မြန်မာပြည်တွင်း စင်ကာပူပြန်က နေကူးစက်သူ ၁၈ ဦးထိရှိလာ

ရေးသားခဲ့သည်။

အစိုးရက ဧပြီ ၁၄ ရက် ညက ထုတ်ပြန်ခဲ့တဲ့ ထပ်တိုးကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုတဲ့ အတွက် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာသူက နေ ပြည်တွင်းမှာ ကူးစက်တာ အခုဆိုရင် ၁၈ ဦး အထိရှိလာပြီဖြစ်ပါတယ်။

ရန်ကုန် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း ၉၁ ဦးကို စစ်ဆေးရာ တစ်ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက ဧပြီ ၁၄ ရက် ည ၈နာရီမှာ ထုတ်ပြန်ပါတယ်။

လူနာအမှတ်(၂၄)နဲ့ ထိတွေ့မှုရှိသူ လှိုင်သာယာမြို့နယ်နေ အသက် ၆၅နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ရောဂါးပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၄ ရက်ည ၆နာရီအချိန်ထိ ရောဂါစောင့်ကြည့်လူနာလူနာအသစ် ၁၂၃ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မတ်လ ၁၉ ရက်မှာ စင်ကာပူကနေ ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ ဖျားခြင်း၊ မောပန်းခြင်း တို့ ခံစားခဲ့ရပြီး ဧပြီ ၆ ရက်မှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း တို့ ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူက ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနကို သွားပြခဲ့ပြီးနောက် အဲဒီကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာ ယူပြီး ဆေးစစ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရောဂါဖြစ်စေတဲ့လူစုလူဝေးပြုလုပ်မှုနဲ့ အခုအမှုဖွင့်ခံရတဲ့ ကိုဗစ်အတည်ပြုလူနာ တေးသံသွင်းပိုင်ရှင်ရဲ့ တူတော်စပ်သူလို့ သိရပါတယ်။

လူနာနံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါသေးတယ်။

အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁ အပါအဝင် လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ ငါးဦး တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို လူနာနံပါတ် ၂၄ လည်း တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဧပြီ ၁၃ ရက်ထုတ်ပြန်ချက်မှာ ပါဝင်လာတာဖြစ်ပါတယ်။

အစိုးရထုတ်ပြန်ချက်အရ အသစ်ထပ်တိုးလာတဲ့ လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ စုစုပေါင်း ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ ၂၆ တို့ရဲ့ခင်ပွန်းနဲ့ ထိတွေ့မှုရှိတယ်လို့ ပါရှိထားပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၆၂ နဲ့ ၆၃ ဟာ လူနာနံပါတ် ၂၄ တစ်ဦးတည်းနဲ့ ထိတွေ့မှုရှိတယ်လို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် စင်ကာပူကပြန်လာပြီး ဘာသာရေးအခမ်းအနားကို တက်ခဲ့တဲ့ လူနာ နံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူ ကိုဗစ်အတည်ပြုလူနာဟာ စုစုပေါင်း ၁၈ ဦးထိ ရှိနေတာဖြစ်ပါတယ်။