ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးလက္ကာကျေးရွာမီးရှို့ခံရ၊ နေအိမ်၂၀၀ နီးပါးမီးလောင်ပျက်စီး
ရခိုင်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်ထဲက လက္ကာကျေးရွာမှာ စာသင်ကျောင်းတစ်ကျောင်း၊ ဆရာဆရာမတွေရဲ့အဆောင်တွေ နဲ့နေအိမ် ၂၀၀ နီးပါး မေလ ၁၆ ရက်နေ့က မီးရှို့ခံလိုက်ရပြီး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ နေအိမ်မီးလောင် ခံလိုက်ရတဲ့ လက္ကာကျေးရွာသားတစ်ဦးက ဘီဘီစီကပြောပါတယ်။
လက္ကာကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၅၀၀ ကျော်နေထိုင်ခဲ့တဲ့ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိမှာနေထိုင်သူမရှိတော့တဲ့ကျေးရွာဖြစ်ပါတယ်။
မီးလောင်မှုအတွင်း လူနေအိမ် ၁၉၄ လုံး၊ စာသင်ကျောင်းတစ်ဆောင်၊ ဆရာဆရာမနေအိမ်ဆောင် သုံးလုံး စုစုပေါင်း ၁၉၈ လုံးမီးလောင်ပြာကျသွားခဲ့တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
အဲ့ဒီကျေးရွာမီးလောင်မှုဖြစ်ပွားခဲ့တာဟာ မေလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ တပ်မတော်စစ်ကြောင်း လက္ကာကျေးရွာဘက်ကိုရောက်ရှိလာခဲ့ပြီး ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကို တွေ့မြင်လိုက်ရတယ်လို့ ဗူးရွက်မညှိုးကျေးရွာသားတစ်ဦးက ပြောပါတယ်။
လက္ကာရွာဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကထုတ်ပြန်ချက်မှာတော့ အဲ့ဒီနေ့က လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်း လက္ကာကျေးရွာအနီးကိုအရောက်မှာ အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကနေအိမ်တွေကို မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အေအေ အဖွဲ့တွေဟာ ကျေးရွာတွေအတွင်း အရပ်သား အသွင်နဲ့ ရောနှောနေထိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင် ယခုကဲ့သို့လုံခြုံရေး တပ်ဖွဲ့ဝင်တွေကျေးရွာအနီးရောက်လာစဉ် မှာ ထင်ယောင်ထင်မှားဖြစ်စေ ဖို့ အတွက် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း တပ်က ထုတ်ပြန်ချက်မှာပါ ရှိပါတယ်။
ဒေသခံတွေကတော့ ကျေးရွာအတွင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းမရှိသလို အေအေတပ်ဖွဲ့ဝင်တွေမီးရှို့သွားတာမဟုတ်ဘဲ တပ်မတော်စစ်ကြောင်းဝင်ရောက်ပြီး မကြာခင်မှာ သေနတ်ပစ်ဖောက်ကာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောဆို ကြပါတယ်။
နေအိမ်အလုံး ၂၀ ခန့်မီးလောင်ကျွမ်းသွားခဲ့တယ်လို့ တပ်မတော်ဘက်ကထုတ်ပြန်ချက်မှာ ပြောဆိုထားပေမယ့် ဒေသခံ တွေကတော့ စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၂၀၀ နီးပါးမီးလောင်ပျက်စီးသွားခဲ့တာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
"ကျွန်တော်တို့ရွာက ရွာသားတွေက အိမ်မှာမနေရဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာနေရတယ်။ အခု ကိုဗစ်ဖြစ်ပြီး ကြောက်လန့်နေတဲ့ကြားထဲက ရွာတွေမီးရှို့ခံရတယ်ဆိုတော့ ရင်ထုမနာ ခံစားရတာပေါ့ဗျာ။"လို့ လက္ကာကျေးရွာသားတစ်ဦးက ပြောပါတယ်။
လက္ကာကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ကျေးရွာသား ၂၇ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးခြင်းခံလိုက်ရပြီးတဲ့နောက်မှာ ကျေးရွာသားတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ဆက်လက်မနေရဲကြတော့တဲ့အတွက် နေအိမ်တွေကိုစွန့်လွှတ်ကာ ရွာလုံးကျွတ်ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီကျေးရွာသားတွေဟာ လက်ရှိမှာတော့ တိမ်ညိုဒုက္ခသည်စခန်း၊ ဘုရားလှဒုက္ခသည်စခန်း၊ ပီပင်ရင်းဒုက္ခသည်စခန်း စတဲ့နေရာတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေကြတာဖြစ်ပါတယ်။
လက္ကာကျေးရွာ မီးလောင်မှုဖြစဉ်အတွင်းမှာ ရွှာ ကနေအိမ်တွေအပြင် လယ်ထွန်စက်တွေ၊ စက်သုံးဆီတွေ နေအိမ်တွေမှာသိုလှောင်ထားကြတဲ့ မျိုးစပါးတွေနဲ့ ဝမ်းစာစပါးတွေကိုလည်း ဆုံးရှုံးလိုက်ရတယ်လို့ လက္ကာကျေးရွာက လယ်သမားတစ်ဦးကပြောပါတယ်။
"လောလောဆယ်ကတော့ မီးထဲပါသွားတဲ့ အိမ်စာရင်းကို ဒေသခံတွေကိုကောက်ယူခိုင်းထားတာရှိပါတယ်။ ပြီးတော့ အဲ့ဒီအခြေအနေတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို အဲ့ဒီစာရင်းရတာနဲ့ တင်ပြဖို့ရှိပါတယ်။ နောက်တစ်ခုက ဒေသတွင်းမှာ ဒီလိုမျိုး မီးထဲပါသွားတဲ့အတွက် စားဝတ်နေရေး၊ နေရေးထိုင်ရေးကအစ တော်တော်လေး အခက်အခဲရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူတို့ကိုဘယ်လိုကူညီပံ့ပိုးပေးရမလဲဆိုတာကို ဒေသခံတွေနဲ့ တိုင်ပင်နေတာရှိပါတယ်။"လို့ ဦးထွန်းသာစိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေထဲမှာ အခုလိုမျိုးကျေးရွာတွေမီးလောင်တာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းမှာ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာပေါင်း ၃၂ ရွာခန့်ရှိနေပြီဖြစ်ကာ နေအိမ်အများဆုံးမီးရှို့ခဲ့တဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာနဲ့ မြောက်ဦးမြို့နယ်အတွင်းက လက္ကာကျေးရွာတို့ဟာ နေအိမ်အများအပြားပျက်စီးခဲ့တဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။