ကိုဗစ်၁၉ လူနာ ရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ရာနဲ့ချီရှိ၊ Lockdown ကြောင့် ထိခိုက်သူတွေကို ဝန်ကြီးချုပ်မိုဒီတောင်းပန်၊ ဗိုင်းရပ်စ်ကြောင့် အမေရိကန် ၂ သိန်းလောက်အသက်ဆုံးနိုင် အပါအဝင် မတ် ၃၀ ရက်ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

(၁) မြန်မာမှာ ကိုဗစ်၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူရာနဲ့ချီရှိ၊ အသစ်ထပ်တွေ့သူ နှစ်ဦးနဲ့ ထိတွေ့သူတွေကို စုံစမ်း

မြန်မာမှာ ကိုဗစ် ၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူပေါင်း ၄၇၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မနေ့က ထပ်တွေ့တဲ့ လူနာ နှစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်ဆိုတာကြောင့် ထိတွေ့သူအရေအတွက်က ဒီထပ်ပိုတိုးလာဖွယ်ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့က ပြုလုပ်တဲ့ ကိုဗစ်၁၉ အစည်းအဝေးမှာ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၄၇၀ ကျော်ကို တွေ့ရှိထားတယ်လို့ ပြောကြားထားပါတယ်။

ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာစောင့်ကြည့်ရေးစင်တာတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေမှာ သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ခုထိ မြန်မာကိုဗစ်၁၉ လူနာ ၁၀ ဦးအနက် လူနာ နံပါတ် ၅ ကင်ဆာရောဂါသည်ကို အနီးကပ်ထိတွေ့ခဲ့တဲ့ လူနာ နံပါတ် ၁၀ ဟာ ပြည်တွင်းမှာ ကူးစက်သူဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက အတည်ပြုပါတယ်။ ဒါ့အပြင် လူနာနံပါတ် ၈ ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးဟာ ပြည်တွင်းကနေ ကူးစက်တာလား၊ သူ ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဆီကနေ ကူးစက်တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"ဧည့်လမ်းညွှန် ကေ့စ်ကတော့ နည်းနည်းရှုပ်ထွေးတာပေါ့။ ပြင်သစ်လေးဦးကိုလည်း ဆေးစစ်မှုတွေ ဆက်လုပ်မှာပါ။ ပြင်သစ်ကိုပြန်သွား တဲ့သူတွေကိုလည်း သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်နေပါတယ်။ မနေ့ညက ထုတ်ပြန်ထားတဲ့ လူနာနံပါတ် ၉ နဲ့ ၁၀ ကတော့ညကမှ ထုတ်တာဆိုတော့ ထိတွေ့ခဲ့တဲ့သူတွေကို စောင့်ကြည့်စစ်ဆေးတာတွေ ဆက်လုပ်မှာပါ" လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးအနက် ရှစ်ဦးဟာ ကျန်းမာရေးကောင်းမွန်ပြီး အသက် ၆၉ နှစ်အရွယ် ကင်ဆာရောဂါသည်နဲ့ အသက် ၅၈ နှစ်အရွယ် ဧည့်လမ်းညွှန်တို့ကို ဝေဘာဂီဆေးရုံကအထူးကြပ်မတ်ကုသခန်းမှာ ကုသပေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

(၂) ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင် လို့ အစိုးရ သတိပေး

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို နယ်စပ်ဂိတ်ကတစ်ဆင့် ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ မြန်မာလုပ်သားတွေထဲက တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် နိုင်ငံအတွင်း ကပ်ရောဂါကြီး ဖြစ်လာနိုင်တယ်လို့ အစိုးရက သတိပေးလိုက်ပါတယ်။

နယ်စပ်ကိုဖြတ်ပြီးပြန်လာတဲ့ မြန်မာလုပ်သား ၂၃,၀၀၀ ကျော်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ပေမယ့် ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားအရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုလို နယ်စပ်ကနေ ပြန်လာတဲ့ မြန်မာလုပ်သားတစ်ဦး ကိုဗစ် ၁၉ ကူးစက်ခံရတဲ့အတွက် လူထုကြားမှာလည်း စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးသူကတော့ လက်ရှိ ကျန်းမာရေးအခြေအနေကောင်းနေပြီး အစိုးရက ချမှတ်ထားတဲ့စည်းကမ်းအတိုင်းလိုက်နာနေထိုင်တဲ့အတွက် စိတ်မပူပါဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ရွာ ကနေရာချထားပေးတဲ့ အတိုင်း စာသင်ကျောင်းမှာနေပါတယ်။ ကျွန်တေ်ာတို့ စုစုပေါင်း လေးယောက်ပါ။ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး အတူတူပြန်လာပါတယ်။ အမျိုးသမီးက ကိုယ်ဝန်ဆောင်ပါ။ မကြာခင်မွေးတော့မှာပါ။ အခု အစိုးရက ထားတဲ့အတိုင်း ၁၄ ရက်ပြည့်အောင်နေမှာပါ။ ရွာကလည်း နေတဲ့နေရာကိုမီးတွေဘာတွေသွယ်ပေးတယ်။ ဆရာမကလည်း နေ့တိုင်း အဖျားလာတိုင်းတယ်။ သုံးပေအကွာ နေရမယ်လို့လည်းမှာထားတယ်။ ကျွန်တော်တို့ ကျန်းမာရေးကောင်းပါတယ်။ နှာစေးချောင်းဆိုးတာတောင်မဖြစ်ပါဘူး" လို့ မကွေးတိုင်း၊ မြို့သစ်က ရေကြည်ပင်ကျေးရွာကို မဲဆောက်ကနေ ပြန်ရောက်နေတဲ့ ကိုပြည့်ဖြိုးသူက ဘီဘီစီကိုပြောပါတယ်။

မြန်မာမှာ မတ်လ ၃၀ ရက်မနက်ထိ ဗိုင်းရပ်စ်ကူးစက်သူ ၁၀ ဦး၊ စောင့်ကြည့်နဲ့ သံသယလူနာ ၄၇၅ ဦးရှိထားပါတယ်။

() ဗြိတိန်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ခြောက်လလောက် ကြာနိုင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံနေရတဲ့ ဗြိတိန်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ခြောက်လလောက်ကြာနိုင်တယ်လို့ ဗြိတိန်ဆေးဘက်ဆိုင်ရာဒုတိယအကြီးအကဲ ဒေါက်တာ ဟားရစ်စ်က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ကိုဗစ်၁၉ ဆိုင်ရာနေ့စဉ်ရှင်းလင်းပွဲမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။

ဒါဟာ ဗြိတိန်ကိုနောက်ထပ် ၆ လလုံးလုံး ကန့်သတ်ပိတ်ပင်မှုတွေလုပ်မယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ဗြိတိန်လူထုအနေနဲ့ ထုတ်ပြန်ထားတဲ့စည်းကမ်းဆောင်ရွက်ချက်တွေကို တာဝန်ယူမှုရှိရှိ လုပ်ဆောင်ကြဖို့နဲ့ အဲဒီနောက်မှာ လူစုလူဝေးကိုရှောင်ဖို့ ကန့်သတ်ချက်တွေကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဗြိတိန်မှာကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၂၈ ဦးရှိသွားပါပြီ။

ဒီထဲမှာ အသက် ၅၅ နှစ်အရွယ် နားနှာခေါင်းလည်ချောင်းဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးလည်း ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးခဲ့ရပါတယ်။

ဒေါက်တာဟားရစ်စ်က အစိုးရအနေနဲ့ ဗိုင်းရပ်စ်ကြောင့်် ကန့်သတ်ပိတ်ပင်မှုတွေကို လာမယ့် သုံးပတ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်သုံးသပ်သွားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ပုံမှန်လူနေမှုဘဝကို ချက်ချင်း ပြန်သွားဖို့မသင့်ဘဲ အဲဒီလိုလုပ်ရပ်က အတော်လေးအန္တရာယ်များမယ်လို့ သူက လူထုကို သတိပေးပါတယ်။

တကယ်လို့ အစိုးရအားထုတ်ကြိုးပမ်းထားတာမှန်သမျှ ရပ်တန့်လိုက်မယ်ဆိုရင် လုပ်ထားသမျှ အလဟဿဖြစ်သွားမှာဖြစ်ပြီး ဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယလှိုင်းကို ကြုံရနိုင်တယ်လို့ ဒေါက်တာဟားရစ်က ဆက်ပြောပါတယ်။

()ကိုရိုနာကြောင့် အမေရိကန်မှာ လူ ၂ သိန်းလောက်အသက်ဆုံးနိုင်တယ်လို့ ဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီမနက်အထိ ကမ္ဘာတဝန်းကူးစက်သူပေါင်း ခုနစ်သိန်းကျော်(၇၂၁,၄၂၁) နဲ့ သေဆုံးသူ သုံးသောင်းကျော် (၃၃,၉၅၆) ရှိလာပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးမှာ လူစုလူဝေးရှောင်ကြဖို့၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ ကန့်သတ်မှုကို အနည်းဆုံး ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သွားမယ် လို့ သမ္မတထရမ့်ကပြောပါတယ်။

ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုဟာ နှစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်သွားနိုင်တယ်လို့လည်းမနေ့က ပြုလုပ်တဲ့ကိုဗစ်အရေးသတင်းစာရှင်းလင်းပွဲမှာ သူက သတိပေးပါတယ်။

အစောပိုင်းတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဗဟိုအဖွဲ့ က ကူးစက်ရောဂါအရေးကျွမ်းကျင်သူ ဒေါက်တာအန်တိုနီဖာစီက ဗိုင်းရပ်စ်ဟာ အမေရိကန်ပြည်သူနှစ်သိန်းကို အသက်ဆုံးစေနိုင်တယ်လို့ သတိပေးထားတာပါ။

အခုတော့ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၉,၀၀၀ ကျော်နဲ့ ကမ္ဘာ့နံပါတ်တစ် ဗိုင်းရစ်ပ်ဖြစ်ပွားမှုအများဆုံး ဖြစ်နေပြီး သေဆုံးသူ ၂,၄၃၆ ဦး ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ သုတေသနက ဆိုပါတယ်။

()အိန္ဒိယမှာ lockdown အမိန့်ကြောင့် ထိခိုက်ရသူတွေကို ဝန်ကြီးချုပ်တောင်းပန်

အိန္ဒိယမှာတော့ ဗိုင်းရပ်စ်ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံးကို lockdown ချရာမှာ သန်းပေါင်းများစွာသော ဆင်းရဲသားပြည်သူတွေကို ထိခိုက်နစ်နာမှုရှိ သွားစေတဲ့အတွက် ခွင့်လွှတ်ပေးဖို့ ဝန်ကြီးချုပ်နရင်ဒြာမိုဒီက ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ကန့်သတ်မှုကြောင့် နိုင်ငံသား ၁ ဒသမ ၃ ဘီလျံကျော်ဟာ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ထောင်နဲ့ချီနဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း သူတို့မွေးရပ်ဇာတိကို ပြန်ဖို့ ကီလိုမီတာထောင်နဲ့ချီ ကုန်းကြောင်းခရီးနှင်ခဲ့ရပါတယ်။

အခုလို ဖြစ်စေခဲ့ပြီး အိမ်ထဲမှာနေဖို့ ပိတ်ပင်ရတဲ့အပေါ် သူ့ကိုခွင့်လွှတ်ဖို့ ဝန်ကြီးချုပ်က ရေဒီယိုကနေ ပြောခဲ့တာပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ တခြားနည်းလမ်းလည်းမရှိဘူးလို့ သူ က ပြောပါတယ်။