ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ပိုးတွေ့သူ ထက်ဝက်နီးပါးက လူနာနံပါတ် ၂၄ ကတဆင့် ကူးစက်ခဲ့၊ စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၂၇ ဦးအထိ ရှိလာပြီ ဖြစ်ပြီး ဒီထဲက ထက်ဝက်နီးပါးလောက်ဟာ စင်္ကာပူကပြန်လာတဲ့ လူနာနံပါတ် ၂၄ နဲ့ ဆက်စပ်ပြီး ထိတွေ့ကူးစက်သူတွေ ဖြစ်ပါတယ်။
“လူနာနံပါတ် ၂၄ နဲ့ ဆက်နွှယ်သူတွေက အများကြီးပဲဗျ၊ တချို့ဆို ၃ ဆင့်၊ ၄ ဆင့်လောက် ဖြစ်တယ်၊ သာကေတက လူနာဆို ၄ ဆင့်လောက် ခံပြီး ကူးတာ၊ တိုက်ရိုက်ထိတွေ့တာ မဟုတ်ဘူး၊ ဒီကနေ့ တွေ့တဲ့ လူနာ နံပါတ် ၁၂၅ ဆိုလည်း ထပ်ဆင့် ထပ်ဆင့် ကူးတာ” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လူနာနံပါတ် ၂၄ နဲ့ ဆက်စပ်ပြီး ထိတွေ့ကူးစက်သူက ၅၂ ယောက်ရှိခဲ့ပေမဲ့ ဧပြီ ၂၂ ရက်နေ့မှာ ထပ်ဆင့် ကူးစက်သူ ၂ ယောက်၊ ၂၃ ရက်နေ့မှာ ထပ်ဆင့် ကူးစက်သူ ၃ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူက ၅၇ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။
“ပြောရရင်တော့ အင်းစိန်ဘာသာရေးအဖွဲ့ကနေ ကူးစက်သူတွေပေါ့၊ အင်းစိန်က အခမ်းအနားလို ဖြစ်သွားတာပေါ့၊ ကူးစက်တာက တကြိမ်တည်းမှာတင် တော်တော်များသွားတာ” လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။
လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ကို မတ်လ ၁၉ ရက်နေ့က ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ပြန်ရောက်လာပြီးတဲ့နောက် သူဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ် ၂၄ ဟာ အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁၊ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ ပိုးတွေ့လူနာ ၁၁ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှု၊ လူနာနံပါတ်၂၆ ရဲ့ ခင်ပွန်းနဲ့ ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနာနံပါတ် ၆၂ နဲ့ ၆၃ ကလည်း ထိတွေ့သူ စာရင်းထဲမှာပါပါတယ်။
“လူနာနံပါတ် ၂၄ ကနေ စတဲ့ ကေ့စ်က အယောက် ၆၀ ဝန်းကျင် ရှိနေပြီ၊ ထပ်ပြီးတော့ ဆက်နွှယ်သူတွေ လိုက်ရှာနေပါတယ်၊ အဲ့ဒီလူတွေကို စစ်တယ်၊ အဲ့ဒီလူတွေကနေ ထပ်တွေ့တဲ့သူတွေကို စစ်တယ်၊ ကွင်းဆက်တွေကို လိုက်ရတာကိုး၊ အခုထပ်တွေ့တဲ့သူကိုလည်း ထပ်ပြီး လိုက်ရမှာပေါ့” လို့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။
အင်းစိန်ကကူးစက်မှုတွေလို လူတစ်ယောက်တည်းကနေ အများကြီးကို ကူးစက်မှုတွေ ထပ်ဖြစ်လာပြီး ကူးစက်သူတွေ ထပ်မများလာဖို့ကိုတော့ “ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတယ်၊ ကေ့စ်တိုင်းကို လိုက်လည်း လိုက်နေတယ်၊ လိုက်နိုင်အောင်လည်း ကြိုးစားနေတယ်၊ တဖက်ကလည်း ဆေးရုံနဲ့ ပတ်သက်တဲ့ ကုသမှုအပိုင်းတွေကို လုပ်ထားတယ်၊ တဖက်ကလည်း နိုင်ငံတော်အဆင့်က ဆောင်ရွက်နေတယ်” လို့ ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့တာ ဧပြီ ၂၃ ရက်နေ့မှာ ၁ လ ပြည့်တာဖြစ်ပြီး အခုဆိုရင် ပိုးတွေ့လူနာက ၁၂၇ ဦးနဲ့ သေဆုံးသူက ၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းကို နေ့စဉ်ထုတ်ပြန်နေပေမဲ့ နိုင်ငံတွင်းမှာ ပိုးတွေ့လူနာ ဘယ်လောက်အထိ များနိုင်မယ်၊ တကယ်လို့ ပိုများလာရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလုံလောက် ပေးနိုင်ပါ့မလားလို့ ဘီဘီစီက မေးရာမှာတော့ ဒေါက်တာသန်းနိုင်စိုးက “အခုက အစလို့ပဲ ပြောရမှာပေါ့၊ အစမှာပဲ အကုန်လုံး ဆက်နွှယ်မှုတွေ မိသွားရင်တော့ ဝပ်သွားမှာပေါ့၊ မမိသေးဘူးဆိုရင်လည်း တက်လာမှာပေါ့၊ ပြောရတော့ ခက်တာပေါ့နော်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။