ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူနာ ၁၅ ကနေ ၄ ဦးကိုထပ်ကူး၊ ကလေးနှစ်ဦးမှာပါ ပိုးတွေ့
မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ လူနာအမှတ် ၁၅ က နေပြီးတော့ တဆင့် မိသားစု ဝင် ၃ ဦးနဲ့ တူမ တို့ ဗိုင်းရပ်စ် ပိုး ကူးစက်ခံခဲ့ ရပါတယ်။
ဧပြီလ ၂ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ကို အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် ၄ ဦး ကို ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့က နေအိမ်မှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ မှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး တွေ့ရှိ ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ချက် အရ သိရပါတယ်။
လူနာ အမှတ်၁၅ ဟာ ဗဟန်းမြို့နယ် ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က မတ်လ ၃၁ ရက်နေ့ ကထုတ်ပြန်ပါတယ်။
အဲဒီ့အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးဟာ ၁၅ ယောက်မြောက် ရောဂါပိုးတွေ့ရှိသူဖြစ်ပြီး သူလုပ် ကိုင်တဲ့ ဆေးခန်း ဟာ နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကဆေးခန်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
မတ်လ ၃၁ ရက်နေ့ ကျန်းမာရေး၀န်ကြီးဌာနက အတည်ပြုတဲ့ COVID-19 ဖြစ်ပွားမှု ထုတ်ပြန်ချက်အရဆေးခန်းရှိဝန်ထမ်းတစ် ဦး နဲ့ သက်ဆိုင်တယ်လို့ ရန်ကုန်မြို့ အင်းလျားလိပ် ဟိုတယ်အတွင်းမှာ ဖွင့်ထားတဲ့ International SOS ကအတည်ပြုကြောင်း သတင်းထုတ်ပြန်ပါတယ်။
အခုအခါမှာတော့ အင်းလျားလိပ်ဟိုတယ်ကို လည်း အဝင်အထွက်တွေကန့်သတ်ထားတယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက အသွား အလာကန့်သတ် ပြီး စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ (၄) ဦး မှာ COVID-19 ရောဂါပိုးတွေ့ရှိ ရပြီး ကျန် (၅၈) ဦး ဓာတ်ခွဲအဖြေ တွေမှာ COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရတယ်လို့လည်းထုတ်ပြန်ချက်က ဆိုပါတယ်။
ကူးစက်ခံရသူတွေ ဟာ အခု ပေါက်ခေါင်းမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်တွေဖြစ်ပြီး သူတို့ကို ဘယ်ဆေးရုံ ပို့မယ်ဆို တာ စီစဉ်နေဆဲ လို့လည်း ပေါက်ခေါင်းဆေးရုံ ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဧပြီလ ၂ ရက်နေ့အထိ အစိုးရ တရားဝင် စာရင်းတွေ အရ မြန်မာနိုင်င မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ ဦးရှိပြီးတော့ သေဆုံးသူ တစ်ဦးရှိခဲ့ပါတယ်။