သာသာရေးပွဲတက်ခဲ့သူ လူနာလေးဦးမှာ တစ်အိမ်တည်း အတူနေသူတွေဖြစ်

ရေးသားခဲ့သည်။

ဧပြီ ၁၂ ရက် မနက် ၂ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်နိုင်တင်းပိုးတွေ့သူ လူနာ ၇ ဦးအနက် ငါးဦးဟာ အင်းစိန်မြို့နယ်က ဖြစ်ပြီး အဲဒီထဲက အမျိုးသားလူနာ လေးဦးဟာ တစ်အိမ်တည်း အတူနေသူတွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဘီဘီစီကိုပြောပါတယ်။

ယခုအခါ သူတို့လေးဦးနေထိုင်တဲ့ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်မှာ ရှိတဲ့ နေအိမ်ကိုလည်း အဝင်အထွက်ပိတ်လိုက်ပြီး အနီးပတ်ဝန်းကျင် ကိုလည်း ကန့်သတ်တာတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လူနာနံပါတ် ၃၃၊ ၃၄၊ ၃၅ နဲ့ ၃၆ တို့ဟာ မတ်လ ၂၀ ရက်က နိုင်ငံခြားသားတွေ တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တယ် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အသက် ၇၈ အရွယ် အမျိုးသမီးကတော့ ခရီးသွားရာဇဝင်လည်းမရှိ၊ နေအိမ်ပြင်ပ ထွက်တာမျိုးလည်းမရှိပေမယ့် အသက်အရွယ်ကြီးတဲ့အတွက် ဆေးခန်းမကြာခဏ ပြနေရတာမျိုးတော့ ရှိပြီး သူဘယ်လို ကူးစက်လာလဲဆိုတာ ကျန်းမာရေးဌာနက ခြေရာကောက်စုံစမ်းနေတယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

" ပြဿနာရှိတယ်ဆိုပေမယ့် ကံကောင်းပါတယ်။ လေးယောက်က တစ်အိမ်တည်းနေတာဆိုတော့လေ။ အသက်ကြီးတဲ့ အဘွားကတော့ သိပ်အပြင် မထွက်ဘူးဗျ။ သူ့ဆီ ဘယ်လိုရောဂါကူးစက်လဲဆိုတာ ကျန်းမာရေးအဖွဲ့က လိုက်နေတယ်။ ဒါပေမဲ့ အမေကြီးက ဆေးခန်းပြနေတာတော့ရှိတယ်။ နဂိုတည်းက သူ့ရောဂါအခံကြောင့်ပါ"

လက်ရှိမှာ တစ်ရက်တည်း အင်းစိန်မြို့နယ်အတွင်း လူနာငါးဦးတွေ့ခဲ့သလို အင်းစိန်မှာနေတဲ့ လူနာနှစ်ဦးကလည်း ရှိထားနှင့်ပြီးဖြစ်လို့ အင်းစိန်မြို့နယ်ကို အဝင်အထွက်ကန့်သတ်သင့်တယ်လို့ ပြောကြားမှုတွေရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးမောင်မောင်ဦးကိုမေးတဲ့အခါ

"ဒါက ကျွန်တော်တို့ကတော့ အကြီးအကဲတွေလမ်းညွှန်တဲ့အတိုင်းပါပဲ။အင်းစိန် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ ဗဟိုနဲ့ တိုင်း က ညွှန်ကြားလာတဲ့ အတိုင်းပဲ ဆောင်ရွက်ပါမယ်။ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တာပါ" လို့ ပြောပါတယ်။

ဒီလူနာငါးဦးကို အခုအခါ ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်မှာ လူ ၂၃၀ ကို ဆေးစစ်ခဲ့ရာမှာ ဆယ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ၂၂၀ ဦးမှာ ရောဂါ ပိုး မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က တွေ့ခဲ့တဲ့ ၁၀ ဦးမှာ ပြည်ခုတင် ငါးရာဆံ့ဆေးရုံကြီးက မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်လည်း ပါဝင်ပြီး သူ့ကိုလည်း မနေ့ညက ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒေါက်တာမြင့်မြင့်စိန်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားခဲ့တဲ့ ပေါက်ခေါင်းမြို့က ကိုဗစ်နိုင်တင်း လူနာနံပါတ် ၁၇ ကို အနီးကပ်ကုသမှုပေးခဲ့ တဲ့သူလည်း ဖြစ်ပါတယ်။

ဝေဘာဂီဆေးရုံမှာ အခုအခါ လူနာ ၂၈ ဦး ရှိနေပြီဖြစ်ပြီး ၃၈ ဦးမှာရောဂါပိုးရှိတယ် လို့အစိုးရက တရားဝင်အတည်ပြုထားပါတယ်။

ကျန်လူနာ ဆယ်ဦးအနက် ၃ ဦးက သေဆုံးထားပြီး ၂ ဦးက ပိုးမတွေ့တော့လို့ ဆေးရုံက ဆင်းခွင့်ရထားပါတယ်။ ကျန်တဲ့ ငါးဦးကတော့ တီးတိန်ပြည်သူ့ဆေးရုံမှာ သုံးဦး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ တစ်ဦးတို့ ရှိပါတယ်။

ဝေဘာဂီမှာ ပိုးတွေ့ရှိလူနာတွေကို အနည်းဆုံး ၇၅ ဦးကနေ ၉၀ ဦးထိ လက်ခံကုသနိုင်အောင် အဆင်သင့်ပြင်ဆင်ထားတယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကိုပြောပါတယ်။

ပထမဆုံး ပိုးရှိကြောင်း စတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ဧပြီ ၁၁ ရက်အထိ သုံးပတ်တာအတွင်း တစ်ရက်တည်း လူနာဆယ်ဦး စစ်ဆေးတွေ့ရှိခဲ့တာက အများဆုံး စံချိန်လည်း ဖြစ်ခဲ့ပါတယ်။