ကိုရိုနာဗိုင်းရပ်စ်-၁၄ ရက်သည်းမခံနိုင်ရင် တစ်သက်လုံးခွဲရမယ့် အခြေအနေကြုံရမယ်လို့ ဝန်ကြီးပြော၊ မြို့ကြီးတွေကို Lockdown လုပ်မှာလား အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း လှုပ်ခတ်မှုအရှိဆုံးသတင်းတွေကတော့ မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တာနဲ့ ပြည်ပကပြန်လာသူတွေ ကိုဗစ်ရှိမရှိ သီးခြားစောင့်ကြည့်ရေး စင်တာတွေမှာ ထားရှိတဲ့အခါ နေရာမလုံလောက်တဲ့ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။

လေဆိပ်ကိုဖြတ်ပြီးပြန်တော်ပြန်လာသူတွေကို အစိုးရက နေရာစီစဉ်ပေးခဲ့ပေမယ့် နယ်စပ် ဝင်ပေါက်တွေက အလုံးအရင်းပြန်လာတဲ့ မြန်မာလုပ်သား တွေအတွက် မစီစဉ်ပေးနိုင်တဲ့အတွက် မိမိတို့နေထိုင်ရာ အိမ်ထဲက အိမ်ပြင် ၁၄ ရက်မထွက် နေစေဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်တော်ပြန်လာသူတွေထဲက ဗိုင်းရပ်စ် ကူးစက်သူတွေရှိခဲ့လို့ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ဝန်ကြီးတချို့ သီးသန့်ခွဲနေထိုင်ခဲ့ရပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့အဖွဲ့လည်း ပါဝင်ပါတယ်။

ရန်ကုန်ဆေးရုံကြီးက ဗိုင်းရပ်စ်လူနာနဲ့ ထိတွေ့ခဲ့တဲ့ဆရာဝန်သူနာပြုနဲ့ကျန်းမာရေးဝန်ထမ်းတွေလည်း ဝေဘာဂီမှာ သီးသန့်စောင့်ကြပ်ကြည့် ရှုခံနေရပါတယ်။

ပြည်တော်ပြန်တွေကို နေရာစချတဲ့အချိန်မှာပဲ နေရာမလုံလောက် တာ၊ ပစ္စည်းပစ္စယ မစုံလင်တာတွေကြုံခဲ့ရတဲ့အတွက် အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။

မနိုင်မနင်းဖြစ်လာတဲ့အခြေအနေကြောင့် ပိတ်ထားတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ နေရာလွတ်တွေကို စောင့်ကြည့်ရေး စင်တာ တွေအဖြစ် အလှူရှင်တွေက ပံ့ပိုးပေးခဲ့လို့ အသက်ရှူချောင်ခဲ့ပါတယ်။

အစိုးရထိန်းချုပ်မှုအောက်က စောင့်ကြည့်ရေးစင်တာတွေရဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ မှော်ဘီက ဆရာတော်ရှင်ဆေကိန္ဒ ကျောင်းတိုက်မှာ ကိုယ်တိုင်စောင့်ကြည့်ခံအဖြစ် ရောက်ရှိနေတဲ့ ဘီဘီစီမြန်မာပိုင်းရဲ့အကြီးတန်းသတင်းထောက် ကိုငြိမ်းချမ်းအေးက ခုလိုပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိကြောင်း ဆေးစစ်ချက်အဖြေ ရရှိပြီးဖြစ်ပေမယ့် ၁၄ ရက်ပြည့်အောင်နေထိုင်ရဖို့ရှိပြီး လတ်တလောမှာ မှော်ဘီက ဒီစောင့်ကြည့်ရေးစင်တာကို စောင့်ကြည့်ခံအဖြစ် ထပ်ရောက်လာတာမရှိသေးဘူးလို့ ကိုငြိမ်းချမ်းအေးက ပြောပါတယ်။

၁၄ ရက်ကို သည်းမခံနိုင်ရင် တစ်သက်လုံး ခွဲသွားရလိမ့်မယ်လို့ ဝန်ကြီးသတိပေး

မြန်မာမှာ မတ်လ ၂၈ ညနေပိုင်းထိ ဗိုင်းရပ်စ်တွေ့ သူ အများစုပြည်ပက ပြန်လာသူတွေဖြစ်နေ တာကြောင့် ပြည်တော်ပြန်သူတွေအပေါ် ဒေါသတကြီးတုံ့ပြန်တာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုတုံ့ပြန်တာတွေက ဗိုင်းရပ်စ် ကို ကာကွယ်ရာမှာ ပူးပေါင်းပါဝင်ဖို့ အားထုတ်မှုတွေကို တားဆီးရာရောက်လို့ အန္တရာယ်ရှိစေတယ်လို့် သတိပေးပြော ဆိုတာ တွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ နယ်စပ်က ပြန်လာသူတချို့ရဲ့ စည်းကမ်းလိုက်နာမှုအားနည်းချက်တွေ လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ တဲ့ နောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ရောဂါဖြစ်တဲ့ဒေသကနေ ပြန်လာသူတွေဟာ ၁၄ ရက်ကာလက အသွားအလာကန့်သတ်တာကို လူ့ကျင့် ဝတ်အရ မဖြစ်မနေလိုက်နာဖို့၊ မိသားစုနဲ့ ၁၄ ရက်လောက် ခွဲရတာကိ ုသည်းမခံနိုင်ရင် ရောဂါဖြစ်လာတဲ့အခါ တစ်သက်လုံးခွဲရမယ့်အဖြစ်မျိုးကြုံသွားရမယ်လို့ ဝန်ကြီးက သတိပေးပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်စေမယ့်ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသားလုပ်မယ်လို့ ဝန်ကြီးက မတ် ၂၇ ရက်က ပြုလုပ်တဲ့ ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူ တွေ ဟာ အာဏာပိုင်တွေဆီကို မဖြစ်မနေအကြောင်း ကြား သတင်းပို့ရမယ်လို့ ဝန်ကြီးက သတိပေးခဲ့ပါတယ်။

ရန်ကုန်ကို Lockdown လုပ်သင့်လား

ဒီကြားထဲမှာ အစိုးရရဲ့ ဗိုင်းရပ်စ်ကာကွယ်ဖို့ ပိတ်ဆို့ကန့်သတ်မှုတွေက လုံလောက်မှုမရှိဘဲ ဒီထက် ခပ်ပြင်းပြင်း ကိုင်တွယ်ဖို့ တွန်းအားပေးတာတွေ လည်းရှိပါတယ်။ အိန္ဒိယကလို အပြင်ထွက်သူတွေကို ကြိမ်နဲ့ ရိုက်မှာလား။ ဥရောပနိုင်ငံတွေကို အပြင်ထွက်သူ တွေကို ဒဏ်ငွေတွေများများ ရိုက်စေ မှာလား။

မြန်မာနိုင်ငံအခြေအနေနဲ့ မြို့ကြီးတွေကို အဝင်အထွက်ပိတ်ပစ်ဖို့ Lockdown လုပ်ဖို့လွယ်ကူနိုင်မလားဆိုတဲ့အပေါ် ပြင်သစ် မြို့ပြစီမံခန့်ခွဲ ရေးမဟာဘွဲ့ရယူခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်က အခုလိုပြောပါတယ်။

"ရန်ကုန်ဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ရှိတယ်။ မြို့ပြင်ဧရိယာပါ ထည့်တွက်ရင် ငါးသန်းခွဲနဲ့ ၇ သန်းခွဲကြားရှိတယ်။ လူဦးရေ ကူးစက်နိုင်တာလည်းအရမ်းများတယ်။ ကျွန်တော်တို့မြန်မာတွေက လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့မရှိဘူး။ ပါးနမ်းတဲ့ဓလေ့မရှိဘူး။ ဒီတော့ ကူးစက်နိုင်တာ နည်းတယ်ပေါ့။ သို့သော်လည်း Physical contact (လူလူချင်းထိတွေ့မှု) ရှိမှမဟုတ်ဘဲ နှစ်မီတာခြောက်ပေအတွင်း နီးကပ်နေတဲ့အခါ နှာချေတာ၊ ချောင်းဆိုးတာပဲဖြစ်ဖြစ် လေထဲက ကူးနိုင်တယ်ဆိုတာကြောင့် ဘတ်စ်ကားစီးရင်းနဲ့တောင် ကူးနိုင်တယ်။ ဒါကြောင့် lockdown က လုပ်သင့်တယ်။ ဒါပေမဲ့ စီးပွားရေးအရ ထိခိုက်နိုင်တာတွေရှိတယ်။ ဒါတွေကို ဘယ်လိုကုစားမလဲ။ ဥပမာ စီးပွားရေးအသေးလေးတွေ လဘက်ရည်ဆိုင်တို့၊ စားသောက် ဆိုင် တို့လို ဆိုင်လေးတွေ ဆက်ရပ်တည်ဖို့။ စီးပွားရေးအရ ရှင်သန်ဖို့ကလည်း လိုသေးတာလေ။ နောက်အခု ဒီရက်ပိုင်းက လကုန်ရက်။ လကုန်ရက်ဆို တော့ ဝန်ထမ်းတွေ လစာထုတ်တာတွေဘာတွေရှိမယ်။ ကိုယ့်ဝန်ထမ်းတွေအတွက် လစာကို လူထူထပ်တဲ့ ဘဏ်တွေသွားစရာမလိုဘဲ ဘယ်လိုထုတ်ပေး လို့ရမလဲ ဒါတွေစဉ်းစားသင့်တာပေါ့" လို့ ကိုအောင်ခန့်က ပြောပါတယ်။

ဒါ့အပြင် အရေးကြီးတဲ့နောက်တစ်ခုက ဈေးတွေအတွင်း ဈေးဝယ်သူတွေအချင်းချင်း နှစ်မီတာ အကွာအဝေးရှိကြဖို့ စည်ပင်တာဝန်ရှိသူတွေက စည်းတားပေးတာမျိုးတွေ၊ အမှတ်အသားလုပ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပြီး ဒါဟာ ဘာမှခက်ခဲတဲ့ကိစ္စလည်းမဟုတ်ဘူးလို့ သူက အကြံပြုပါတယ်။

ဒါက ဈေးဝယ်သူတွေအနေနဲ့သာမက ဈေးရောင်းသူတွေအတွက်လည်း ထိရောက်မှုရှိနိုင်တယ်လို့ ကိုအောင်ခန့်က ဆိုပါတယ်။

မန္တလေးမှာ ဈေးပေါင်း ၄၀ ကျော်မှာ စားသောက်ကုန်နဲ့ ဆေးဝါးဆိုင်ကလွဲလို့ အားလုံးပိတ်ထားဖို့ မတ်လ ၂၈ ရက်က ညွှန်ကြားခဲ့ပါတယ်။ နောက်ထပ်ပြီး ဒီဆိုင်တွေကိုပါပိတ်ဖို့ဖြစ်လာရင် အာဏာပိုင်တွေနဲ့ စားသောက်ကုန်အသင်းတွေက ရပ်ကွက်တွေထဲအထိ လိုက်လံရောင်းချပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မန္တလေးက ဈေးတွေပိတ်လိုက်တဲ့အပေါ် တစ်စိတ်တစ်ပိုင်းပိတ်ဆို့ကန့်သတ်မှု (Partial lockdown) လို့ပြောလာကြပြီး ရန်ကုန်လည်း လုပ်သင့်တယ်လို့ ပြောလာကြပါတယ်။

ကျော်ကြားသူတွေလည်း ဗိုင်းရပ်စ် ကာကွယ်ရေးပညာပေးမှာ ဝင်ကူ

ကိုဗစ်၁၉ အတည်ပြုလူနာ မြန်မာမှာစတွေ့ပြီး မကြာခင်မှာပဲ နာမည်ကျော်အနုပညာရှင်တွေ ၊ social Influencer တွေလည်း သူတို့ရဲ့ ကျော်ကြားမှုကို အသုံးချပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးပညာပေးတွေ လုပ်လာခဲ့ကြပါတယ်။

အလှအ ပရေးရာဆရာဝန် ဒေါက်တာလော်ရာရဲ့ ကိုဗစ်ပညာပေး အကဗီဒီယိုဖိုင်လေးက လူထုကြား အတော်လေးရေပန်း စား ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရုပ်ရှင်မင်းသားမင်းသမီးနဲ့ လူမှုကွန်ရက်က ကျော် ကြားသူတွေလည်း ကိုဗစ်ကာကွယ်ရေးပညာပေးတွေ လုပ်ပေးလာကြပါတယ်။ အဲဒီထဲမှာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်၊ ဖွေးဖွေးတို့လိုလည်း ပါဝင်ပါတယ်။

လက်ကိုဘယ်လိုဆေးမယ်၊ တံခါးလက်ကိုင် ဓာတ်လှေကားခလုတ် စတဲ့ အများသုံးနေရာတွေက အရာဝတ္ထုတွေကို ပိုးမကူးစက်အောင် ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဓာတ်ပုံတွေဗီဒီယိုတွေနဲ့ ပညာပေးခဲ့ကြတာပါ။

သူတို့လို လူထုကို အတိုင်းအတာတစ်ခုထိ သြဇာလွှမ်းမိုးနိုင်သူတွေရဲ့ ဆောင်ရန်ရှောင်ရန် အသိပေးမှုတွေက ထိရောက်မှုအတိုင်းအတာလည်း အနည်းနဲ့အများ ရှိတတ်တာကြောင့် ခုလို လုပ်ပေးတာဖြစ်တယ်လို့ဆိုကြပါတယ်။