ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာသူကို မမိသေး၊ တရုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေ
တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်း စစ်ဆေးရေးဂိတ်အနီးမှာ ရပ်နားထားတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားတစ်စီးပေါ်မှာ ငွေကျပ်သိန်းပေါင်း ၁ ထောင် ၃ ရာကျော်တန်ဖိုးရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
ကတ်ထူစက္ကူဖာ ၃၁၆ ဖာထဲက Shock Tube Detonator ဖောက်ခွဲရေးပစ္စည်းအချောင်း ၉ သောင်း ၅ ထောင်ကျော်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
"ဒါတွေက ကျောက်မိုင်း ခွဲရာမှာ သုံးနိုင်သလို လူသတ်မိုင်းအဖြစ်နဲ့လည်း သောင်းကျန်းသူတွေက သုံးနိုင်တာပဲ၊ ရှေ့ထွက်မိုင်းတို့ ကြီးကြပ်မိုင်းတို့ လုပ်ရာမှာ ဒါလေးတွေ ထည့်ပြီး သုံးလိုက်ရင် လူသေစေနိုင်တယ်" လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။
တရုတ်နံပါတ်ပြား တပ်ဆင်ထားတဲ့ကားဟာ ၂ နိုင်ငံဝင်ထွက်ပေါက် မူဆယ်ဘက်အခြမ်းက အကောက်ခွန်ရုံးရှေ့မှာ ရပ်တန့်ထားစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
"ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ဟိုဘက်အခြမ်းက ကားတွေက ဒီဘက်က အစားထိုးယာဉ်မောင်းက မောင်းပို့ပြီး ဒီဘက်က ကိုယ်စားလှယ်က ယူရတာ" လို့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"တရုတ်နံပါတ်ပြားတပ်ထားတဲ့ ကားပေါ်မှာ ဖမ်းမိတာဆိုတော့ တရုတ်ကို ချိတ်ဆက်ပြီး ဒီကားတွေ စစ်ဆေးပေးဖို့ ရဲလုပ်ငန်းစဉ်အနေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်" လို့လည်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။
မူဆယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတာဟာ အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကုန်တုန်းကလည်း Electric Detonator အချောင်း ၅ သောင်းကျော်နဲ့ Shock Tube Detonator အချောင်း ၈ သောင်း ၈ ထောင်ကျော် ဖမ်းမိခဲ့ပါသေးတယ်။
ဒါ့အပြင် သိန္နီက ရေပူစစ်ဆေးရေးဂိတ်မှာလည်း မတ်လတုန်းက အလားတူ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့ပါသေးတယ်။
ဒီဖြစ်စဉ်တွေမှာ ဖမ်းမိခဲ့သူတွေဟာ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်၊ အခုတခါ ဖမ်းမိမှုနဲ့ရော ဆက်စပ်မှု ရှိသလား လို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးကို မေးရာမှာတော့ "မှောင်ခိုဆိုတော့ ချိတ်ဆက်နေတယ်၊ တရားခံတွေ မိမှပဲ အတိအကျ ပြောလို့ရပါမယ်" လို့ ဖြေပါတယ်။
"အခုတခါ ဖမ်းမိမှုမှာတော့ ကားပေါ်မှာ ပါလာသူတွေကို နာမည်တော့ ရထားပြီး လိုက်လံဖမ်းဆီးနေတယ်" လို့လည်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။
လောလောဆယ်မှာတော့ ဖောက်ခွဲရေး ပစ္စည်းတွေ တရားမဝင် သယ်ဆောင်လာသူတွေကိုလည်း ပေါက်ကွဲစေတက်တဲ့ အရာဝတ္တုများဆိုင်ရာ ဥပဒေပုဒ်မ ၂၃ နဲ့ မူဆယ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
အမှုဖွင့်ခံထားရသူတွေထဲ ယာဉ်မောင်းပါသလားဆိုတဲ့ အမေးကိုတော့ "ယာဉ်မောင်းဆိုတာ သူတို့က အပ်လို့ မောင်းပေးရတာပဲ ရှိတာ၊ ယာဉ်မောင်းတိုင်း အပြစ်ရှိချင်မှ ရှိမှာ၊ လူတစ်ယောက်က လာအပ်တယ်၊ သူတို့က မောင်းပေးတယ်၊ မငြိစွန်းတဲ့သူတွေကိုတော့ အမှုထဲ ထည့်ဖွင့်လို့ မရဘူး" လို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးကြီး ဗညားဦးက ပြောပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိအပြီး နောက်တနေ့ မေလ ၂၆ ရက်နေ့တုန်းကလည်း မူဆယ်မြို့ထဲ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတော့ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ မူဆယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မေလ ၁၁ ရက်နေ့တုန်းကလည်း မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်ကို ဆိုင်ကယ်စီးလာသူ ၂ ဦးက အိတ်နဲ့ ထုတ်ထားတဲ့ ဗုံးနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အဆောက်အဦးတဲ့ ပစ္စည်းတချို့ ပျက်စီးခဲ့သလို ဝန်ထမ်း ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။