥက္ကဋ္ဌကြီး စတဲ့ စာသားတွေနဲ့ ဦးတီခွန်မြတ်ရဲ့ ဓာတ်ပုံတွေကို အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပါတီထောက်ခံသူတွေက ပရိုဖိုင်းတွေ ပြောင်းပြီး ဒီရက်ပိုင်း လူမှုကွန်ရက်မှာ တင်လာတာတွေ ရှိလာနေပါတယ်။

ဦးတီခွန်မြတ်ဟာ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွေးကောက်ခံ အမတ်ဖြစ်လာသူပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုးတဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်ပါတယ်။ အဲဒီနောက် ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဦးဝင်းမြင့် သမ္မတ ဖြစ်သွားချိန်မှာတော့ ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ တစ်သီးပုဂ္ဂလကနေ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ရှားပါးတဲ့အထဲက ဦးတီခွန်မြတ်က တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဘက်က အခိုင်အမာ ရပ်တည်သွားမယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ပုံ ၂ပုံရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။

အန်အယ်လ်ဒီ လွှတ်တော်အမတ် အများစုရှိတဲ့ လွှတ်တော်ထဲ ဒီအရေးကြီးအဆို အောင်မြင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးကြောင်း ကြံ့ခိုင်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။

ဒါပေမဲ့ ဥပဒေနဲ့မညီဘဲ ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထောက်ပြရမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်း၊ မုန်းခြင်း မပါဝင်ဘဲ သမိုင်းမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ခဲ့တယ်ဆိုတာ ကျန်ခဲ့အောင် ခုလို အဆိုတင်သွင်းတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဦးတီခွန်မြတ်ကို စွပ်စွဲထားချက်တွေဟာ သာမန်အားဖြင့် ဥပဒေနဲ့ ငြိစွန်းတယ်လို့ မမြင်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

"အန်အယ်လ်ဒီက တင်တဲ့ လွှတ်တော်ဥက္ကဋ္ဌကို ဖြုတ်ချဖို့ လုပ်တာက နိုင်ငံရေးအရ တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်။ အဓိကက ပုဂ္ဂိုလ်ရေး မကျေနပ် ချက်တွေလည်း ပါကောင်းပါနိုင်တာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်ကို ဖြုတ်ချနိုင်ခြင်းအားဖြင့် သူတို့အတွက် နိုင်ငံရေးအသာစီး ရတာမျိုးဖြစ် လာနိုင်တာလည်း မရှိဘူး။ တကယ်လို့ ဖြုတ်ချနိုင်ရင်တောင် သူတို့ထဲက ဥက္ကဋ္ဌ ပြန်တင်လို့ရတာလည်း မဟုတ်ဘူးလေ။ လက်ရှိ ဦးတီခွန်မြတ် ဆောင်ရွက်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌ ၊ နာယက အနေအထားအရရော သူကတော့ သင့်တော်တဲ့သူ တစ်ယောက်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အဆိုတွေ၊ မေးခွန်းတွေ တင်သွင်းခွင့် မပြုတာနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောစရာရှိတာပေါ့။ ဒါပေမဲ့ အရင် ဦးဝင်းမြင့်လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ တင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ အဆိုတွေကို တင်ခွင့် မပြုခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စတစ်ခု တည်းကို အကြောင်းပြုပြီးတော့ ဥပဒေနဲ့မညီဆောင်ရွက်ပါတယ်လို့ စွပ်စွဲပြစ်တင်ရင်တော့ သိပ်တော့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ သုံးသပ်ရပါတယ်" လို့ သူကပြောပါတယ်။

တပ်ဘတ်ဂျတ်ဖြတ်တောက်မှု

အန်အယ်လ်ဒီအစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ထဲက ကျပ် ဆယ်ဘီလီယံကျော် ဖြတ်တောက်မှုဟာ ဘတ်ဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်းအားဖြင့် တွက်ရင် မများပေမယ့် ပမာဏ အများဆုံး ဖြတ်တောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

တပ်မတော်ရဲ့ အသုံးစရိတ်ကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက်ဖြည့်စွက် ဘတ်ဂျက်အဖြစ် ကျပ် နှစ်ရာ ဘီလျံနီးပါး တောင်းခံခဲ့တာပါ။

NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သူ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေဝင်းမြင့်က ကာကွယ်ရေး ဘတ်ဂျက်ထဲက ကျပ် ၂၂ ဘီလျံကျော် ဖြတ်တောက်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ လွှတ်တော်ကော်မတီနဲ့ ဒေါက်တာ မေဝင်းမြင့်တို့ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ကျပ်ဆယ်ဘီလီယံကျော်ကို ဖြတ်တောက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က တောင်းခံတဲ့ ဘတ်ဂျက်တွေကို အောက်ခြေက တပ်မတော်သားတွေ အမှန်တကယ် ရယူခံစားခွင့် ရှိအောင် စီမံပေးသင့်တယ်လို့ တအာန်း ပလောင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းမိုးက ပြောပါတယ်။

"နည်းလမ်းမှန်ကန်စွာ အသုံးချတဲ့ ဘတ်ဂျက်ပဲ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကွင်းဆင်းတဲ့အခါ တွေ့နေမြင်နေရတယ်။ တပ်မတော် သားတွေ ဘယ်လို ခက်ခဲပင်ပန်းစွာနဲ့ သွားလာနေရလဲ။ သူတို့မှာ အိုးခွက်စုတ်၊ ပလိုင်းစုတ်လေးတွေနဲ့ သူတို့ တောထဲ သွားလာနေရတယ်။ ဒီဘတ်ဂျက်တွေ အမှန်တကယ် သူတို့သွားလာစရိတ်အတွက် အသုံးပြုမယ်ဆိုရင်သူတို့ အဲဒီလိုပုံစံနဲ့ သွားလာနေမှာမဟုတ်ဘူး။ ကျွန်မမြင်တွေ့နေရတဲ့ ဟာနဲ့ သူတို့ အခု ဘတ်ဂျက်တောင်းတာနဲ့ အရမ်းကို ကွာဟတယ်လို့ မြင်တယ်။ တောင်းတဲ့ဘတ်ဂျက်တွေသည် အောက်ခြေက စစ်သားတွေအထိ လက်ထဲ အမှန်တကယ် ရောက်မယ်။ ရှေ့တန်းမထွက်တဲ့ လူတွေနဲ့ အဆင့်မြင့်ရာထူးပုဂ္ဂိုလ်တွေနဲ့ တန်းတူသာ ခံစားခွင့်ရမယ် ဆိုရင် ဖြစ်သင့်ပါတယ်" လို့ သူက ပြောပါတယ်။

တစ်ဘက်မှာတော့ တပ်မတော်ရဲ့ ဘတ်ဂျက် ဖြတ်တောက်ခံရမှုကို လုံခြုံရေးရှုထောင့်ကနေ ကန့်ကွက်တာ ရှိနေပါတယ်။

ဒီတော့ ဘတ်ဂျက် ဖြတ်တောက်မှုပုံစံတွေက ဘယ်လိုဖြစ်သင့်ပါသလဲ။ တကောင်း နိုင်ငံရေးလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ခုလို ပြောပါတယ်။

"နိုင်ငံတော်ကာကွယ်ရေး ဘတ်ဂျက်တို့၊ လုံခြုံရေး ဘတ်ဂျက်တွေဆိုတာ မူဝါဒတွေနဲ့ အဓိက ဆက်စပ်ပါတယ်။ သွားချင်တဲ့ ကာကွယ်ရေးမူဝါဒက ဘယ်လိုရှိတယ်။ လုံခြုံရေးမူဝါဒက ဘယ်လိုရှိတယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့ ဘတ်ဂျက်ကို ဘယ်လိုစဉ်းစားမယ် ဆိုတဲ့ဟာမျိုးက ပိုပြီး ဖြစ်သင့်တယ်လို့ မြင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ကာကွယ်ရေးမူဝါဒရော၊ လုံခြုံရေးမူဝါဒရောကခိုင်ခိုင်မာမာမရှိဘူး။ အရပ်ဖက်အစိုးရမှာလည်း ဒါက ခိုင်ခိုင်မာမာရှိထားတာမရှိဘူး။ နိုင်ငံတစ်နိုင်ငံက စီမံခန့်ခွဲတဲ့အခါ (ဘတ်ဂျက်) များတာနည်းတာနဲ့ ကြည့်တာထက် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင် mission ကိုကြည့်ပြီး ဘတ်ဂျတ်တွေကို စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်" လို့ ဆိုပါတယ်။