ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တိုင်းလွှတ်တော်အမတ်တွေ လက်မှတ်ထိုးတင်ပြထား

ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃၀ကျော်က လက်မှတ်ရေးထိုးပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်အရေးပေါ်အစည်းအဝေး နောက်ဆုံးနေ့ ဇွန်လ ၅ ရက်က တင်ပြခဲ့ကြတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ကိုကိုးကျွန်း မဲဆန္ဒနယ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ဘီဘီစီကို ပြောပါတယ်။

တိုင်းလွှတ်တော်အမတ်ရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက ရေးထိုးတင်ပြခဲ့ တာဖြစ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မဖြစ်မနေ ဖွဲ့ပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။

' ' ရန်ကုန်ဝန်ကြီးချုပ်ကို ဗိုလ်တထောင်ကိစ္စအပါအဝင် ဘတ်ဂျက်တွေ စီမံခန့်ခွဲမှုကိစ္စတွေ အချက်ကတော့များစွာပေါ့လေ။ တင်တာကတော့ ကိုကိုးကျွန်း ( မဲဆန္ဒနယ် ၁ )ကိုယ်စားလှယ်ဦးတင်ဝင်း တင်တာပါ။ ပထမ အန်ကယ်တင်တဲ့ အဆိုတုန်းက လွှတ်တော်ဥက္ကဋ္ဌကလက်မခံခဲ့ဘူး။ ဒါကြောင့် အဆိုကို ဆွေးနွေးခွင့်ရအောင် ပုဒ်မ ၂၆၃ (က)အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ လက်မှတ်ထိုးတင်ရင် လွှတ်တော်ဥက္ကဋ္ဌက လုပ်ကိုလုပ်ပေးရတယ်။ ဒါကြောင့် တပ်မတော်ကိုယ်စားလှယ်တွေ အပါအဝင် ဝိုင်းလက်မှတ်ထိုး တင်လိုက်တာပါ''လို့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့အဆို တင်သွင်းမှုနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျက ပြောပါတယ်။

တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ကနဦးက ဇွန် ၉ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ် ဇွန် ၅ ရက်နေ့မှာ နောက်ဆုံးနေ့အဖြစ် ကျင်းပမယ်လို့ ကြားသိရတာကြောင့် ဇွန် ၅ ရက်နေ့မှာတင်သွင်း ဖြစ်ခဲ့တာလို့ ကိုကိုးကျွန်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်က ပြောပါတယ်။

' ' ဝန်ကြီးချုပ်အဆိုကြောင့်တော့ မဟုတ်ဘူး။ ၉ရက်နေ့အထိ မလုပ်ဖြစ်တော့ဘူးလို့ ကြားလို့ ကျွန်တော်တို့ မနေ့ကတင်လိုက်ကြတာပါ။ အခုက အရေးပေါ်အစည်းအဝေး ပြီးသွားပြီဆိုတော့ နောက်လွှတ်တော်ထပ်ခေါ်မှပဲ ဒီကိစ္စကဆက်ဆွေးနွေးရမှာပေါ့။ ကြားထဲမှာ အရေးပေါ်အစည်းအဝေး ခေါ်ဖို့မရှိဘူးဆိုရင်တော့ နောက်ထပ် ၂လလောက် ထပ်ကြာမယ်ထင်တယ်''လို့ ဦးအောင်နိုင်က ပြောပါတယ်။

ဒီစွပ်စွဲပြစ်တင်မှုကို လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးခဲ့တာကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာကို ဆက်လုပ်ရမှာဖြစ်တယ်လို့လည်း ဒဂုံမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

' ' မဲခွဲရင်တော့ မဲအရေအတွက်အရ အဆိုရှုံးကောင်းရှုံးနိုင်တယ်။ ဒါပေမယ့် ဒါက လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ။ ဥပဒေလမ်းကြောင်း အရ အမှန်တရားကို ရပ်တည်ပြီးတော့ လုပ်တယ်ပေါ့။ သမိုင်းမှတ်တမ်းအရ ဝင်အောင်လို့ ရည်ရွယ်ပြီးလုပ်တာ ဖြစ်ပါတယ်''လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် ၂ရက်ကနေစတင်ခေါ်ယူခဲ့ပြီး ဇွန် ၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။