ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပလေယာဉ်ဆိုက်ရောက်ခွင့် မြန်မာ ဆက်တားထားမယ်
ပြည်ပလေယာဉ်ဆိုက်ရောက်ခွင့် လကုန်အထိ မြန်မာ ဆက်တားထားမယ်
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ချက်အရ ပြည်ပက လေယာဉ်ဆိပ်ရောက်ခွင့် တားမြစ်ချက်ကို ဧပြီလကုန်ထိ တိုးလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က သူရဲ့ဖေစ်ဘွတ်စာမျက်နှာမှာ ဒီညနေ ရေးထားတာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စောင့်ကြပ်ကြည့်ရှုနေသူတွေမှာ Quarantine ၁၄ ရက် ကျော်လွန်မှ ရောဂါ လက္ခဏာပြသူတွေ တွေ့လာတဲ့အတွက် စိတ်ချရအောင် Quarantine ကာလ ကို ၂၁ ရက်နေ့ထိ ထပ်တိုး ရမယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ကိုဗစ်နိုင်တင်း ကာကွယ်ရေးအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်တွေကြောင့် ဝေဖန်စရာ ဖြစ်ရကြောင်းနဲ့ ဒီလိုထပ်မဖြစ်အောင် စီမံခန့်ခွဲသူများ၊ဝန်ကြီးချုပ်များအပါအဝင်အားလုံးစည်းကမ်းလိုက်နာဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုနိုင်တဲ့ လူနာ နောက်ထပ် ၃ ဦးတွေ့ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၁ ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
ယူကေမှာ ကိုဗစ်နဲ့ သေဆုံးသူ မြန်မာရှိလာ
လန်ဒန်မြို့မှာ နေထိုင်တဲ့ အသက် ၆၁ နှစ် အရွယ် ဦးစိုးဝင်းတင် ဆိုသူဟာ ဧပြီလ ၁၀ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေပိုင်းက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူ့မှာ နှလုံးနဲ့ ကျောက်ကပ်လို ရောဂါအခံတွေ ရှိတယ်လို့ မိသားစုက ပြောပါတယ်။
ဗြိတိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်တဲ့ အနေနဲ့ အသွားအလာ ကန့်သတ်ထားတဲ့ ကာလ ဖြစ်လို့ မိသားစုက သွားလာနိုင်ခြင်း မရှိတဲ့ အတွက် ဗုဒ္ဓဘာသာ ထုံးတမ်း အရ ကွယ်လွန်သူ အတွက် ဆွမ်းကပ်တာကို လန်ဒန်က မြန်မာ အသိုင်းအဝိုင်းက မိသားစုကိုယ်စား သာသနာ့ရမ်သီကျောင်းတိုက်မှာ ဆောင်ရွက် ပေးခဲ့ကြရပါတယ်။
အမေရိကန်မှာ တစ်ရက်အတွင်းသေဆုံးသူ ၂၀၀၀ ကျော်သွား
ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ စောင့်ကြည့်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၂၁၀၈ ယောက်အသက်ဆုံးခဲ့တဲ့အတွက် ကမ္ဘာမှာ တစ်နေ့ထဲ သေဆုံးသူ အများဆုံး စံချိန်ဖြစ်သွားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ငါးသိန်းကျော် သွားပြီဖြစ်ပြီး သေဆုံးသူလည်း တစ်သောင်းရှစ်ထောင်ခြောက်ရာကျော် သွားပါပြီ။
သေဆုံးမှု အများဆုံးဖြစ်တဲ့ နယူးယောက်မှာ သုံးရက်ဆက်တိုက် သေဆုံးသူ အရေအတွက် စံချိန်တင် မြင့်တက်နေခဲ့ရာက အခု နည်းနည်း ပြန်ကျဆင်း လာပါတယ်။
နယူးယောက်နဲ့ နယူးဂျာစီမှာ အဆိုးရွားဆုံး အခြေအနေကို ကျော်သွားတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဖလော်ရီဒါနဲ့ တက္ကဆပ် လို တခြားဒေသတွေမှာတော့ ဧပြီလကုန်လောက် အထိ အဆိုးရွားဆုံး သေဆုံးမှု ဦးရေထွက်လာဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လူတွေမစုရုံးဘဲ ခပ်ခွာခွာ နေကြဖို့ ကန့်သတ်ချက်ကို စောစောလျှော့ပေါ့မပေးဖို့ ဆေးဝန်ထမ်းတွေက အကြံပြုပါတယ်။
ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ အမေရိကန် စီးပွားရေးတွေ အမြန်ဆုံး ပြန်ဖွင့်ဖို့ မဖြစ်မနေ အရေးကြီးတယ်လို့ ပြောပါတယ်။
အိန္ဒိယမှာ ကွာရန်တင်း ရက်တိုးမတိုး စဉ်းစားနေ
အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်ချက်တွေကို ရက်ထပ်တိုးမတိုး ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းက ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးနေပါတယ်။
မူလ သတ်မှတ်ထားတဲ့ ရက်က အင်္ဂါနေ့ဆို ပြည့်ပါတော့မယ်။ ဒါပေမဲ့ တချို့ ပြည်နယ်တွေက ရက်ထပ်တိုးဖို့ တွန်းအားပေးနေကြပါတယ်။
ပန်ဂျပ်နဲ့ သြဒိဿ ပြည်နယ်တို့မှာ အခုလကုန်အထိ ရက်ထပ်တိုးထားပြီးပါပြီ။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေက ပြည်နယ်တခုနဲ့ တခု ကွာခြားပါတယ်။ တချို့ပြည်နယ်တွေမှာ ကန့်သတ်မှုကြားကပဲ ကူးစက်သူ ဦးရေ ထိုးတက်လာတာ တွေ့ရပါတယ်။
တစ်နိုင်ငံလုံးမှာ ကူးစက်သူ ခုနှစ်ထောင့်ငါးရာနီးပါးရှိပြီး ၂၃၉ ယောက်အသက်ဆုံးခဲ့ပါပြီ။
ကွာရန်တင်းရှောင်သူတွေ စောင့်ကြည့်ဖို့ အီလက်ထရောနစ်လက်ပတ်တွေ သုံးမယ်
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ သီးခြားခွဲခြားထားမှုတွေ အာဏာတည်စေဖို့ အီလက်ထရောနစ် လက်ပတ်တွေကို သုံးဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားခံထားရတဲ့လူ ခြောက်သောင်းထဲက တချို့ဟာ သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ သုံးတဲ့ စမတ်ဖုန်းတွေကို ထားခဲ့ပြီး အိမ်ပြင်ကို တိတ်တဆိတ် ထွက်သွားကြတာတွေ ရှိတဲ့ အတွက် ဖြစ်တယ်လို့ဆိုပါတယ်။
ဧပြီလ ၁ ရက်နေ့က စပြီး ပြည်ပကနေ တောင်ကိုရီးယားကို ဝင်လာသူတွေ အားလုံး ၁၄ ရက်ကြာ သီးခြားခွဲခြား စောင့်ကြည့်ခံကြရတာဖြစ်ပါတယ်။