ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထီဖွင့်ရက်ရွှေ့ဆိုင်းပေးဖို့ ထီလုပ်ငန်းရှင်တွေတောင်းဆို
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မေ(၁)ရက်နေ့မှာဖွင့်လှစ်မယ့် ၁၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို ကပ်ရောဂါတည်ငြိမ်တဲ့အထိ ပြောင်းရွှေ့ဖွင့်လှစ်ပေးဖို့ ထီလုပ်ငန်းရှင်တွေစုပေါင်းပြီး ဧပြီ ၂၁ နိုင်ငံတော် အတိုင်ပင်ခံထံစာပေးပို့တောင်းဆိုထားတယ်လို့ ထီလုပ်ငန်းရှင်အချို့က ဘီဘီစီကိုပြောပါတယ်။
ထီလုပ်ငန်းရှင်တွေရဲ့ အချက်၁၀ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်အရ ၁၄ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကိုလည်း ရက်ရွှေ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရွှေ့ဆိုင်းခြင်းမရှိခဲတဲ့အတွက် အလွှာပေါင်းစုံမှ ထီရောင်းချသူပြည်သူတွေဟာ ၃၀ ရာခိုင်နှုန်းအထက် အရင်းပျောက်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
' ' ကျွန်တော်တို့က အဓိက တရားဝင် ရက်ရွှေ့ဆိုင်းပေးဖို့ကို တောင်းဆိုချင်တာပါ။ အခုက သိတဲ့အတိုင်း ထီဆိုင်တွေထီလှည်းတွေရော ရောင်းဖို့မလွယ်ဘူး။ အဓိက ဈေးကွက်ဖြစ်တဲ့ ရန်ကုန်၊မန္တလေးမှာလည်း လူတွေက အပြင်မထွက်ကြဘူး။ ရောဂါတွေကတိုးပွားလာနေတာ။ အောင်ဘာလေက တိုက်ရိုက်ယူသူ တွေရော တဆင့်ပြန်ရောင်းမယ့်သူတွေရောအကုန် ထီလက်မှတ်တွေက ဝယ်ပြီးနေကြပြီ။ ရက်မရွှေ့ပေး ဘူးဆိုရင် ထီရောင်းမယ့်သူတွေလက်ထဲက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရောင်းရနိုင်ပြီး ၈၀ ရာခိုင်နှုန်းလောက် ကျန်နေမှာ ။အလွှာအသီးသီးက ထီရောင်းသူတွေအကုန် နစ်နာကြမှာ။'' ထီလုပ်ငန်းရှင်တွေ စုပေါင်းတောင်းဆိုရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီးထီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသီဟဝင်းမော်ကို ဘီဘီစီကိုပြောပါတယ်။
ထီလုပ်ငန်းရှင်တွေတောင်းဆိုထားတဲ့ ၁၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ရက်ရွှေ့ဆိုင်းဖို့ ရှိမရှိဆိုတာကို အောင်ဘာလေသိန်းဆုဌာနက တရားဝင်ထုတ်ပြန်ကြေညာတာမျိုးတော့ ဧပြီ ၂၄ ရက်နေ့အထိ မရှိသေးပါဘူး။
' ' ပြင်ဆင်မယ်။ သက်ဆိုင်ရာအကြီးအကဲကို တင်ပြတယ်။ ခွင့်ပြုချက်ရမှလုပ်ရမှာပေါ့။ ဘယ်နေ့ ထုတ် မယ်။ အလုံးရေဘယ်လောက်ထုတ်မယ်ဆိုတဲ့အသေးစိတ်ကို လာမယ့် ၄ ရက်အတွင်း တရားဝင် ထုတ်ပြန်သွားပါမယ်။''လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်တွင်းမီဒီယာအချို့မှာ ထီဖွင့်ရက်ကို မေ ၁၅ ရက်နေ့ကို ပြောင်းလဲသွားမယ် လို့ ဖော်ပြတာတွေရှိပေမယ့်လည်း အဆိုပါနေ့ကို ပြောင်းလဲဖွင့်လှစ်မယ်လို့ အတိအကျပြောဆိုလိုတာ မဟုတ်ဘဲ ပြင်ဆင်နေဆဲဖြစ်ပြီး ခုချိန်ထိ ဘယ်နေ့မှာဖွင့်လှစ်မယ်ဆိုတာကို စဉ်းစားလုပ်ဆောင်နေဆဲပဲဖြစ် တယ်လို့လည်း ဦးမင်းထွဋ်က ဧပြီ ၂၄ ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။
အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲအထိ ကံထူးနိုင်မယ့် တစ်စောင်ကို ကျပ်တစ်ထောင်နဲ့ အစိုးရရောင်းချပေး ထားတဲ့ အောင်ဘာလေထီလက်မှတ်ကို ဈေးတင် ရောင်းချတာမျိုးမလုပ်ဖို့ ထုတ်ပြန်ထားပေမယ့်လည်း ဝယ်ယူကံစမ်းသူအများစုမှာ တစ်စောင်ကို ကျပ် ၁၁၀၀ ကနေ ၁၅၀၀ အထိ ပေးကာဝယ်ယူကံစမ်းခဲ့ကြ ရတယ်လို့ အများပြည်သူထံကသိရပါတယ်။