ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုသမ္မတမှာ ကိုဗစ်၁၉ ရှိမရှိ ဒီနေ့ ဧပြီ ၁၄ မှာ စစ်ဆေးမယ်
ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ တရားဟောဆရာတစ်ဦးတို့ရဲ့ ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့နောက် စိတ်ပူပြီး သတင်းမေးတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဒီမနက် နေပြည်တော်အိမ်မှာ ကျန်းကျန်းမာမာ အတူရှိနေကြောင်း ဒုသမ္မတ ၂ ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။
ဒုသမ္မတ ၂ နဲ့ တရားဟောဆရာတစ်ဦးတို့ရဲ့ ပုံတွေ ဧပြီ ၁၃ ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီတရားဟောဆရာဟာ ကိုဗစ်၁၉ အတည်ပြုလူနာတချို့ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားမှာ အတူရှိနေခဲ့တယ်လို့ သတင်းတွေလည်းထွက်လာခဲ့တဲ့နောက် လူထုကြား စိုးရိမ်မှု မြင့်တက်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒုသမ္မတ ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက ဇနီးမောင်နှံနှစ်ဦး မနက်စာအတူသုံးဆောင်နေတဲ့ပုံနဲ့အတူ အထက်ပါစာသားတွေကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တရားဟောဆရာတစ်ဦးနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ မေးမြန်းချက်အပေါ် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကလည်း ဧပြီ ၁၄ ရက်မနက်ပိုင်းက သမ္မတအိမ်တော်သတင်းထောက်အဖွဲ့ကို လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်ဖြေကြား ခဲ့ပါတယ်။
အဲဒီပုံတွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကလို့ စိစစ်သိရပြီး မြန်မာမှာ အစောဆုံး ကူးစက်မှု တွေ့ခဲ့ရတာက မတ်လ ၂၃ ရက်ဖြစ်ကြောင်း၊ အဲဒီ ဘာသာရေးအဖွဲ့နဲ့ အဲဒီရက်နောက်ပိုင်း တွေ့ဆုံမှုမရှိကြောင်း သိရတယ်လို့ ဦးဇော်ဌေးက လူမှုကွန်ရက်က တစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှုမြင့်တက်နေတာတွေ့ရလို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူ ၃၀ လောက်ကို ဒီနေ့ ဓာတ်ခွဲနမူနာ ရယူပြီး စစ်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline (လမ်းညွှန်ချက်)တွေနဲ့အညီ အထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစုတို့ ကျန်းမာရေးကောင်းမွန်တယ်လို့ ၎င်းတို့နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံမှု
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၁၁ ရက်မှာကြေညာခဲ့ပါတယ်။
ကပ်ရောဂါကြေညာပြီး ၁၂ ရက်အကြာ မြန်မာနိုင်ငံမှာ မတ် ၂၃ မှာ ပထမဆုံးကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့ရှိကြောင်း အစိုးရ ထုတ်ပြန်တဲ့ ညပိုင်းမှာပဲ လူထုကြား စားသောက်ကုန်တွေ စိုးရိမ်တကြီးနဲ့ အလုအယက်ဝယ်ယူတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် သမ္မတအိမ်တော်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီမှာ ကိုဗစ်အကြောင်းပြု ကုန်ဈေးနှုန်းတက်အောင်လုပ်သူတွေကို အရေးယူမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ သမ္မတ၊ အတိုင်ပင်ခံတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတဲ့အပေါ် ဦးဇော်ဌေးက အကြီးအကဲတွေ ကို ဧည့်လက်ခံတွေ့ဆုံရာမှာ လက်ဆွဲနှုတ်ဆက်တာ မလုပ်ကြတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်ထားတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒုတိယသမ္မတ ၂ နဲ့ နိုင်ငံတော်အကြီးအကဲတွေ တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်စာမျက်နှာတွေမှာ လေ့လာတဲ့အခါ သမ္မတရုံးက သတင်းထုတ်ပြန်ချက်တွေအရ ဧပြီ ၇ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို သမ္မတနဲ့ ဒုသမ္မတ နှစ်ဦးအပါအဝင် အစိုးရအဖွဲ့တွေတက်ရောက်ခဲ့တာ တွေ့ရပါတယ်။
အဲဒီဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ဒုတိယဥက္ကဋ္ဌ တွေဖြစ်တဲ့ ဒုတိယ သမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ ဖော်ပြထားပါတယ်။
အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်မှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေအရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ ၂ တို့ဟာ ရန်ကုန်မှာ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့တဲ့ သွေးချင်းတို့ရဲ့ ပွဲတော် ကို အတူတက်ရောက်တာ တွေ့ရပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၂၀ မှာ ၇၂ နှစ်မြောက် ချင်းပြည်နယ်နေ့အခမ်းအနားကို ဒုသမ္မတ ၂ ရဲ့ ဇနီးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
မတ် ၈ ရက်မှာတော့ နေပြည်တော်မှာ ပြုလုပ်တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ဆပ်ကပ်ပွဲကိုလည်း အစိုးရအဖွဲ့ အကြီးအကဲတွေတက်ရောက်ခဲ့ပြီး ဒုသမ္မတ ၂ ရဲ့ဇနီးလည်း တက်ရောက်ခဲ့ပါတယ်။
ဒုသမ္မတ ၂ ကတော့ တရားဟောဆရာနဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က တွေ့ခဲ့ပြီး မတ် ၂၃ နောက်ပိုင်း တွေ့ခဲ့တာမရှိဘူးလို့ ဦးဇော်ဌေးက ပြောကြားထား ပါတယ်။
လက်ရှိမှာ အဲဒီ တရားဟောဆရာဆိုသူကို မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရောဂါဖြစ်ပွားစေတဲ့ လူစုလူဝေးပြုလုပ်ခဲ့မှုနဲ့ အစိုးရက အမှုဖွင့်ထားပါတယ်။
သူနဲ့အတူ တေးသံသွင်းပိုင်ရှင်တစ်ဦးလည်း ပါဝင်ပြီး နှစ်ဦးလုံးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ပ နံပါတ် ၅၈၃/၂၀၂၀ နဲ့အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။