ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယ အများဆုံးမြို့
ရန်ကုန်မြို့နဲ့ မိုင် ၅၀၀ လောက်ဝေးတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ် က ကလေးမြို့ဟာလူဦးရေ လေးသိန်းလောက် နေထိုင်ကြပါတယ် ။
ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မှာတော့ လူ ၈ သန်းလောက်နေထိုင်တဲ့ ရန်ကုန်ပြီးရင် ကလေးမြို့ဟာ ဒုတိယ နေရာကို ဧပြီ ၂၀ ရက်နေ့ က စပြီး ရောက်လာပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဧပြီ ၂၀ ရက်နေ့ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ကလေးမြို့ မှာ ၄ ယောက်ထပ်တိုးပြီးတော့ ၆ ဦး အထိ ရှိလာနေပြီလို့ ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ကလေးမြိုမှာ အရင်ကူးစက်မှုတွေဟာ လူနာ အမှတ် ၁ က တိုက်ရိုက်ကူးစက်တာဖြစ်ပြီးတော့ ၊အခုထပ်တွေ့တဲ့ လူနာလေးဦးဟာ၊ လူနာ အမှတ်၁ ကနေ ပထမဆုံးသွယ်ဝိုက်ကူးစက်ခံရတဲ့ လူနာတွေဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ၂၀ ရက်မှာ အတည်ပြုလိုက်တဲ့ ကလေးမြို့က ကူးစက်ခံရသူတွေဟာ ပြည်ပ ခရီးသွားရာဇဝင် မရှိပါဘူး။
ကလေးမြို့ က လူနာအမှတ် ၈၈ ရဲ့ မိသားစုက အတူနေ ခင်ပွန်း၊ သား နှစ်ဦး ၊ သမီးငယ် စုစုပေါင်း ၄ ဦး ကူးစက်ခံခဲ့ရတာ လို့လည်း ကလေးမြို့ မှာ ကိုဗစ်- ၁၉ ကာကွယ်ရေး လုပ်နေတဲ့ အရပ်ဘက် အဖွဲ့တွေကနေ သိရပါတယ်။
ကလေးမြို့က ဧပြီ ၁၈ ရက် နေ့ကပေးပို့တဲ့ ဓာတ်ခွဲနမူနာ ၈ ဦးရှိရာမှာ ၄ ဦး က ကူးစက်ခံရတဲ့ လူနာအဖြစ် ကျန်းမာရေး ဝန်ကြီးဌာန က ဧပြီလ ၂၀ မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖျားနာနေကြတာဖြစ်ပြီး၊ သူတို့နဲ့ ဆက်စပ်သူတွေကို ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီက အသွားအလာကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ရောဂါကူးစက်ခံရသူတွေအတွက် လိုအပ်တဲ့ အစိုးရရဲ့ ကုသရေးအစီအမံတွေကို မြို့ခံလူထုက ဝိုင်းပြီး လှူဒါန်းထားကြပေမယ့် ကလေးမြို့မှာ ကူးစက်ရောဂါ ကုသတဲ့ အထူးကုဆေးရုံမရှိတာရယ် ၊ကျန်းမာရေးဝန်ထမ်းအကန့် အသတ်ရယ်ကြောင့် ရောဂါကူးစက်ခံရသူတွေ ထပ်တိုးလာမှာကို စိုးရိမ်နေရတယ်လို့လည်း ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ကလေးမြို့ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရ သူ ပထဆုံးလူနာက လူနာ အမှတ် (၇၄) ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာအမှတ် (၇၄) ဖြစ်တဲ့ အမျိုးသမီးဟာ အသက် ၆၃ နှစ်အရွယ်ရှိပြီး၊ မြန်မာနိုင်ငံက ပထမဆုံး ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ နံပါတ် ( ၁) တည်းခိုခဲ့တဲ့ ကလေးမြို့နေအိမ်က အိမ်ရှင်လည်း ဖြစ်ပါတယ်။
လူနာအမှတ် ၁ ပထမဆုံး ရောဂါတွေ့ရှိပြီးနောက် ၂၄ ရက်ကြာ၊ ဧပြီလ ၁၅ ရက်နေ့မှာ သူနဲ့ ထိတွေ့ခဲ့သူတဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိရတာ ဖြစ်ပါတယ်။
ကလေးမြို့က ဒုတိယမြောက်လူနာကတော့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးလူနာအမှတ် (၈၈) ဖြစ်ပါတယ်။
သူဟာ ပိုးတွေ့လူနာအမှတ် (၁)နဲ့ လူနာအမှတ် (၇၄)တို့နဲ့ ထိတွေ့ခဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။
လူနာအမှတ် (၈၈) ဟာ လူနာနံပါတ် ၁ ရဲ့ သတို့သမီးရဲ့အမျိုးတော်သူ လည်းဖြစ်ပြီး၊ မင်္ဂလာဆောင် ဆုတောင်းပွဲ တက်ခဲ့ သူလို့လည်းသိရပါတယ်။ မင်္ဂလာဆောင်အပြန်ကို တီးတိန်ကနေ လိုင်းကားနဲ့ ကလေးမြို့ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
ကလေးမြို့ ကိုဗစ် တိုက်ဖျက်ရေး ကော်မတီဝင်တွေ အပြော အရ သူဟာ လူနာ အမှတ် (၁)မင်္ဂလာဆောင် ဆုတောင်းပွဲကနေ ပြန်လာသူဖြစ်ပြီး အသွားအလာ ကန့်သတ်တာ မခံချင်လို့ မင်္ဂလာဆောင် သွားခဲ့တဲ့အကြောင်း မပြောခဲ့တာလို့လည်း ဆိုပါတယ်။
သူကနေမှ တဆင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်နောက်ထပ် လေးဦးကို ဧပြီလ ၂၀ ရက်နေ့မှာ ရောဂါပိုးတွေ့ကြောင်း အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီသူတွေအားလုံးဟာ လူနာ အမှတ် (၈၈) ရဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တီးတိန်က လူနာတွေ ကလေးမြို့ရွှေ့မယ် ဆိုတာကြောင့် ကလေးမြို့က မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်းပြီး ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။
"လူနာ အမှတ် (၁) ကလည်း ကျွန်တော်တို့မြို့က ဖြတ်သန်းသွားတော့ သူနဲ့ထိတွေ့မှု များတာက ကလေးမြို့ ဖြစ်တယ်။ ဒါကို စစ်ဆေးနေတဲ့ ကာလဖြစ်တယ်။ ဒါကို ကျွန်တော်တို့မြို့က ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေတဲ့ အနေအထား ရှိပြီးတော့ လူထုကလည်း အရမ်းစိုးရိမ်နေတဲ့" လို့လည်း အထက်ချင်းတွင်း လူငယ် ကွန်ရက်က ကိုကျော်သက်ဝင်းက ပြော ပါတယ်။
အခု အခါမှာ ကလေးမြို့မှာ လူနာ အမှတ် (၁) ကနေ ကူးစက်ခံရ သူတွေရှိ သလို သွယ်ဝိုက် ကူးစက်ခံ လူနာတွေ တွေလည်း ရှိလာပါပြီ။
ဒါ့အပြင် လူနာသစ်တွေကလည်းကလေးမြို့မှာ အသွားအလာ အဝင်အထွက်တာတွေရှိ တာကြောင့် လူနာတွေ ထပ်တိုးလာမှာကို မြို့ခံတွေကလည်း စိုးရိမ်မှုတွေရှိနေ ကြတာလည်း ဖြစ်ပါတယ်။