ကိုဗစ်၁၉- ဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်မှုတွေကြား အမျိုးသားတွေ ဈေးဝယ်ထွက်လာ

ရေးသားခဲ့သည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို ခုခံနိုင်ဖို့ နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံအခြေအနေပေါ်မူတည်ပြီး သီးသန့်ခွဲနေထိုင်ဖို့၊ လူတွေခပ်ခွာခွာနေဖို့နဲ့ အပြင်မထွက်ဖို့ စတဲ့ ကန့်သတ်ချက်တွေကို လုပ်နေကြပါတယ်။

တချို့နိုင်ငံတွေမှာဆို အဝင်အထွက်ကန့်သတ်တာတွေ၊ ညမထွက်ရအမိန့်တွေလည်း ထုတ်ပြန်လာခဲ့ပါတယ်။

အရေးကြီးတဲ့ စားသောက်ကုန်နဲ့ ကုန်စည်တွေရောင်းချမှုကိုတော့ နိုင်ငံတော်တော်များများက ခွင့်ပြုထားပါတယ်။

အိမ်ထဲက အိမ်ပြင်တက်နိုင်သမျှ မထွက်ဖို့ သတိပေးတဲ့အစိုးရတွေရှိသလို လုံးဝမထွက်ဖို့ အမိန့်နဲ့ ကန့်သတ်တဲ့အစိုးရတွေလည်း ရှိနေပါတယ်။

ဒီလိုကန့်သတ်မှုတွေကြောင့်ပဲ ဈေးတွေ၊ စားသောက်ကုန်ဆိုင်တွေမှာ အမြဲလိုလို တွေ့ရတတ်တဲ့ ဈေးဝယ်သူ အိမ်ရှင်မ အမျိုးသမီးတွေနေရာမှာ အမျိုးသားတွေကို တွေ့လာရပါတယ်။

အတော်များများရဲ့ လက်ထဲမှာလည်း အိမ်ကနေ မှာလိုက်တဲ့ ဈေးစာရင်းလို စာရွက်တွေကို ကိုင်ထားတာ၊ ဒါမှမဟုတ် ဖုန်းဆက်ပြီး အိမ်ကို ပြန်မေးပြီး ဈေးဝယ်ယူနေတာ စတဲ့ သတင်းဓာတ်ပုံတွေလည်း တက်လာခဲ့ပါတယ်။

"အိမ်မှာက ကလေးတွေလည်းရှိတယ်။ တစ်ခုခုဆို နှစ်ယောက်လုံး ကူးစက်ခံရမှာစိတ်ပူတယ်။ ကိုယ်တစ်ယောက်တည်းလည်းအရင်လို အိမ်အတွက် လိုတာတွေထွက်မဝယ်ရဲတော့ဘူး။ အထူးသဖြင့် ဈေးဝယ်စင်တာတွေဆို မသွားရဲတော့ဘူး။ ရပ်ကွက်ဈေးလည်း အရင်နှစ်ရက်တစ်ခါကနေ အခု တစ်ပတ်စာ ဝယ်ထားတာပေါ့နော်။ ဘယ်ကနေ ကူးလာမယ်မှန်းမသိနိုင်တော့ စိတ်ပူလို့ပါ။ ဒါကြောင့် အမျိုးသားက ရုံးတက်နေရတုန်းဆိုတော့ သူရုံးအပြန်တွေမှာ ကလေးမုန့်တို့၊ နို့ဆီ၊ သကြား၊ ဝက်အူချောင်း အဲဒီလို စားသောက်ကုန်လေးတွေ ဝင်ဝယ်ဖို့ မှာဖြစ်ပါတယ်" လို့ ဗိုတထောင်မြို့နယ်က အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အိမ်အတွက်လိုအပ်တဲ့ မီးဖိုချောင်ပစ္စည်းတွေကအစ စားသောက်ကုန်နဲ့ လူသုံးကုန်အဆုံး လိုတာတွေကို အိမ်ရှင်မတွေကသာ အဓိက ဝယ်ယူကြလေ့ရှိ တာပါ။ ခုတော့ အမျိုးသားတွေ ဈေးဝယ်ထွက်လာကြပါပြီ။ ဒါဟာ ဗိုင်းရပ်စ်က ပြောင်းလဲပေးလိုက်တဲ့ လူမှုဘဝပုံစံလို့လည်း ပြောနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်၁၉ နဲ့ပတ်သက်လို့ တိုင်းပြည်ကို ဒုတိယအကြိမ်အစီရင်ခံတဲ့မိန့်ခွန်းမှာ ဈေးဝယ်ထွက်ရင် မိသားစုထဲကနေ တစ်ဦးပဲ တာဝန်ယူ အပြင်ထွက်ဝယ်ခြမ်းဖို့ အကြံပြုတိုက်တွန်းထားတာပါ။

ပီရူးမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို လျှော့ချနိုင်ဖို့ လူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ကို ကျားမအလိုက် နေ့ရက်တွေသတ်မှတ်ခွဲခြားပြီး ထွက်ခွင့်ပြု ထားပါတယ်။

တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ အမျိုးသားတွေအပြင်ကို ထွက်နိုင်ပြီး ဒါပေမဲ့ ဒီလို ထွက်လာရင်လည်း မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက်သာဖြစ်ရမယ်လို့ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

အဲဒီလို ဘယ်သူမှ အပြင်ထွက်ခွင့်မရှိတဲ့အချိန် အမျိုးသမီးတွေကတော့ တနင်္ဂနွေတစ်ရက်ကလွဲလို့ တခြားရက်တွေမှာ အိမ်ထဲက အိမ်ပြင်ထွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ဟာ အနည်းဆုံး ဧပြီ ၁၂ ရက်အထိ ဖြစ်မယ်လို့ ဆိုပါတယ်။

ပနားမားမှာလည်း အလားတူ ကျားမ ခွဲခြားပြီး နေ့အလိုက် အပြင်ထွက်ဖို့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့သတင်းပတ်မှာ စတင်ခဲ့ပါတယ်။

ပီရူးကတော့ တောင်အမေရိကမှာ ပထမဆုံး ဒီလို အဝင်အထွက်ကန့်သတ်တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ပီရူးမှာ ကိုဗစ်၁၉ ကူးစက်သူပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ် သုတေသနက ဆိုပါတယ်။